NEWS

BONTECH MANUFACTURING COMPANY LTD. အထည်ချုပ်စက်ရုံအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရ

CoverLogo
751 Views

ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ သဘာဝမှတ်တိုင်၊ ပတ္တမြားလမ်းတွင် ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် BONTECH MANUFACTURING COMPANY LTD အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ခေါင်းပုံဖြတ်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ဒေးကြေး ၇၈၀၀ ကျပ် အချိန်ပိုကြေး ၁၅၀၀ ပဲရရှိတယ်။  အမှန်တကယ်အချိန်ပိုကြေးက  တစ်နာရီကို ၁၉၅၀ ကျပ်ပေးရမှာ။  အလုပ်ရှင်က ဒေးကြေး ၇၈၀၀ ကျပ်ပေး ရင်  ရုံးပိတ်ရက်တွေအပါ ၇၈၀၀ နဲ့ အချိန်ပို ၂ ဆ ပေးရမှာကိုလည်း အမျိုးမျိုး ခေါင်းပုံဖြတ်နေတယ်။   တနင်္ဂနွေနေ့ကို အချိန်ပိုဆင်းရလည်း ၆၈၀၀ ပဲပေးတယ်၊ အချိန်ပို ၂ ဆလည်းမပေးဘူး။ ဒေးကြေးတောင်လျှော့ပေးတာတွေလုပ်တယ်။  ခွင့်တစ်ရက်ပျက်ရင်   ဒေးကြေး ၇၈၀၀ ကျပ်၊  ရက်မှန်ကြေး ၁၅၀၀၀ ကျပ်၊ ဂရိတ်ကြေး ၅၀၀၀ ကျပ်ဖြတ်တယ်။ နှစ်ရက်ပျက်ရော ရက်မှန်ကြေး ၃၀၀၀၀ ကျပ်ကကုန်ရော၊ ဆေးခွင့်ကလွဲလျှင် ကျန်တဲ့ခွင့်မရဘူး"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား (၁၀၀၀) နီးပါးနဲ့ ကုန်အမှတ်တံဆိပ် DELTAPLUS တို့ကို ချုပ်လုပ်နေတာဖြစ်ပြီး အလုပ်ချိန်ကို အချိန်ပို ၃ နာရီအပါ  မနက် ၈း၀၀ နာရီကနေ ည ၇း၃၀ ထိ ဆင်းရတာဖြစ်ပါတယ်။   

လုပ်ခလစာအနေနဲ့  ဒေးကြေး ၄၈၀၀ ကျပ် + ဒေးကြေး ၃၀၀၀ ကျပ် စုစုပေါင်း ၇၈၀၀ ကျပ်၊ ရက်မှန်ကြေး ၃၀၀၀၀ ကျပ်၊ အချိန်ပိုကြေး ၁၅၀၀ ကျပ်၊ ဂရိတ်ကြေး ၃၀၀၀၀ ကျပ်တို့ကို   တနင်္လာနေ့မှ စနေနေ့အထိ ဒေးကြေး စုစုပေါင်း ၇၈၀၀ ကျပ် ပေးချေတာဖြစ်ပေမဲ့  တနင်္ဂနွေနေ့အတွက်ကိုတော့  လုပ်ခလစာကို ၆၈၀၀ ကျပ်ပဲပေးတယ်လို့ပြောပါတယ်။

အလုပ်ချိန်မှာ များသောအားဖြင့် အချိန်ပိုများကို အောလင်း၊ အော်နိုက်ဆင်းရတာရှိသလို အချိန်ပိုဆင်းရပါက  အလုပ်သမားသဘောဆန္ဒကို ကောက်ခံတာ မရှိပဲ ဖိအားပေးပြီး ဆင်းခိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေနေ့တွေမှာ  အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို နှစ်ဆမပေးပဲ (၁၂၀၀၀) ကျပ်ပဲပေးကာ  ကိုယ်၀န်ဆောင်အလုပ်သမားများကိုလည်း အလုပ်သမားများနည်းအတူ အလုပ်ခိုင်းပြီး ည ၇း၃၀ ထိ အချိန်ပိုခိုင်းခြင်းများပြု လုပ်နေတယ်လို့ ပြောပါတယ်။

တချို့အလုပ်သမားများဟာ အချိန်ပို အောလင်း၊ အော်နိုက်ဆင်းရပေမဲ့ စက်ရုံသို့ မနက်ပြန်ဝင်ချိန်  ၅ မိနစ်ကျော် နောက်ကျပါက ဒဏ်ကြေး တစ်ခါနေက်ကျ ၁၀၀၀ ကျပ်၊  (၅) မိနစ် သုံးကြိမ်နောက်ကျပါက ရက်မှန်ကြေးထဲမှ (၁၅၀၀၀) ကျပ်ဖြတ်တောက်တဲ့အပြင် အများမြင်သာတဲ့နေရာတွင် ဝှိုက်ဘုတ်ပေါ်တွင် အမည်များချရေးကာ  အရှက်ခွဲခံနေရတယ်လို့ ပြောပါတယ်။

"တစ်ညလုံးအလုပ်ဆင်းထားရတဲ့လူကို မနက် ရုံတက်အမီပြန်လာရတာ အိပ်ချိန်အပြည့်အဝမရဘူး အဲ့တာကို အချိန်မမှီရင် ပြန်ဖြတ်တော့ သူတို့ပေးထားတဲ့ ဒေးကြေးက သူတို့ စည်းကမ်းထုတ်ပြီးပြန်ဖြတ်တာနဲ့ပဲကုန်သွားတယ် အလုပ်သမားက ကြားထဲက ကျန်းမာရေးထိခိုက်သွားတာပဲ အဖတ်တင်တယ် သူတို့ကို မသေရုံတမယ်လုပ်ပေးနေရတာကို ကျေးဇူးတင်ခံရဖို့မပြောနဲ့ ပြန်ပြီးတောင်အရှက်ခွဲခံနေရတာ"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်များကိုလည်း အလုပ်သမားလုပ်နိုင်တဲ့နှုန်းထက် ပိုမိုတောင်းကာ စံချိန်မပေးနိုင်ပါက စက်လိုင်းအတွင်း အုပ်ချုပ်သူများမှ အော်ဟစ်ဆဲဆိုကာ  မရရအောင်ဖိအားပေး၍ ခိုင်းခြင်းများပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ္။

"စက်ရုံမှာ အလုပ်ခန့်ထားမှုဆိုင်ရာEC စာချုပ်ပါ စည်းကမ်းချက်တွေက ဘာတွေလည်းတော့မသိဘူး။ EC စာချုပ်ကလည်း လူတိုင်းမချုပ်ရဘူး၊ အနည်းဆုံး (၆) လလုပ်သက်ရှိသူ (၁) နှစ်လုပ်သက်ရှိသူတွေကိုပဲ  EC စာချုပ်ချုပ်တယ်။ ဘာစည်းကမ်းတွေမသိ ပိုက်ဆံဖြတ်နည်းမျိုးစုံဖြစ် ဖြတ်တယ်။ အဲဒီဖြတ်တဲ့ပိုက်ဆံကို အလုပ်သမားတွေတွက်ပြန်မသုံးပဲ ဘယ်သူယူမှန်းမသိဘူး ဖြတ်တာတော့ အမြဲအဖြတ်ခံနေရတယ်" လို့ အလုပ်သမားကပြောဆိုပါတယ်။ 

"စက်ရုံထဲမှာ ကြယ်သီးရိုက်အလုပ်သမား ၅ ဦးကျော် လက်ကို စက်ရိုက်မိတာတွေ ရှိတယ် သူတို့လုပ်သက်က ၆ လကနေ ၁ နှစ်နီးပါးတွေ လုပ်ငန်းခွင်မှာထိခိုက်လို့ လစာမဲ့ပေးနားထားလို့ အလုပ်သမားတွေက လစာမရမှာစိုးလို့ ပတ်တီးတွေနဲ့ အလုပ်လာဆင်းနေရတာ စက်ရုံဘက်က ဘာမှ တာဝန်ယူပေးတာမရှိဘူး ဖိအားပေးခိုင်းတာရယ်ခေါင်းပုံဖြတ်တာရယ်ပဲရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။

ယခုကဲ့သို့အခွင့်အရေးချိုးဖောက်မှုများစွာကြောင့် အလုပ်သမားတွေဟာ  
၁။ အလုပ်ချိန်ဝင် ၅ မီနစ်နောက်ကျသူများကို ပိုက်ဆံဖြတ်သည့်အတွက် ဝှိုက်ဘုတ်တွင် ရေးခြင်းမပြုလုပ်ရန်။ ရက်မှန်ကြေးမဖြတ်တောက်ရန်၊ ဝှိုက်ဘုတ်တွင်ချမရေးရန်၊  
၂။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို သက်သာသည့်အလုပ်ခိုင်းစေရန်နှင့် အချိန်ပိုမဆင်းလို၍ ပြန်ချင်းသူ မ်ားကို ပြန်ခွင့်ပေးရန်။ 
၃။ ထမင်းစားဆောင်နှင့် သောက်ရေနေရာတွင် အိမ်သာနှင့် နည်းသဖြင့် ရေရှည်ကျန်းမာရေးထိခိုက်နိုင်ပါ သည်။ ထို့တွက်ကြောင့် ကျန်မာရေးနှင့် ညီအောင်ဆောင်ရွက်ပေးရန်။ 
၄။ ကျွမ်းကျင်မှုမရှိသည် လုပ်သမားများကို ခိုင်းစေ၍ ထိခိုက်မှုဖြစ်ပါက လစာမဖြတ်တောက်ရန်နှင့် ပျောက်ကင်းသည်အထိ ကုသခွင့် နားခွင့်ပေးရန်။ 
၅။အထည်စံချိန်များကို အလုပ်သမားထုတ်လုပ်နိုင်သည်အရည်အတွက်သာ တောင်းခံရန်နှင့် ဆဲဆိုမှုပြုလုပ် သည် ခေါင်းဆောင်းများကို အရေးယူဆောင်ရွက်ပေးရန်။ 
၆။ အချိန်ပိုခေါ်ပါက အလုပ်သမားသဘောဆန္ဒဖြင့် လုပ်ကိုင်ရန်၊ အချိန်ပိုမလုပ်ချင်းသူများကို ဖိအားပေး ခိုင်စေခြင်းမပြုလုပ်ရန်။ 
၇။ အများပြည်သူအလုပ်ပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို နှစ်ဆ တွက်ချက်ပေးရန်နှင့် အချိန်ပိုဆင်းခဲ့သည်များကို ဒေးကြေးဖြင့်သာ ပေးထားသည်မျာကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်။ 
၈။ အချိန်ပိုကြေးကို ဒေးကြေး ၇၈၀၀ ကျပ်၊ အချိန်ပိုကြေး တစ်နာရီလျှင် ၁၉၅၀ ကျပ်ဖြင့်တွက်ချက်ပေးရန်။ 
၉။ ဖယ်ရီကားလုံလောက်အောင်စီစဉ်ပေးရန်။ 
၁၀။ ခွင့်ရက်များခံစားခွင့်ပေးရန်နှင့် ခွင့်တင်ပါက ဂရိတ်ကြေး၊ ရက်မှန်ကြေး၊ ဒေးကြေး မဖြတ်တောက်ရန် စတဲ့တောင်းဆိုချက် ၁၀ ချက်ကိုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026