NEWS

ETERNAL FASHION CO.LTD အထည်ချုပ် သီတင်းကျွတ် ပိတ်ရက် အတွက် ညနက် ၁၂ နာရီအထိ အချိန်ပို လုပ်ခိုင်း ကန်တော့ဖို့ ဆိုပြီး အလုပ်သမားတဦး ကျပ် နှစ်သောင်းအထိ ဖြတ်ယူ

CoverLogo
714 Views
ညီမတို့က ETERNAL FASHION CO.LTD အထည်ချုပ် စက်ရုံက အလုပ်သမားတွေပါ။
 
စက်ရုံက သီတင်းကျွတ်ပိတ်ရက် အတွက်ဆိုပြီး ည ၁၂ နာရီအထိကို ဒီကနေ့ (အောက်တိုဘာ ၇) ရက်ကနေ ၁၆ ရက်အထိ ဆင်းခိုင်းပါတယ်။ အဲဒီအချိန်ပို မဆင်းဘူးဆိုရင် စက်ရုံ ပိတ်မပေးဘူးလို့ ပြောပါတယ်။
 
အဲလို ညနက် ၁၂ နာရီအထိကို အချိန်ပို တရက်ခြားဆီ ဆင်းခဲ့ရတာလည်း ၅ လရှိနေပါပြီး။ ဒီထက်မကပါဘူး၊ နေ့တိုင်း ညနက် ၁၂ နာရီ အထိ ဆင်းပေးရတာက တလ နီးပါးရှိနေပါပြီ။ ဒီလ ၄ ရက် (အောက်တိုဘာ ၄ ရက်) အထိ ဆင်းထားရပါတယ်။
 
အချိန်ပို ဆင်းရပြန်ရင်လည်း ည ၈ နာရီခွဲ ညစာ စားရပါတယ်။ အဲ့အချိန်ပဲ နားချိန် ရတာပါ။ နေ့လယ်စာ စားပြီးကတည်းကနေ နားချိန် မရှိဘဲ လုပ်ပေးရပါတယ်။
 
ပုံမှန်ဆိုရင်တောင် တနင်္လာနေ့ကနေ သောကြာအထိ မနက် ၈ နာရီခွဲကနေ ည ၈ နာရီ ၁၀ မိနစ်အထိ အလုပ်သမားတွေက လုပ်ပေးရပါတယ်။ နေ့လယ်စား စားတဲ့ အချိန်ကလွဲလို့ နားချိန်လုံးဝမရဘဲ တဆက်တည်း လုပ်ပေးရတာပါ။
 
တနင်္ဂနွေပိတ်ရက်ကလည်း တလမှ တကြိမ်တည်း ရပါတယ်။ ဒါလည်း ၅ လ ရှိနေပါပြီ ။ အဲလို မဆင်းရတာဆိုလို့ ၂ ပတ်ပဲ ရှိပါသေးတယ်။ ဒါတောင်လာ စစ်တဲ့သူ ရှိ့လို့ ခဏ ပိတ်ပေးတာလို့ ပြောပါတယ်။
 
တနင်္ဂနွေနေ့တိုင်းလည်း ညနေ ၅ နာရီ ၁၀ မိနစ်မှာ အလုပ်ဆင်းပါတယ်။ စနေနေ့တွေဆိုလည်း ည ၆ နာရီ ၁၀ မိနစ်မှ အလုပ်ဆင်းပေးတာပါ။
 
ညနက်ကို နေတိုင်းလို လိုဆင်းရပြီးတော့ နားရက်မရှိလုပ်ရတာက ကျန်းမာရေးတွေ ထိခိုက်ရပါတယ်။ စူပါတွေ ကလည်း မလုပ်နိုင်ရင် ထွက်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ညီမတို့ ပြောတာမယုံရင် ညဘက် ဝင်စစ်ကြည့်လို့ ရပါတယ်။ မြို့နယ် အလုပ်သမားရုံးက ၃ ရက်နေ့ (အောက်တိုဘာ ၃ ရက်)က လာစစ်ပါတယ်။
 
အဲဒီ လာစစ်တာကလည်း HR ရုံးခန်းမှာပါ။ အစစ်ခံရတဲ့ အလုပ်သမားတွေက စက်ရုံဘက်က သင်ပေးတိုင်းပဲ ဖြေရ ပါတယ်။ HR တွေက သင်ပေးတာပါ။ အမှန်တိုင်းလည်း ပြောလို့မရပါဘူး။ စက်လိုင်းတွေထဲလည်း ဝင်းမေးတာမျိုး လာစစ်တာမျိုးလည်း မရှိကြပါဘူး။
 
အလုပ်သမားရုံးက လူတွေ လာစစ်တာတောင် သိပ်မကြာသေးပါဘူး။ သူတို့လည်း စက်ရုံကို သတိပေးတာ မရှိတာလား မသိဘူး။ ဒါမှမဟုတ် မပြောရဲတာလား မသိဘူး။ အခုပဲ ညနက် အိုတီကို ရက်ဆက်ဆင်းရဦးမယ်။
 
စက်ရုံထဲက သောက်ရေတွေက မသန့်ရှင်းလို့ ဝမ်းတွေခဏခဏ ပျက်ကြပါတယ်။ အလုပ်သမားတွေက ပိုက်လိုင်း ကလာတဲ့ ရေဘဲ သောက်ရတာပါ။
 
ရေသန့်ဗူးကို ရုံးပိုင်းဆိုင်ရာသူတွေပဲ သောက်ခွင့်ရပါတယ်။ ညီမတို့ အလုပ်သမားတွေက ရေသန့်ဗူးကရေကို မသောက်ရပါဘူး။
အချိန်ပို မဆင်းဘူးဆိုရင် အပြောခံရတယ်၊ အငြိုးထားတယ် ။ တနင်္ဂနွေ မဆင်းသူတွေ၊ ခိုင်းလို့ မရတဲ့သူတွေဆို နောက်စတိုင်တွေကို ပွိုင့်ကြီး မပေးပါဘူး။ ဒါကြောင့် အချိန်ပိုတွေ ဆန္ဒမရှိဘဲ ဆင်းပေးနေရတာပါ။
 
အခုဆိုရင် သီတင်းကျွတ်အတွက် ဆရာတွေ၊ မန်နေဂျာတွေ၊ ကန်တော့မလို့ဆိုပြီး ပိုက်ဆံတွေ ဖြတ်ပြန်တယ်။ အလုပ်သမားတယောက်ကို တသောင်းခွဲကနေ နှစ်သောင်းအထိ ဖြတ်ယူပါတယ်။
 
မန်နေဂျာက ဖြတ်ခိုင်းတာပါ။ အောစူပါက လိုက်ကောက်ပါတယ်။ ၅ ရက်နေ့(အောက်တိုဘာ ၅ရက်)က လစာထုတ် ပြီးတာနဲ့ အတင်း လိုက်ကောက်တာပါ။ တသောင်း ၊ နှစ်သောင်းဆိုတာ အလုပ်သမားတွေအတွက် အတော်များများတဲ့ ပိုက်ဆံပါ။ အဲ့လောက်များတော့ မကြည်ဖြူ မပေးချင်တဲ့သူ များပါတယ်။
 
စက်လိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ မန်နေဂျာ ဒေါ်....ဆို အလုပ်သမားတွေကို မကြားဝံမနာသာ ဆဲပါတယ်။ ဆဲတဲ့အပြင် အလုပ်သမားတွေဆီက ငွေကြေး ဖြတ်တာတွေ တောင်းတာတွေကို လုပ်ပါတယ်။
 
မြိုနယ် အလုပ်သမားရုံးတွေကို စက်ရုံအလုပ်သမားတွေက မကြာခဏခဏ တိုင်နေတာပါ။ အလုပ်သမားတွေ အတွက် စက်ရုံဘက်က ဘာမှ ပြောင်းလဲပေးတာမရှိပါဘူး ။ စက်ရုံမှာ WCC အဖွဲ့လည်း ရှိပါတယ်။ အလုပ်သမားတွေအတွက် ဘာမှ လုပ်ပေးတာမျိုး မရှိပါဘူး။
 
#အချက်အလက် - ETERNAL FASHION CO.LTD အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (မြို့နယ်အလုပ်သမားရုံး အနောက်ဖက်) မှာ ရှိပါတယ်။ စက်ရုံက သုံးထပ် အဆောင်အအုံဖြစ်ပြီး လုပ်သား ၁၀၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပိုင်ရှင်ဖြစ်သူက တရုတ်နိုင်ငံသား ဖြစ်ပြီး စက်ရုံကတော့ balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini စတဲ့ တံဆိပ်တွေ ချုပ်နေတယ်လို့ သိရပါတယ်။
 
စက်ရုံဘက်က အလုပ်သမားခေါ်ယူမှုတွေကို TikTot လူမှုကွန်ရက်ကို အသုံးပြုနေပြီး၊ အဲဒီမှာတော့ လုပ်ခလစာ အများအပြားရရှိတဲ့ ဗွီဒီယိုဖိုင်တွေ တင်ထားပါတယ်။ ဒါပေမဲ့ အလုပ်အချိန်နဲ့ အချိန်ပို ဘယ်လောက်အထိ လုပ်ကိုင်ရတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026