NEWS

လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
791 Views

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Beaume International Garment Mfg Limited  မှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှိနေတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံမှာ  I’Z FRONTIER၊ COOL WORK၊ Beaume၊ TOM TOMPSON၊ NEODRY အမှတ်တံဆိပ် ဂျပန်အော်ဒါ အနွေးထည်၊ ဂျာကင်ထည်၊ ဂျာကင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေချုပ်နေပြီး အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေတာလို့ သိရပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ အထိ သတ်မှတ်ထားပြီး အလုပ်ချိန်အတွင်း အထည်စံချိန် ပမာဏ အများအပြားတောင်းခံနေတာလို့ ပြောပါတယ်။

အထည်စံချိန်အများအပြား တောင်းခံမှုမှာ စက်လိုင်း တလိုင်းလျှင် အောစူပါ၊ စူပါ၊ စာရေးမ၊ အကူ ၊ စက်ချုပ် သမားအပါ လူဦးရေ ၇၀ ထားရှိပြီး ဂျင်းဘောင်းဘီ ၊ ဂျာကင်အထည်တွေကို အလုပ်ချိန် ၁၀ နာရီအတွက် အထည် ၅၀၀ ချုပ်လုပ်ရန် သတ်မှတ်ထားတာလို့ ပြောပါတယ်။ 

အဆိုပါ တဖက်သက် သတ်မှတ်ထားတဲ့စံချိန်မပြည့်ပါက စက်ရုံမှူးမှ အော်ဟစ်ကာ အထည်ချုပ်ခိုင်းးသလို ငွေကိုင်ဖြစ်သူမှလည်း စက်လိုင်းထဲဆင်းလာကာ အော်ဟစ်ဖိအားပေးတာတွေ အောစူပါမှ အလုပ်သမားတွေကို အော်ဟစ် ဆဲဆိုတာတွေ ပြုလုပ်ပြီး အထည်စံချိန်ပြည့်မီအောင် ချုပ်လုပ်ရန် ခိုင်းစေနေတာလို့ အလုပ်သမားကပြောပါတယ်။

ယင်းကဲ့သို့ အလုပ်ချိန်အတွင်း နားချိန်မရှိ လုပ်ကိုင်ရသလို အစိုးရရုံးပိတ်ရက်တွေလည်း မနားရဘဲ အချိန်ပိုကို မဖြစ်မနေ ဆင်းပေးနေရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အောစူပါမှ ခွဲခြားဆက်ဆံတာ ဖိအားပေးခိုင်းစေတာ အငြိုးထားတာတွေကြောင့် အလုပ်အကိုင် တည်ငြိမ်ရေးအတွက် ကြိတ်မှိတ်ပြီး အချိန်ပိုဆင်းပေးနေရတာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေ လည်း ခံစားခွင့်မရဘူးလို့ ပြောပါတယ်။

အရေးပေါ်ကိစ္စ ရှိသည်ဖြစ်စေ ကျန်းမာရေးမကောင်းလျှင် ဖြစ်စေ ခွင့်တိုင်ကြားပြီး အလုပ်တရက်ပျက်ပါက   ခွင့်မပေးဘဲ ဒေးကြေး ၆၈၀၀ ကျပ် ရက်မှန်ကြေး ၂၇၀၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ လူရွယ် ၊ လူငယ် လုပ်သားတွေ ရှိပြီး ယင်းတို့ကို လူကြီးလုပ်သားတွေနဲ့ တန်းတူခိုင်းစေနေတာဟာ ဥပဒေပါအခွင့်အရေးတွေချိုးဖောက်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

"အလုပ်သမား ၁၀၀၀ ရှိတဲ့စက်ရုံမှာ ဆေးပေးခန်း ကို အလုပ်သမားတွေနဲ့ အနီးအနားမှာ မထားဘဲ ရုံးခန်းအပေါ်မှာထားတော့ အလုပ်သမားတွေကသွားပြဖို့ ဆေးသွားတောင်းဖို့ အခက်အခဲရှိတယ် ၊ နောက်ပြီး ဖယ်ရီတွေဆိုလည်း ကျပ်ညပ်နေတာ အလုပ်သမားက များတော့ မဆန့်ဘူး မတ်တပ်ရပ်စီးရတာ အန္တရာယ်များတယ် ဖယ်ရီစီစဉ်ပေးစေချင်တယ် ၊ အလုပ်သမားတွေသုံးတဲ့ အိမ်သာတွေဆိုလည်း အနံ့အသက်တွေထွက်ပြီးတော့ ကျန်းမာရေးထိခိုက်တာတွေ ပြုပြင်ပေးစေချင်တယ် အလုပ်လုပ်နေချိန်မှာဆိုရင် ကပ်တင်ပိုင်းတွေ ထိခိုက်တာတွေရှိနေတယ် နောက်ပြီး အလုပ်သမားရုံးက စစ်ဆေးရေးတွေ လုပ်ငန်းခွင်ထဲလာစစ်လို့ရှိရင်လည်း ဘာတခုမှ ပြောင်းလဲသွားတာမရှိဘူး အလုပ်သမားတွေက ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး"လို့ အမျိုးသမီး အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဥပဒေပါ အခွင့်အရေးတွေ ရရှိလိုတာ တပတ်လျင် ၁ ရက် အနားယူခွင့်နဲ့ သင့်တင်မျှတတဲ့ လုပ်ငန်းခွင် အဖြစ် ပြုပြင်ပြောင်းလဲပေးဖို့ အောက်ပါ အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အိမ်သာမှအနံဆိုးများထွက်နေခြင်းကို အလုပ်ရှင်ဘက်မှစီမံဆောင်ရွက်ပေးရန်။ 
၃။ အလုပ်ရှင်ဘက်မှ စံချိန်တောင်းခံရာတွင် အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်။
၄။ အလုပ်ရှင်ဘက်မှ လူငယ်၊လူရွယ်ခလေးလုပ်သမားများကို လူကြီးအလုပ်သမားများနှင့် တန်းတူမခိုင်း စေရန်။
၅။ အလုပ်ရှင်ဘက်မှ တနင်္ဂနွေနေ့များတွင် အချိန်ပိုအိုတီမခေါ်ရန်နှင့် အချိန်ပိုအိုတီခေါ်ပါက အလုပ်သမားများ သဘောဆန္ဒမေးမြန်းရန်။
၆။ အောစူပါ၊ စူပါ၊ စက်ရုံမှူး၊ ရုံးပေါ်မှငွေကိုင်တို့မှ အလုပ်သမားများကို အော်ဟစ်ခြင်း၊ ရိုင်းစိုင်းစွာပြေဆိုခြင်း မပြုလုပ်ရန် စတာတွေ ဖြစ်ပါတယ်။

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026