NEWS

အလုပ်သမားအခွင့်အရေးရရှိရေး အလုပ်သမား ညှိဖျန်ရုံးကို တိုင်ကြားတဲ့ အလုပ်သမား အကြိမ်ကြိမ် အလုပ်ထုတ်ခံရ

CoverLogo
1.6K Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ကင်းဝန်မင်းကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့  United Product စက်ရုံ မှာ နေ့စားအလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေး မရရှိတာကြောင့် အလုပ်သမား ရေးရာ ညှိဖျန်ရုံးကို တိုင်ကြားတဲ့ အလုပ်သမားကို အကြိမ်ကြိမ်အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ TIO, အသဲ သကြားလုံး   ထုတ်တဲ့ စက်ရုံမှာ အလုပ်သမား ဦးရေ ၈၀ ကျော်ဖြင့် အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး နေ့စားအလုပ်သမား ၃၀ ဝန်းကျင်ရှိပြီး အချို့နေ့စားသမားတွေက ၂ နှစ်ကျော်ထိ လုပ်ကိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

နေ့စား အလုပ်သမားများကို အစမ်းခန့် ၃ လကျော်သော်လည်း အတည်ပြု ၀န်ထမ်းအဖြစ် ခန့်အပ်ထားခြင်း မရှိသည့်အပြင် တနင်္ဂနွေရက်များကို ဒေးကြေး ခံစားခွင့် ဥပဒေပါ ခံစားခွင့်ဖြစ်သော ခွင့်ရက်များလည်း ခံစားခွင့် မရရှိခြင်း လူမှုဖူလုံရေး ကြေးလည်း အလုပ်သမားများဆီမှ မတောင်းထားခြင်း အတွက် လူမှုဖူလုံရေး ခံစားခွင့်များ မရရှိခြင်း အလုပ်သမားများက လူမှုဖူလုံရေကြေးကို ပေးဆောင်မည် ပြောထားသော်လည်း အလုပ်ရှင်ဘက်မှ တုန့်ပြန်မှု မရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံမှာ လုပ်ငန်းခွင် ညှိနှိုင်းရေး ‌ကော်မတီ နဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့အစည်းဖွဲ့စည်းထားတာကြောင့်  ၁ နှစ်ကျော်ပြီး ဖြစ်သော နေ့စား အလုပ်သမားများမှ တနင်္ဂနွေနေ့ ဒေကြေးရရန်နှင့် ဥပဒေခံစားခွင့်များ ပေးရန် အလုပ်သမား သမဂ္ဂအဖွဲ့စည်းမှ တဆင့် အလုပ်ရှင်နှင့် ညှိနှိုင်းမှု ပြုလုပ်လိုသော်လည်း အလုပ်ရှင်မှ သမဂ္ဂနှင့် နေ့စား အလုပ်သမား‌တွေနဲ့ မသက်ဆိုင်ဘူး ဆိုကာငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့မှာ ညှိဖျန်ရုံးကို တိုင်ကြားခဲ့သော်လည်း ညှိဖျန်( အလုပ်သမားရေးရာ ညှိနှိုင်းဖျန်ဖြေရေးရုံး) တနင်္ဂနွေဒေးကြေးနဲ့ ဥပဒေပါ ခံစားခွင့်တွေ ပေးရမည်ဖြစ်ကြောင်း ပြောသော်လည်း အလုပ်ရှင်ဘက်မှ မလိုက်နာသည့် အပြင်တိုင်ကြားသည့်အ လုပ်သမားကို အလုပ်ရပ်နားလိုက်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို အလုပ် ရပ်နားလိုက်တာကို အလုပ်သမားဘက်က  အလုပ်သမား ညှိဖျန်ရုံးတွင်ထပ်မံပြောကြားသည့် အတွက် စာချုပ်ချုပ်ပြီး ဩဂုတ် ၂၆ ရက်နေ့တွင် အလုပ်ပြန်ခန့် လိုက်ပေမယ့် ဩဂုတ် ၃၀ ရက်နေ့မှာ နစ်နာကြေး တစုံတရာ မပေးဘဲ ထပ်မံအလုပ်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး နေ့စား အလုပ်သမားကို လုပ်ငန်း လိုအပ်ချက်အရ အလုပ်ထုတ်ရင် နစ်နာကြေးမပေးဘူးဆိုတဲ့ သဘောတူညီချက်ကို ဖိအားပေး လက်မှတ်ထိုး ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ယင်းစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

“နေ့စား၊ ယာယီ၊ ပုတ်ပြတ် ပဲဖြစ်ဖြစ် လစားပဲဖြစ်ဖြစ် အလုပ်သမားက ခံစားခွင့်တွေက အကုန်အတူတူပဲ၊ အဲ့ဒီမှာမှ အလုပ်ရှင်တွေက နေ့စားလို့ဘာလို့ ခေါ်တာလဲ ဆိုရင် သူတို့ က နေ့စားဆိုရင် ခွင့်ရက်တွေ မပေးဘူး ဥပဒေကို လက်တလုံးခြားလုပ်တာ နေ့စား ဆိုရင် ၃၆၀၀ ပဲပေးမယ် အိုတီဆို ၉၀၀ ပဲပေးမယ် အဲ့လိုမျိုးလုပ်ကြတာပေါ့ ၊ နေ့စားက အဲ့မှာပဲကွာတယ်၊ ဉပဒေအရ နေ့စားကို ၃ လပြည့်ရင် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ EC စာချုပ်အရ အတည်ပြုခန့်ကိုခန့်ရမှာ အဲ့ဒါ ဥပဒေပဲ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးကပြောပါတယ်။

“အဲ့ဒါဆိုရင် တစ်နေ့  ၄၈၀၀ အိုတီ တစ်နာရီ ၁၂၀၀ ပေးကိုပေးရမှာ ခုဟာက အလုပ်ရှင်တွေက နေ့စားလို့ပြောပြီး ၆ လလည်းထားချင်ထားတယ် ၈ လ  ၁နှစ် ၂ နှစ်ထိထားတယ်၊ ၃ လကျော်သွားတာကို နေ့စားလို့ပဲပြောပြီး အတည်ပြုမခန့်ဘဲ ဒေးကြေး ၄၈၀၀ ပေးတာရှိတယ် အိုတီ ၁၂၀၀ ပေးတာရှိတယ် ဒါပေမယ့် ခံစားခွင့်တွေဘာတစ်ခုမှပေးတာမရှိဘူး အဲ့လိုမျိုးလည်း လုပ်ကြတာတွေ့ရတယ်”လို့ ယင်းက ဆက်ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမား ချုပ်ဆိုရပြီး  စာချုပ်ပါ ပုဒ်မ၂တွင် အစမ်းခန့် ကာလ ၃လအဖြစ်ချုပ်ဆိုလုပ်ကိုင်ရပြီး ၃ လကျော်လွန်ပါက အလုပ်ရှင်က အမြဲတမ်း ၀န်ထမ်းအဖြစ်ခန့်ပေးရမှာ ဖြစ်ပြီး အစမ်းခန့်ကာလ ၃လအတွင်းမှာ အလုပ်ရှင်အနေဖြင့် ဥပဒေပါခံစားခွင့်များကို  ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့  ၃ လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြု ဝန်ထမ်း ခန့်အပ်ပေးရန်၊ တနင်္ဂနွေနေ့များ အတွက် မရရှိခဲ့သော ဒေးကြေးများ အလုပ်သမားများ ပြန်ပေးရန်၊ ဥပဒေပါ ခံစားခွင့်များဖြစ်သော ခွင့်ရက်များ ပေးရန်နှင့် လူမှုဖူလုံရေးကြေး ထည့်ဝင်ခွင့် ပေးရန်၊ အလုပ်ထုတ်ထားသော အလုပ်သမားကို အလုပ်ပြန်ခန့်ရန် နှင့်အလုပ်မခန့်ပါက နစ်နာကြေး ပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026