NEWS

BOHUA FASHION အထည်ချုပ် အချိန်ပိုဖိအားပေးခိုင်းစေဟုဆို

CoverLogo
613 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဗန်မော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ BOHUA FASHION အထည်ချုပ်မှာ အချိန်ပိုဆင်းဖို့ ငြင်းဆန်တဲ့အလုပ်သမားကို အလုပ်ထုတ်ပစ်တာ ဂရိတ်ကြေးလျှော့ပစ်တာတွေကြောင့် နေ့စဉ် ည ၉ နာရီ ထိ မဖြစ်မနေ အချိန်ပိုဆင်းနေရလို့ အလုပ်သမားတွေအတွက် ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အလုပ်သမား ၂၅၀ ကျော်နဲ့ minoti၊ RESERVED၊ CALLIOPE  စတဲ့အမှတ်တံဆိပ် ဂျာကင်ထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ကို နံနက် ၇ နာရီ ၃၀ ကနေစတင်ပြီး ည ၉ နာရီ ၃၀ ထိ မဖြစ်မနေ အလုပ်ဆင်းရတာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အိုတီကပုံမှန် ၂ နာရီလောက်လုပ်မှ အဆင်ပြေမှာဆိုပေမဲ့ နေ့တိုင်း ၉ နာရီ ခွဲထိ ခေါ်တာကျ‌တော့ အဆင်မပြေဘူး။ နေ့လည် ၁၁ ခွဲကနေ ၁၂ နာရီထိ ထမင်းစားချိန်ပေးပြီးတာနဲ့ ည ၉ နာရီခွဲထိ တောက်လျှောက် ဆင်းရတာနေ့တိုင်းဖြစ်နေတော့ မခံနိုင်ဘူးလေ တရက်ခြားတခါ အောနိုက် ( ညလုံးပေါက်)လဲ ဆင်းရသေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

အချိန်ပိုတွေ နေ့စဉ် နေ့စဉ်ဆင်းရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်လာသလို လုပ်ငန်းခွင်ထဲမှာ နေထိုင်မကောင်းသူရှိပါကလည်း ဂိတ်ပြင်ထွက်ခွင့်မပေးဘဲ အလုပ်ဆက်လုပ်ရတယ်လို့ ပြောပါတယ်။ အလုပ်တရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် စုစုပေါင်း ၁၅၈၀၀ ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။ 

"စနေနေ့တိုင်း အောလင်း ဆင်းပေးရတယ် ည ၉ နာရီ ၃၀ ထိ ဆင်းရတဲ့နေ့တွေဆိုရင် အိမ်ပြန်ရင် ဈေးက မရှိတော့ဘူး မီးကပျက် ထမင်းမစားရတဲ့ ရက်တွေ အများကြီးပဲ အချိန်ပိုမဆင်းရင်အလုပ်ကထုတ်ပစ်တာ ဂရိတ်လျှော့တာတွေ လုပ်တော့ မပျက်ရဲဘူး ညလုံးပေါက်ဆင်းတဲ့ရက် ထမင်းကျွေးရင်လဲ ဝလင်အောင် မကျွေးဘူး အမည်ခံပဲ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားအများအပြားခန့်ထားပြီး လုပ်သက် ၁ နှစ်နီးပါး အလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိတာကြောင့် ပိတ်ရက်ခံစားခွင့်တွေ နစ်နာနေရတယ်လို့ ပြောပါတယ်။ နေ့စားအများဆုံး လုပ်ကိုင်နေရတာကတော့ snapနဲ့cutting ဌာနတွေလို့ ပြောပါတယ်။ဒါ့အပြင် အသက်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကို လူကြီးလုပ်သားတွေနဲ့ တန်းတူခိုင်းစေနေတယ်လို့ ပြောပါတယ်။

"ခွင့် ၊ ဆေးခွင့် ခံစားခွင့်မရှိဘူး နေမကောင်းလို့ ခွင့်တိုင်လဲ တရက်ပျက်တာနဲ့ ရက်မှန်ကြေး ဒေးကြေး ထောက်ပံ့ကြေးတွေဖြတ်ပစ်တယ် စက်ရုံမှာ ဆေးခန်းလည်းမရှိ ဆေးလဲမရှိဘူး ထမင်းစားရတာလဲ နေရာကကျဉ်းတော့ အဆင်မပြေတာကို လုပ်မပေးဘူး"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကို မကြာခဏ သတင်းဖော်ပြပေမဲ့ ချိုးဖောက်မှုတွေ ပြုပြင်ပေးတာမရှိဘဲ စစ်ဆေးရေးလာရောက်ပါကလည်း ကြိုတင်ပြင်ဆင်ပြီး သင်ကြားပေးထားပြီး ဖြေခိုင်းတာကြောင့် ချိုးဖောက်မှုတွေ ကို ဆက်လက်ပြုလုပ်နေလို့ အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ဘယ်လောက်ထိတောင်လဲဆိုရင် လုံခြုံရေးလုပ်တဲ့ လူကတောင် အမျိုးသမီးတွေကို အောလင်းဆင်းတဲ့အချိန် စောင့်ကြည့်တာ ပြောဆိုတာတွေလုပ်တယ် မနက်ပိုင်းတွေဆိုလဲ တွေ့ သမျှ အလုပ်သမားနဲ့ မတည့်ဘဲ ပြဿနာရှာနေတာတွေရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေ ဆုံးရှုံးနေရတာ ၊ အခွင့်အရေးချိုးဖောက်ခံနေရတာတွေကြောင့် အောက်ပါအချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

အလုပ်သမားများတောင်းဆိုချက်တွေကတော့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။
၂။ ၃လပြည့်ပြီးသော အလုပ်သမားများကို အလုပ်ရှင်ဘက်မှ အတည်ပြုဝန်းထမ်း ခန့်အပ်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အောလင်းများမခေါ်ရန်နှင့် အချိန်ပိုအိုတီခေါ်ပါက အလုပ်သမား များသဘောဆန္ဒကို မေးမြန်းရန်။
၄။ အသက်မပြည့်သော ခလေးလုပ်သားများကို လူကြီးအလုပ်သမားများနှင့်တန်းတူမခိုင်းစေရန်။
၅။ လုပ်ငန်းခွင်ထဲသို့ အလုပ်သမားရုံးမှလာရောက်စစ်ဆေးလျင် အလုပ်ရှင်ဘက်မှခေါ်ပေးသော အလုပ် သမားများကိုမေးမြန်းခြင်းမလုပ်ပဲ စစ်ဆေးရေးများကိုယ်တိုင် လုပ်ငန်းခွင်ထဲဝင်၍ခေါ်ကာ မေးမြန်းရန်။
၆။ လုပ်ငန်းခွင်ထဲတွင် ဆေးခန်းထားရှိခြင်း၊ အိမ်သာပြုပြင်ပေးရန်၊ ထမင်းစားဆောင်ကို ပြုပြင်ဆောင်ရွက် ပေးရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026