NEWS

ETERNAL FASHION အထည်ချုပ် အလုပ်သမားအခွင့်အရေးများချိုးဖောက်ပြီး တာဝန်ယူမှုမရှိဘဲ လုပ်ကိုင်နေ

CoverLogo
181 Views

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာဗဟိုရ်လမ်း မြေတိုင်းအမှတ် ( -) မှာ ဖွင့်လှစ်ထားတဲ့ ETERNAL FASHION CO,LTD အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကျူးလွန်နေပြီး တာဝန်ယူမှုမရှိဘဲ လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး  လုပ်ငန်းခွင်အတွင်း အလုပ်သမား ရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားအတွက် ဖွဲ့စည်းရတဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။ 

လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားပေမယ့် အလုပ်ရှင်ဘက်က တဖက်သတ်ရွေးချယ်ထားတဲ့ သူတွေနဲ့သာဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA,mini စတဲ့အမှတ်တံဆိပ်ဂျပန်အော်ဒါ တွေချုပ်တာလို့ သိရပါတယ်။

စက်ရုံဟာ အထပ် ၃ ထပ် ရှိပြီး တစ်ထပ်လျှင် လုပ်သား ၄၀၀၀ နီးပါးရှိပြီး လုပ်သား ၁၀၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ ပြောပါတယ်။

အလုပ်သမားအားလုံးဟာ အလုပ်ဝင်ချိန် ၊ ပြန်လွှတ်ချိန်မတူဘဲ တရုံလုံးက အလုပ်သမားတွေအားလုံး နေ့စဉ်အိုတီ ၃ နာရီ လုပ်ကိုင်ရတယ်လို့ သိရပါတယ်။

လစာပေးချေမှု အနေနဲ့ ဒေးကြေး၊ ထောက်ပံ့ကြေး၊ ကျွမ်းကျင်ကြေး၊ တစ်ကဒ်ကြေး၊ ရက်မှန်ကြေး စတာတွေ သတ်မှတ်ပေးထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် တနင်္လာနေ့ အလုပ်လာချိန် လှိုင်သာယာ ရိုးကြီးမှတ်တိုင်အထွက်တွင် စက်ရုံဖယ်ရီကားနှင့် အခြားကား တိုက်မှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါ အလုပ်သမား ၄၅ ဦး ပါပြီး ကားခေါင်းကြေမွသွားကာ ကားမောင်းသူဟာ အရေးပေါ်ဆေးရုံပို့ဆောင်လိုက်ရပြီး အလုပ်သမားတွေထဲမှာ ဗိုက်ခွဲရသူ တစ်ဦး ၊ လက်ကျိုး တစ်ဦး ၊ ပါးရိုးနှင့် မျက်နှာ ပျက်ရှ သူ၊ ထိခိုက်ပွန်းပဲ့သူတွေရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ မိုးလင်းထိ အချိန်ပိုဆင်းရပြီး မနက် ၅ နာရီမှာ ကြိုပို့ကားနဲ့ လိုက်လံပို့ဆောင်ပေးရာ အလုပ်သမားတစ်ဦး နေအိမ်ဘက်ပြန်ရန် ကားလမ်းဖြတ်ကူးရာ တက်စီကားတိုက်ခံရပြီး ဦးခေါင်းနောက်စေ့ အတွင်းကြေဒဏ်ရာနဲ့ ဆေးရုံတက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

"ပြောချင်တာကတော့ အချိန်ပိုမတရားခိုင်းစေတာတွေကြောင့် အလုပ်သမားတွေ အသက်ဆုံးရှုံးတဲ့အထိ ထိခိုက်နေတာ ခဏခဏ ပါပဲ အလုပ်ရှင်ဘက်က ပထမကားတိုက်တုန်းက ပါတဲ့အလုပ်သမားတွေနဲ့ အချိန်ပိုဆင်းခိုင်းတဲ့အချိန်ပြန်ရင်းကားတိုက်ခံရတဲ့အလုပ်သမားကို အင်းစိန်ဆေးရုံမှာ စောင့်ကြည့်ပေးပါတယ်။ ဒါပေမယ့် ကားတိုက်ခံရတုန်းက ကားထဲမှာ ထိခိုက်သွားတဲ့ အတွင်းလူနာမဟုတ်တဲ့အလုပ်သမားတွေ ကို ဆေးဖိုးကုန်ကျတာတွေ ထိတ်လန့်ပြီး အလုပ်မလာနိုင်တဲ့လူတွေ ကို ခွင့်မဲ့ပေးမယ်၊ ခွင့်တော့မပေးနိုင်ဘူးလို့ ပြောတာပါ  အဓိကပြောချင်တာကတော့ လုပ်ငန်းခွင်ထဲမှာ သတ်မှတ်ထားတဲ့ အထည်စံချိန်တွေကို ပြည့်မီအောင်ပေးရတဲ့အပြင် အချိန်ပိုတွေ အလွန်အကျွံခေါ် မနက် မှ ပြန်ရ၊ အိပ်ချိန်တောင်မရဘဲ အလုပ်မီအောင်ပြန်လာရ ၊ တနင်္ဂနွေ ပိတ်ရက်မနားရ တော့ အလုပ်သမားတွေက ထိခိုက်မှုတွေ အရမ်းများလာတာပါ ။ အချိန်ပိုတွေ အလွန်အကျွံဆင်းရလို့ သတင်းတွေတက်တော့လည်း သက်ဆိုင်ရာက သေချာစစ်ဆေးအရေးယူတာမရှိပါဘူး အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံဆင်းရတဲ့ နောက််ဆက်တွဲဆိုးကျိုးတွေက မြင်တဲ့အတိုင်းပါပဲ"လို့ အဆိုပါ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလ စက်ရုံလူကြီးတွေကို ကန်တော့ရန်ဟုဆိုကာ အလုပ်သမား တဦးလျှင် ၂၅၀၀၀ ကျပ် ကောက်ခံခဲ့ရာ ထိုကိစ္စက အလုပ်ရှင်ဘက်မှ သိရှိပြီး ပြဿနာဖြစ်ချိန်တွင် အဆိုပါ ငွေကြေးအား အလုပ်သမားတွေကို ပြန်ပေးခိုင်းထားပေမယ့် အလုပ်သမားတစ်ဦးလျှင် ၁၅၀၀ ကျပ်သာပြန်လည်ရရှိသေးတယ်လို့ ပြောပါတယ်။

"ငွေကြေးကောက်တဲ့ကိစ္စကတော့ ရုံ (1) (၂) လွှာဌာနမှ HR က အဲ့ပိုက်ဆံတွေနဲ့ ရွှေတွေဝယ်ထားတဲ့အတွက်ပြန်ရောင်းပြီးပေးမယ်လို့ ပြောပါတယ် အခုထိတော့ မပေးသေးဘူး အစည်းအဝေးခေါ်ပြီးတော့ ရွှေတွေပြန်ရောင်းပေးမယ်ပြောတာပါ အလုပ်သမားတွေက အထက်လူကိုပြန်ပြောရင်ပြောတဲ့လူအလုပ်ထုတ်ခံရမယ်လို့ ပြောလို့ အကူအညီတောင်းတာပါ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

စက်ရုံတွင် သီတင်းကျွတ်ပိတ်ရက် နေရပ်မပြန်သောအလုပ်သမားတွေကို သီတင်းကျွတ်ပိတ်ရက်တွင် အလုပ်ဆင်းပါက အချိန်ပိုကြေး ၁၅၀၀၀ ကျပ်နှင့်မုန့်ဖိုး ၁၀၀၀၀ ကျပ်ပေးမယ်လို့ အစည်းအဝေးမှာပြောဆိုခဲ့ပြီး အောက်တိုဘာ ၁၅၊ ၁၆၊ ၁၈၊ ၁၉ အချိန်ပိုဆင်းတဲ့အလုပ်သမားတွေကို အချိန်ပိုကြေး ၁၅၀၀၀ ကျပ်သာပေးပြီး မုန့်ဖိုး ၁၀၀၀၀ ကျပ်မပေးဘဲ ခေါင်းပုံဖြတ်ထားတယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း ယခင်ပေးထားသည့်နည်းပညာဆုကြေးခေါ် တစ်ကတ်ကြေးကို အစားစားပေးထားပေမယ့်  ၂၀၂၄ အောက်တိုဘာလမှ စတင်ပြီး မပေးတော့ဘဲ စံချိန်ပြည့်မီအောင်ချုပ်နိုင်ပြီး ကျော်မှသာ ပေးသင့်သလောက်ပေးမယ်လို့ အသိပေးလာတယ်လို့ လည်း သိရပါတယ်။

"ခုဖြစ်နေတာတွေတင်မကသေးပါဘူး အလုပ်သမားအသစ်တွေအင်တာဗျူးခေါ်ပြီး ခန့်တယ် သူတို့မကြိုက်တဲ့အလုပ်သမားများတဲ့လိုင်းတွေဆိုရင် လိုင်းဖြတ်တယ် အောစူပါကြိုက်တဲ့သူတွေကို တစ်လိုင်းခွဲပေးမယ် မကြိုက်တဲ့အလုပ်သမားတွေအခြားလိုင်းထဲပို့ပစ်တယ် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထွက်အောင်ဖိအားပေးတယ် လူသစ်တွေကျခေါ်နေပြီး လူဟောင်းတွေကျတော့ အကြောင်းအမျိုးမျိုးပြပြီးအလုပ်ထုတ်နေတယ် လူလျှော့လိုက် လူခေါ်လိုက်လုပ်နေတာ"လို့ လက်ရှိ လုပ်ငန်းခွင်အခြေအနေတွေကို  အလုပ်သမားကပြောပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အချိန်ပိုအလွန်အကျွံဆင်းရခြင်းကြောင့် လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်မှုတွေရှိပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။ 

လုပ်အားခခေါင်းပုံဖြတ်တာ ထိခိုက်တဲ့အလုပ်သမားတွေကိုလည်း တာဝန်ယူပေးတာမရှိဘဲ လျစ်လျူရှု့နေတာကြောင့်  အခက်အခဲတွေကြုံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုလာပါတယ်။

အလုပ်သမားများမှ တောင်းဆိုချက်တွေကတော့ 
၁။ ကားတိုက်မှုထဲတွင်ပါသည့် အလုပ်သမားများ၏ ကျန်းမာရေးကုန်ကျစရိတ်များကို ပြန်လည်တွက်ချက် ထုတ်ပေးရန်။ 
၂။ ကားတိုက်မှုကြောင့် အလုပ်နားကြသည့်အလုပ်သမားများကို လုပ်ခလစာအပြည့်ဖြင့် နားခွင့်ပေးရန်။
၃။ အချိန်ပိုများကို အော်လင်း၊ အောနိုက်မခေါ်ရန်။ တနင်္ဂနွေပိတ်ရက်များ အလုပ်ပိတ်ပေးရန်။
၄။ သီတင်းကျွတ်ကန့်တော့ရန်ကောက်ခံထားသည့် ပိုက်ဆံပြန်ပေးရန်။
၅။ သီတင်းကျွတ်ပိတ်ရက်အလုပ်ဆင်းသူများကို မုန့်ဖို့တစ်သောင်းပေးမည်ဟု ပြောထားသည့်အတွက် ပြန်လည်တွက်ချက်ပေးရန်။
၆။ နည်းပညာဆုကြေးခေါ် ကျွမ်းကျင်ကြေးကို ယခင်ကပေးထားသည့်အတိုင်းပေးရန်။
၇။ စက်လိုင်းများကို ခဏခဏဖြတ်သိမ်းခြင်း၊ အလုပ်သမားဟောင်များထုတ်၍ လူသစ်ထုတ်ခြင်းများ မပြုလုပ်ရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ ပြောထားပါတယ်။

 


Related posts

Cover
နာမည်ကြီးအမှတ်တံဆိပ် ချုပ်သည့်စက်ရုံက အချိန်ပိုမဆင်းတဲ့အလုပ်သမားအလုပ်ထုတ်ခံရ
Nov 12, 2024
Cover
EC စာချုပ်ပါအချက်များ ချိုးဖောက်မှု အလုပ်ရှင်များတဖက်သတ် လုပ်ဆောင်လာ
Nov 12, 2024
Cover
အချိန်ပိုကြေး တိုးမြှင့်ပေးဖို့ အလုပ်သမား ၃၀၀၀ နီးပါး ဆန္ဒဖော်ထုတ်
Nov 12, 2024
Cover
Mai Yi Bei (Yangon)Garment Manufacturing Co, Ltd တွင် အချိန်ပိုနာရီတစ်ချို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေသလို အချိန်ပိုကြေးကို ကျပ် (၁၄၀၀) နဲ့သာ တွက်ချက်ပေးချေနေ
Nov 11, 2024
Cover
စစ်အုပ်စုက ILO ကို ပြန်လည်ချေပနိုင်ရေး ဟန်ပြလုပ်ဆောင်ချက်တွေသာ ပြုလုပ်နေ
Nov 11, 2024
Cover
Myanmar GiGi Leather စက်ရုံ အလုပ်သမားများအား ခွဲခြားဆက်ဆံ
Nov 10, 2024