NEWS

Cherry Apparel (Myanmar) အထည်ချုပ် စက်ရုံ ဥပဒေကျော်လွန်ပြီး ၆ နာရီဆက် လုပ်ကိုင်ခိုင်း

CoverLogo
921 Views

Cherry Apparel (Myanmar) အထည်ချုပ် စက်ရုံက နားချိန်မပေးဘဲ အလုပ်ချိန် ၆ နာရီဆက်တိုက် ခိုင်းစေ နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ နေ့လယ် ထမင်းစားအပြီး ၁၂ နာရီခွဲကနေ အလုပ်ဆင်းချိန် ည ၆ နာရီခွဲအထိ နားချိန် လုံးဝမရဘဲ ဆက်တိုက် လုပ်ကိုင်ခိုင်းနေတာလို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။

“နေ့လယ် ထမင်းစားချိန် အပြီး ၁၂ ခွဲကနေ အချိန်ပို ပြီးတဲ့ ညနေ ခြောက်နာရီခွဲအထိ လုံးဝ အနားမပေးဘဲ ဆက်တိုက် လုပ်ရတာ ၅ လ လောက်ရှိနေပြီ “ လို့ ပြောပါတယ်။

Cherry Apparel (Myanmar) အထည်ချုပ် စက်ရုံရဲ့ သာမန်အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချိန်ပို နေ့စဉ် ၂ နာရီလုပ်ကိုင်ရတာကြောင့် ညပိုင်း  ၆ နာရီခွဲမှ ပုံမှန် အလုပ်ဆင်းတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

“စနေနေ့မှာတော့ ညနေ ၄ ခွဲဆို ဆင်းပါတယ်။ အလုပ်သမားတွေ အဆင်မပြေတာက နေ့လယ် ၁၂ ခွဲကနေ ည ၆ ခွဲအထိ အနားမရဘဲ ဆက်တိုက်လုပ်ရတာပဲ ။ တခြားစက်ရုံတွေဆို နာရီဝတ် အနားပေးတယ်။ ၆ နာရီ ဆက်တိုက် လုပ်ရပြီး အမျိုးသမီးတွေလည်း ဖြစ်တော့ ကိုက်တာခဲတာ ဖျားတာနာတွေ ဖြစ်ကြတယ်။ ခဏတဖြုတ် အနားပေး စေချင်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေ ပုဒ်မ ၆၃ မှာ အလုပ်သမားတွေကို  ငါးနာရီ ထက်ပိုပြီး တဆက်တည်း အလုပ် မလုပ်စေရလို့ ပြဌာန်းထားပါတယ်။  နေ့စဉ် နားချိန်မရပဲ ဆက်တိုက် လုပ်ကိုင်ရလို့ ဖျားနာမှုတွေရှိပေမဲ့လည်း ဆေးရုံ ဆေးခန်း သွားဖို့ဆိုတာလည်း အခက်အခဲတွေ ရှိနေတယ်လို့ Cherry Apparel (Myanmar) အလုပ်သမားတွေက တညီတညွတ်တည်း ပြောဆိုပါတယ်။

“ဆေးခန်းမသွားနိုင်ပါဘူး။ ဆေးခန်းက တခါပြ တစ်သောင်းခွဲလောက် ကုန်တယ်။ သွားခလာခကလည်း အသွားအပြန်ဆို ဆိုက္ကားတောင် သုံးထောင်လောက်ဆိုတော့ မသွားဖြစ်ကြဘူး ။ အချိန်ပို နှစ်နာရီ လုပ်မှ နှစ်ထောင့်ရှစ်ရာပဲ ရတာ “ လို့ အလုပ်သမားတွေက ပြောပါတယ်။  

အလုပ်ရုံများ အက် ဥပဒေ ပုဒ်မ ၆၃ မှာ အလုပ်ချိန်ကာလအပိုင်းခြားမှာ အနည်းဆုံး နာရီဝက် အနားပေးရမယ်လို့ ဖော်ပြထားပေမဲ့  Cherry Apparel (Myanmar) စက်ရုံရဲ့ နေ့လယ်စာနားချိန် နာရီဝတ်ဟာ အပြည့်အဝမရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

“ထမင်းစားချိန်က ၁၂ နာရီကနေ ၁၂ ခွဲအထိ။ ဒီ နားချိန်ကိုတောင် စက်ရုံဘက် မပေးချင်ဘူး။ ထမင်းစားလို့ ၁၅ မိနစ်လောက်ဆိုရင် လုံခြုံရေးအမျိုးသမီးရယ်၊ သန့်ရှင်းရေးဝန်ထမ်းတွေက မြန်မြန်စား၊ လုပ်ငန်းခွင်ထဲ ဝင်တော့ ဆိုပြီး အော်ပြီး မောင်းထုတ်တာပဲ။ HR ဝန်ထမ်းတွေ၊ စက်ရုံမန်နေဂျာတွေ ရှိနေရင် သူတို့ ပိုဆိုးတယ်။ ပို အော် တယ် ။ အမှန်တော့ HR တွေ မန်နေဂျာတွေက အော်ခိုင်းထားတာပါ ။ အဲလိုတွေ ဆိုတော့ အလုပ်သမားတွေကို နားချိန်ပြည့်မရဘဲ အလုပ်ထဲ ပြန်ဝင်ကြရတယ်။ တကယ်ဆို တနေ့ ၁၀ နာရီလောက် ရက်ဆက် လုပ်နေရတာ ဆိုတော့ ပင်းပန်းနေတာ။ နားချိန် နာရီဝက်လေးကို အေးအေးလူလူ ပြည့်ပြည့်ဝဝလေး နားချင်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ရုံများ အက်ဥပဒေကို ချိုးဖောက်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သုံးလထက် မပိုတဲ့ ထောင်ဒဏ် ၊ ကျပ် သိန်းနှစ်ဆယ်အောက် မနည်းတဲ့ငွေဒဏ်ဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရမယ်လို့ ပြဌာန်း ထား ပါတယ်။ 

ဒါ့အပြင် စက်ရုံအတွင်းက သောက်ရေဟာ ရေငန်တွေဖြစ်လို့ အလုပ်သမားတွေအတွက် အဆင်မပြေမဲ့လည်း သောက်သုံးနေရတယ်လို့ Cherry Apparel (Myanmar) အထည်ချုပ် စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ 

“စက်ရုံက သောက်ဖို့ပေးထားတဲ့ရေက ငန် နေတာ ။ သောက်လို့လည်း မရဘူး။ အလုပ်သမားတွေကတော့ သောက်မရတော့ ရေဗူးတွေ ဝယ်လာ၊ ယူလာ ကြတယ်။ ဒါပေမဲ့ ရေဗူးကို ကိုယ့်အနီးအနား လုံးဝ ယူထားလို့ မရဘူး။ လုပ်ငန်းခွင်ထဲကို ဖုန်းက စပြီး ဘာပစ္စည်းမှ ယူခွင့် မရှိတာ။ ကိုယ်ပိုင် သောက်ရေကိုတော့ ထမင်းစားတဲ့ နေရာမှာ ထား ထားရတယ်။ သောက်ချင်ရင် အဲ့ဒီနေရာကိုသွား သောက်။ တကယ်ဆို အလုပ်သမားတွေအတွက် သောက်ရေကို စက်ရုံဘက်က သေချာစီစဉ်ပေးရမယ်မလား။ ဥပဒေလည်း ရှိပါတယ်” လို့  Cherry Apparel (Myanmar) အလုပ်သမား တဦး ကပြောပါတယ်။

အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၂၀ မှာ အလုပ်ရုံတွေမှာ သောက်ရေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့ ပုဒ်မ ခွဲ  ၄ ခုနဲ့ ပြဌာန်းထားပြီး ပုဒ်မခွဲ  ၁ မှာ စက်ရုံ အလုပ်ရုံတွေဘက်က သန့်ရှင်းစင်ကြယ်တဲ့ သောက်ရေကို လုံလောက်စွာ ထားပေးဖို့ကို ထိရောက်စွာ စီမံဆောင်ရွက်ပေးရမယ်လို့ ပြဌာန်းထားပါတယ်။ 

Cherry Apparel (Myanmar) စက်ရုံအတွင်း WCC ဖွဲ့စည်းထားတာမရှိသလို အရေးပေါ်ဆေးခန်းလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“တကိုယ်ရည်အတွက် ထွန်းရွှေဝါတို့၊ ရှုဆေးတို့၊ ပါရာလို သောက်ဆေးတွေလည်း လုပ်ငန်းခွင်ထဲ ယူမရဘူး။ နောက် စက်ရုံထဲမှာလည်း ဆေးခန်းလည်း မရှိဘူး။ ခန့်ထားတော့ အထည် ချုပ်ဖို့ဘဲ။ အခု QC ပါလုပ်ရတော့ တနေကုန် မတ်တပ် ၊ အမျိုးသမီးတွေဆိုတော့ ဆေးတို့ဘာတို့ လိုတာပေါ့ ။ ဒါလည်း ယူလို့မရဘူး ။ ဖွတ်ထားရ တယ်။  “ လို့ အမျိုးသမီး အထည်ချုပ် အလုပ်သမားတဦးက ပြောပါ တယ်။ 

လက်ရှိ အထည်ချုပ် အလုပ်သမားတွေဟာ အလုပ်ခန့်ထားစဉ်က အလုပ်အမျိုးအစားအပြင် QC လို အထည် စစ်တဲ့ အလုပ်ကိုပါ ငြင်းဆိုလိုမရတဲ့ အခြေအနေတွေကြောင့် လုပ်ကိုင်ပေးနေရတယ်လို့ အဲဒီ အမျိုးသမီး အလုပ်သမားက ဆက်ပြောပါတယ်။ 

Cherry Apparel (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖွင့်လှစ်ထားပြီး စက်ရုံ ပြန်လည် ဖွင့်လှစ်တာ  ၆ လဝန်းကျင်သာရှိသေးတယ်လို့ ဆိုပါတယ်။

လက်ရှိ FieldCore ဂျင်းထည်တွေ ချုပ်လုပ် နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်မှာ လုပ်ငန်းလည်ပတ်နေတယ်လို့ လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံကို တရုတ် လူမျိုး ပိုင်ဆိုင်ပြီး စက်ရုံအလုပ်သမား ၈၀၀ နီးပါး လုပ်ကိုင်နေကာ  WCC ဖွဲ့စည်းထားတာ မရှိဘူးလို့ အလုပ်သမားတွေ က ပြောကြားထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026