ARTICLE

အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’

CoverLogo
450 Views
 
အစာရေစာရှားပါး ငတ်မွတ်ခေါင်းပါလာတဲ့ ကပ်ဆိုး၊ ရောဂါဆိုးတွေကျရောက်တဲ့ ကပ်ဆိုး၊ စစ်လက်နက် တွေကြောင့် ဘေးဒုက္ခရောက်ရတဲ့ကပ်ဆိုး စတာတွေကို ကပ်ကြီး ၃ ပါးလို့ ခေါ်ပါတယ်။ ပါဠိလို ပြောရမယ် ဆိုရင်တော့ ‘ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်’ တွေ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၀၁၉ မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ကပ်ဆိုးကြောင့် လူအများ သေကြေပျက်စီးခဲ့ရသလို ၂၀၂၁ အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်လို့ လူအများအပြား သေကြေပျက်စီးခဲ့ရပါတယ်။
 
နောက်ဆုံးမှာတော့ အာဏာရှင် လူတစ်စုကောင်းစားရေး စီမံခန့်ခွဲမှု စနစ်ဆိုးတွေကြောင့် ပြည်သူလူထုအပေါ် အထွေထွေအကျပ်အတည်း ဆိုက်ရောက်လာရပြီး အစားအစာငတ်မွတ်လာတဲ့ အငတ်ဘေးက မြန်မာပြည်သူ တွေရဲ့ အောက်ခြေလူတန်းစားအလွှာကို စတင်တိုက်စားလာပြီ ဖြစ်ပါတယ်။
 
မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်ကတည်းက စတင်ပေါက်ဖွားလာခဲ့တဲ့ လူမျိုးကြီးဝါဒ၊ အာဏာပါဝါကို တစ်ဦးတည်း ချုပ်ကိုင်ထားလိုမှု စတဲ့ လူ့ကျင့်ဝတ် ပျက်ပြားမှုတွေကြောင့် မြန်မာနိုင်ငံမှာ ယနေ့တိုင် လူ့အခွင့်အရေးစံနှုန်းတွေ ပျက်ရယ်ပြုခံခဲ့ရပါတယ်။ လူသားအခွင့်အရေးတွေ ပျောက်ဆုံးခဲ့ရပါတယ်။
 
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ဦးဆောင်တဲ့ စစ်တပ်က အာဏာထပ်မံသိမ်းခဲ့ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ဖို့ ရွေးကောက်ပွဲကတဆင့် လူထုက ပေးအပ်တဲ့ အာဏာပါဝါကို မတရားနည်းနဲ့ လုယူကာ မိမိနဲ့အပေါင်းအပါတစ်စု ကောင်းစားရေးအတွက် လူထုကို ပြန်လည်အကြမ်းဖက်၊ လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်ရာကတဆင့် ပြည်တွင်းပဋိပက္ခက ပိုမိုကြီးထွား လာပါတယ်။
 
လူ့အခွင့်အရေးစံနှုန်းတွေ ချိုးဖောက်ခံရပြီး ဥပဒေမဲ့ ကျူးလွန်လာတာ ဌာနပေါင်းစုံ အခင်းအကျင်းအမျိုးမျိုးနဲ့ ငါတကော စီမံခန့်ခွဲမှုတွေကြောင့် ယနေ့ တိုင်းပြည်အခြေအနေဟာ ဖရိုဖရဲအခြေအနေကို ရောက်ရှိလို့နေပါ တယ်။ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်ရဲ့ မင်းကျင့်တရား ပျက်ပြားမှု ကြောင့် ဒီကပ်ဆိုးတွေ ဆိုက်ရောက်လာရတာကတော့ ငြင်းဆိုလို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။
 
ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး လုံခြုံမှုမရှိတာ၊ အလုပ်အကိုင်တွေ ရှားပါးလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး စာရေးသောက်ရေး အခက်အခဲတွေက လူထုအကြား စိုးရိမ်ပူပန်မှု ဒေါသနဲ့ နာကျည်းမှုတွေကို အသစ်တဖန် ပြန်လည်နိုးထစေခဲ့ပါတယ်။ ဘက်ပေါင်းစုံက ရိုက်ခတ်လာတဲ့ အထွေထွေ အကျပ်အတည်းရဲ့ သက်ရောက်မှုကို ကနဦး ရင်ဆိုင်ရတာတော့ စား၊ ဝတ်၊ နေ၊ ရေး စတဲ့အခြေခံ လိုအပ်ချက်တွေကို နေ့စဉ်နဲ့အမျှ ကျပ်တည်းခြိုးခြံစွာ စီမံခန့်ခွဲနေရတဲ့ အောက်ခြေပြည်သူလူထုပါပဲ။
 
မည်မျှပင် ခေတ်ဆိုးစနစ်ဆိုးပါစေ ငွေကြေးတတ်နိုင်သူတွေက ရိက္ခာအလုံအလောက်နဲ့ အိမ်တံခါးပိတ် နေနိုင်တဲ့ အခြေအနေ၊ တိုင်းပြည်က ထွက်ခွာသွားလို့ လွယ်ကူတဲ့ အခြေအနေမှာ အောက်ခြေပြည်သူတွေ ကတော့ ပြေးစရာ မြေမရှိ၊ ပိတ်စရာ အိမ်တံခါးမရှိသလို၊ စားစရာ ရိက္ခာခြောက်တွေ ရှိမနေပါဘူး။ သူတို့ဟာ ရရာနည်းလမ်းနဲ့ ဝမ်းဝအောင်ဖြည့်ဖို့ ကြိုးစားရုန်းကန်ကြရပါတယ်။
 
“ဆန်၊ဆီတွေ ဈေးသက်သက်သာသာနဲ့ လိုက်ရောင်းတဲ့နေရာတွေမှာ အဝေးကြီးကနေတောင် သွားတန်းစီကြတာ မရကြဘူး။ လူတွေ အရမ်းများလာတယ်။ လာတိုးတဲ့ လူအုပ်က ဒေါသတွေ ထွက်နေ ကြတယ်။ စိတ်တွေက အလိုမကျဘူး၊ စိတ်တိုနေကြတာ။ တခုခုဆို ပြဿနာရှာချင်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်” လို့ အခြေအနေကို အကဲခတ်မိတဲ့ ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
 
“လက်ရှိမှာ ဆန်က ဘယ်လိုပဲ ဆန်ကြမ်းစားစား တစ်ပြည်ကို ၃၅၀၀ လောက်ကတော့ ပေးမှ ရတာ။ ဟင်းကလည်း ပေါပေါပဲပဲတွေတောင် တစ်ဆယ်သား ၇၀၀၊ ၈၀၀။ ဘယ်လောက်မှ မရဘူး။ အိမ်တစ်အိမ်မှာ အနည်းဆုံး ၁ သောင်းပတ်လည်လောက်ရှိမှ စားလို့ရမှာ။ ခုခေတ်က သိတဲ့အတိုင်း ၂ သောင်း ဝင်တယ် ဆိုရင်တောင် အိမ်စရိတ်၊ ရေဖိုးမီးဖိုး၊ ကျန်းမာရေး၊ အိမ်ငှားခ ဘယ်လိုမှကို အဆင်မပြေဘူး ကျပ်တည်းတာ ကတော့ ပိုပိုဆိုးလာတယ်” လို့ မီးဖိုချောင်ကို စီမံခန့်ခွဲနေရတဲ့ လှိုင်သာယာမြို့မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုပါတယ်။
 
“ဘောက်”လို့ ခေါ်တဲ့ လက်လုပ်လက်စား၊ တစ်နေ့တခါ ရင်းနှီးရတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ တစ်နေကုန် သွားလာလှည့်ပတ်ပြီး ဝမ်းစာရှာဖွေစားသောက်နေရတဲ့ အခြေခံပြည်သူလူထုဟာ အခက်အခဲ အမျိုးမျိုးနဲ့ နေ့စဉ် တိုက်ပွဲဝင်နေရပါတယ်။
 
“ဒီနေ့ ကုန်စိမ်း ၂သောင်းဖိုး အရင်းနဲ့ရောင်းပြီးရင် နောက်ရက်အတွက် အရင်းက ၂သောင်းထားလို့ မရပါဘူး။ ၂သောင်းခွဲလောက် အရင်းပြန်ချန်ပြီး ပိုတာသုံးရတယ်။ အဲလိုမှမဟုတ်လို့ နှစ်သောင်းပဲ အရင်း ပြန်ချန်ရင် နောက်ရက်စျေးအရင်း မလောက်တော့ဘူး။ ကုန်စျေးနှုန်းတွေက နေ့စဥ်တက်နေတာမို့ပါ။ ကြာတော့ စားရသောက်ရ ချို့တဲ့လာတယ်” လို့ အရှေ့ဒဂုံမြို့နယ်က ကုန်စိမ်းရောင်းချသူက ပြောဆိုပါတယ်။
 
မိုးရာသီလည်းဖြစ်ပြီး သွားလာရခက်ခဲသလို ဖျားနာမှုတွေလည်း မြင့်တက်လေ့ရှိတဲ့ ဒီကာလမှာ ကုန်ဈေးနှုန်း မြင့်တက်မှုက မြန်ဆန်လွန်းတယ်လို့ တနိုင်တပိုင် စီးပွားရေးလုပ်ကိုင်သူက ပြောဆိုပါတယ်။
 
“ကုန်စျေးနှုန်းက အစစအရာရာ အကုန်တက်လာတယ်။ အရောင်းအဝယ်က တနိုင်တပိုင်လုပ်သူ တောင် ခက်ခဲနေတာ။ အများကြီးလုပ်တဲ့သူတွေက ပိုခက်မယ်ထင်တယ်။ အရင်းက ဒီနေ့ထက် မနက်ဖြန် နှစ်ဆတက်တက်သွားတာ။ မဟုတ်ရင်လည်း ကုန်နည်းသွားရောဆိုတော့ အရင်းပိုပိုများလာလေလေ ပိုခက် လေလေပါပဲ” လို့ အွန်လိုင်းဈေးရောင်းချသူ တစ်ဦးက ပြောဆိုပါတယ်။
 
အချိန်နှင့်အမျှ သတင်းအချက်အလက်ပေါ်မူတည်ပြီး ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေ တရိပ်ရိပ်ပြောင်းလဲနေသလို စစ်ကောင်စီက ရိုက်ထုတ်မဲ့ ၂ သောင်းကျပ်တန် ငွေဂယက်ကလည်း အခြေခံ ပြည်သူကြားထဲ ရိုက်ခတ်မှု ပြင်းထန်ခဲ့ပါတယ်။
 
ဈေးကွက်ထဲမှာ အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ်သိန်း ၄၀ နားထိ ပေါက်လာတာ၊ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀၀ နီးပါးဖြစ်လာတာတွေကို အောက်ခြေပြည်သူလူထုက ဂရုမစိုက်ပေမဲ့ ကြက်ဥတစ်လုံး ၃၀၀ ကျပ်၊ ဆန်ကြမ်းတစ်ပြည် အနည်းဆုံး ၃၀၀၀ ကျပ်၊ ဆီတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်း ၅၀၀ ကျပ် ဖြစ်လာတာတော့ နေ့စဉ်စားဝတ်နေရေး ရုန်းကန်နေရသူတွေအဖို့ ရတက်မအေးစရာ ကိစ္စရပ်တွေ ဖြစ်လာပါတယ်။
 
“ဆန်ဆီ ကစလို့ အထွေထွေကုန်ပစ္စည်းဈေးတက်တော့ ကျန်တာတွေ လျှော့ပြီးသုံးလာရတယ်။ ကော်ဖီထုတ်တောင် မသောက်ရတော့ဘူး။ ဂတ်စ်အစား မီးသွေးတွေ၊ ထင်းတွေ ပြန်သုံးလာကြတယ်။ ပြည်သူတွေ ကျပ်တည်းလာတော့ အသုံးလျှော့လာကြတယ်” လို့ မီးဖိုချောင်ရဲ့ စိန်ခေါ်မှုကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အိမ်ရှင်မက အသုံးစရိတ်တွေ လျှော့ချနေတဲ့အကြောင်း ပြောပြပါတယ်။
 
“အရောင်းပိုင်းမှာ ဆိုရင်တော့ လက်လီသမားတွေကျတော့ ကုန်ပစ္စည်းပြတ်တာနဲ့ ဈေးတက်လို့ ကြိုလှောင်ရတယ်။ မလှောင်ရင် ရောင်းစရာပစ္စည်း ပြတ်တယ်။ လှောင်တဲ့အခါကျတော့လည်း ဈေးနှုန်း မငြိမ်တော့ တက်ချင်လည်း ထိုးတက်သွားတယ်။ ကျချင်လည်းကျတယ်။ အရောင်းအဝယ်ဖြစ်ရင်တောင် ကိုယ့်အိတ်ထဲက ထပ်စိုက်ရတဲ့ အခြေအနေမျိုးဖြစ်နေတာ” လို့ ရွှေပြည်သာမြို့နယ်က လက်လီအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
 
ဝင်ငွေထွက်ငွေ မျှတမှုမရှိတဲ့အခြေအနေကို လုပ်သားအင်အားသိန်းချီပြီး လုပ်ကိုင်နေတဲ့ စက်ရုံ၊အလုပ်ရုံ စက်မှုဇုန်လုပ်သားတွေလည်း ကြုံတွေ့နေရတာပါ။ မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခက ၄၈၀၀ ကျပ်ဖြစ်ပြီး လက်ရှိကုန်ဈေးနှုန်းအရ ဆန်တစ်ပြည်ကို အနိမ့်ဆုံး အမျိုးအစားပင် ၃၀၀၀ ကျပ်ဖြစ်နေပြီး စားဝတ်နေရေး အကျပ်အတည်းကိုမှ “အလုပ်လုပ်ရင်း ငတ်လာရတဲ့ အခြေအနေ ကိုဦးတည်လာနေပြီ” လို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက စက်မှုဇုန်လုပ်သားတွေက ပြောဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီး အလုံးစုံအကျပ်အတည်းတွေ မကြုံတွေ့ရခင်က အခြေခံအလုပ်သမားတွေရဲ့ တစ်နေ့ လုပ်ခဝင်ငွေ ၄၈၀၀ ကျပ် ရရှိချိန်မှာ စားဆီတစ်ပိဿာကို ကျပ် ၂၀၀၀ သာဖြစ်ပြီး အခုအချိန်မှာတော့ စားဆီ တစ်ပိဿာကို ကျပ် ၁၀၀၀၀ ဖြစ်နေတာပါ။
 
“လူ ၃ ယောက်နေတဲ့ အဆောင်လေးကို ငှားတာ တစ်ယောက်ကို ၂ သောင်းခွဲကျတယ်၊ တစ်လလုံး ရက်မပျက်ဆင်း၊ အိုတီ နာရီ ၆၀ လုပ်ပြီးမှ ရတာက ၂ သိန်း ကျော်ဆိုတော့ လက်ရှိကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ မိသားစုကို ပြန်မပို့နိုင်တော့ဘူးလို့” စက်မှုဇုန်လုပ်သားတစ်ဦးက ပြောဆိုပါတယ်။
 
မိသားစုထဲမှာ ကျန်းမာရေးမကောင်းတဲ့ မိဘ ၂ ပါးနဲ့ လူမမယ်အရွယ် ညီမလေး ၂ ယောက်ကို ထောက်ပံ့ပေးဖို့ စက်ရုံမှာ အလုပ်လုပ်နေတာ လုပ်သက် ၅ နှစ်ကျော်ရှိသွားပေမဲ့ အိမ်ကိုပြန်မပေးနိုင်တာ ရင်နာတယ်လို့ သူမက ဝမ်းနည်းစွာ ပြောဆိုပါတယ်။ ဒီလိုအခြေအနေဟာ တစ်ဦးတစ်ယောက် အနည်းငယ်သာ ဖြစ်ပေါ်နေတဲ့ အခြေအနေမဟုတ်ဘဲ အလုပ်သမားထုအားလုံး ကြုံတွေ့နေရတာလို့လည်း သူက ထပ်ပြောပါတယ်။
 
ဒါတင်မကသေးပဲ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားအသစ်တွေကို လစားအဖြစ် မခန့်ထားတော့ဘဲ နေ့စားလရှင်းသဘောမျိုးနဲ့သာ ခန့်ထားပြီး တစ်နေ့လုပ်ခ ၂၄၀၀ ကျပ်နဲ့သာ လုပ်ခပေးချေနေတာတွေ အများကြီးဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
“နေ့စားကို ၂၄၀၀ နဲ့ တစ်လလောက် လုပ်ရတယ်၊ ပြီးရင် ၃၆၀၀ နဲ့ ၆ လလောက် လုပ်ရတယ်၊ အလွန်ဆုံး ၉ လပဲ၊ အမြဲတမ်းဝန်ထမ်း ခန့်ပေးပါဆိုရင် အလုပ်ဖြုတ်လိုက်ရော” လို့ ဧရာဝတီတိုင်း ပုသိမ် စက်မှုဇုန် အမားဗား အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။
 
စက်ရုံအလုပ်ရုံ စက်မှုဇုန်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိတတ်ပေမယ့် လုပ်အားခ ခေါင်းပုံဖြတ်တာ ဥပဒေကို မထီမဲ့မြင်ပြုပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေကလည်း ပြည်သူလူထုဆီက အလုပ်လုပ်နိုင်တဲ့ လုပ်သားအင်အားကို ဖဲ့ချွေနေပါတယ်။ ဒီလို လူသားမဆန်စွာ ခိုင်းစေပြီး အနည်းဆုံး အခကြေးငွေထက်တောင် နည်းပါးတဲ့ တစ်ရက်လုပ်ခ ၂၄၀၀ ကျပ် ၊ ၃၆၀၀ ကျပ်နဲ့ ခိုင်းစေနေမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ မှာ အဖြစ်များလာတယ်လို့ စက်မှုဇုန်လေ့လာစောင့်ကြည့်သူက သုံးသပ်ပြောဆိုပါတယ်။
 
“လက်ရှိမှာဆိုရင်တော့ ၂၄၀၀ နဲ့ ၃၆၀၀နဲ့ လုပ်နေရတဲ့အလုပ်သမားတွေ အများကြီးပဲ၊ အမြဲတမ်း ဝန်ထမ်းအဖြစ်နဲ့ကို လုံးဝမခေါ်တော့တာ” လို့ ဆိုပါတယ်။
 
အလုပ်အကိုင်ဖန်တီးမှုအနေနဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်တဲ့ အမားဗားလိုစက်ရုံတွေမှာ လူသစ်တွေကို တစ်ရက် ၄၈၀၀ ကျပ်နှုန်းနဲ့ ပေးချေတာတွေရှိပေမဲ့ တစ်လချင်းစာချုပ်နဲ့သာ ခိုင်းစေနေတာရှိပြီး ခွင့်ခံစားခွင့် မရှိသလို တစ်ရက်ပျက်ရင် ၇၅၀၀ ကျပ် ဖြတ်တောက်ခံရတာလို့ သိရပါတယ်။
 
“ဒါတွေက မတရားတာ သိသိကြီးနဲ့ သွားပြီးပြောရင် သူ ရနေတဲ့ ၂၄၀၀၊ ၃၆၀၀ တွေပါ ပျောက်သွားမှာ၊ ထမင်းငတ်သွားမှာ စိုးလို့ ထိုင်ကြည့်နေရတယ်၊ အလုပ်သမားကိုယ်တိုင်ကလည်း ထမင်းအိုးပျောက်သွားမှာကို အရမ်းကြောက်နေတယ်” လို့ အမည်မဖော်လိုတဲ့ ဝါရင့် စက်ရုံအလုပ်သမားက ပြောပါတယ်။
 
လက်ရှိအခြေအနေမှာတော့ အသက် ၁၄ နှစ်အောက် ကလေးလုပ်သားတွေ အသက် ၁၄ နှစ်အထက် လူရွယ် လုပ်သားတွေနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ အသက်အရွယ်တွေထဲက အလုပ်သမားတွေဟာ လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေရပြီးတော့ လုပ်ကိုင်နေကြရသလို တောင့်မခံနိုင်တော့တဲ့အဆုံး ပြည်ပထွက်ခွာပြီး အလုပ်လုပ်ဖို့ စဉ်းစားကြတဲ့ လူဦးရေကလည်း တိုးတက်များပြားလာပါတယ်။
 
နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ဖို့ ကြိုးစားရင်းအလိမ်ခံရလို့ ပေါင်ထားတဲ့ လယ်တွေ၊ ခြံတွေ အိမ်တွေ ဆုံးရှုံး သွားပြီး ရှိတာထက် ပိုမွဲသွားရတဲ့ အခြေအနေမျိုးတွေလည်း အများကြီးဖြစ်လာတယ်လို့ ရွှေ့ပြောင်းလုပ်သား တွေကို အကူအညီပေးနေသူတစ်ဦးက ပြောဆိုပါတယ်။
 
ဆင်းရဲမွဲတေမှု အငတ်ဘေးကို တစ်စိတ်တစ်ပိုင်းဖြေရှင်းကြတဲ့ ပရဟိတ အလှူအတန်းတွေ၊ အခမဲ့ ကျွေးမွေးတဲ့ နေရာတွေမှာ လှူဒါန်းစရာတွေ ခဏလေးနဲ့ ကုန်သွားတာမျိုးဖြစ်ပြီး အားလုံးအတွက် လုံလောက်တဲ့ ပေးစရာ ကမ်းစရာတွေ ရှိမနေတတ်ပါဘူး။ ဒါကလည်း ရေရှည်အတွက် ဖြေရှင်းရေးနည်းလမ်းတစ်ခုလည်း ဖြစ်မနေတာ တွေ့ရပါတယ်။
 
“အိမ်နားက ဘုန်းကြီးကျောင်းမှာဆို ဘုန်းကြီးက ဆွမ်းခံလို့ရတဲ့ထဲက ဆွန်းကျန်တွေကို ပြန်ဝေပေး တာပေါ့နော်၊ ခုနောက်ပိုင်းမှာ တစ်နေ့တစ်ခြား လာတောင်းတဲ့လူ အရမ်းများလာတယ်၊ အရင်ကဆို အသက် ကြီးပိုင်းတွေ ပလုံကောက်တဲ့လူတွေ လာယူကြတာ၊ ခုဆို ကလေးလေးတွေရော မိသားစုလိုက် လာယူကြတာ အရမ်းများလာတယ်” လို့ အဖြစ်အပျက်ကို တွေ့ရှိသူက ပြောဆိုပါတယ်။
 
မြေပြင်မှာ ကြုံနေရတဲ့အခက်အခဲက စားဝတ်နေရေးသာ မကပါဘူး၊ ခေတ်ဆိုးစနစ်ဆိုးတိုင်းမှာ အပေါင်းအပါနဲ့ ရောက်လာစမြဲဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ ခိုးဆိုးလုယက်မှုတွေပါ။
 
“တနေ့က ၆၅ ရွှေပြည်သာကွေ့ဘက်က သွားတဲ့ကားစီးတော့ ကားသမားက ပြောတယ်။ “ကိုယ့်ကို ကိုယ် ကာကွယ်ကြ” တဲ့ ဓားထောက်လုတဲ့လူ တက်လာလည်း ကျုပ်ကတားနေမှာ မဟုတ်ဘူးတဲ့။ ခေတ်ကာလ အရ သူလည်း သူ ရရာ သူလုပ်တာ၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်၊ သူလည်း သူ့အလုပ် သူလုပ်တာ၊ မတားရဲဘူး၊ အကုန်လုံးက ကိုယ့်ဝမ်းစာအတွက် ကိုယ်လုပ်နေကြတာတဲ့၊ ခေတ်ပျက်နေပြီ ရတာလုပ်နေရ တာတဲ့” “ပြောရရင်တော့ ဓားထောက်ပဲလုလု၊ မသိအောင်ပဲနှိုက်နှိုက်၊ အားပေးတယ်ဆိုတဲ့ပုံစံပေါ့။ လိုင်းကား စီးရတာလည်း မလုံခြုံဘူး။ လမ်းလျှောက်ရတာလည်း မလုံခြုံတော့ဘူး။ အာဏာမသိမ်းခင်က ညဘက် စျေးရောင်းမလား ညလင်းပေါက်အထိ ရတယ်။ ခုက ည ၈ နာရီလောက်ဆို သွားပြီ၊ မလုံခြုံတော့ဘူး။ ဘယ်လိုမှလည်း လုပ်စားမရဘူး။” လို့ ရန်ကုန်မြို့တွင်း သွားလာလုပ်ကိုင်နေရတဲ့ အရောင်းဝန်ထမ်း အလုပ် သမားတစ်ဦးက သူကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်ပြောင်းပြောဆိုပါတယ်။
 
၂၀၂၃ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး ၄ ခုနဲ့ ပြည်နယ် ၄ ခုမှာရှိတဲ့ မြို့နယ် ၃၇ ခု ထက်မနည်းကို မာရှယ်လော စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ကြေညာခဲ့ပါတယ်။ ရန်ကုန်တိုင်း အတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာ မြို့နယ်တွေကိုလည်း စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် သတ်မှတ်ခဲ့တာပါ။
 
စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာပြီး တရားစီရင်ရေးအာဏာကို စစ်တိုင်းမှူးတွေလက်ထဲ ထည့်ပေး ထားတဲ့ ဒီမြို့နယ်တွေဟာ အချက်အချာကျပြီး စက်မှုဇုန်တွေရှိတဲ့ မြို့နယ်တွေဖြစ်သလို အခြေခံပြည်သူတွေ အများအပြား နေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီလိုစစ်အုပ်ချုပ်ရေး နယ်မြေတွေမှာလည်း လုယက်မှု၊ခိုးမှု၊ ဖောက်ထွင်းခိုးယူမှု၊ လက်နက်နဲ့ အကြမ်းဖက်လုယူမှု စတာတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။
 
ဒါ့အပြင် စစ်အုပ်ချုပ်ရေးနယ်မြေတွေနဲ့ အချို့မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသလို တစ်လမ်း ဝင်တစ်လမ်းထွက် ဆိုင်ကယ်စီးနင်းသူတွေ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲပြီး လုပ်ကိုင်စားသောက်နေရသူတွေကို ဖမ်းဆီးတာတွေကြောင့် သွားရေးလာရေးပါ ခက်ခဲသွားတဲ့ အခြေအနေတွေ ဖြစ်ပွားနေတာတွေ့ရပါတယ်။ ဒီလို အခြေအနေအရပ်ရပ်က အေးဆေးစွာ လုပ်ကိုင်စားသောက်လိုတဲ့ အခြေခံလူထုကို အငတ်ငတ် အပြတ်ပြတ် ဖြစ်အောင် မီးလောင်ရာ လေပင့်နေတဲ့ လုပ်ရပ်တွေ ဖြစ်လာပါတယ်။
 
“အငတ်တော့ မခံဘူးလေ၊ ကိုယ့်သားသမီးကို လုကျွေးကြမှာပဲ၊ မိရင်တော့ အထုအထောင်းခံရတာပဲ၊ လုတာယက်တာက နေ့တိုင်းမြင်တွေ့နေကြတာ ရိုးတောင်နေပြီ” လို့ မင်္ဂလာဒုံမြို့နယ်က ပြည်သူတစ်ဦးက ပြောဆိုပါတယ်။
 
“လုတာယက်တာကတော့ အရင်ကထက် သိသိသာသာများလာတယ်၊ သူများနိုင်ငံတွေလို ဝင်လု တာတွေ ဖြစ်မလားဆိုတာတော့ မပြောတတ်သေးဘူး၊ ဒါပေမဲ့ တကယ်ငတ်လာပြီဆိုရင်တော့ မဖြစ်ဖူးဆိုတာ ဘာမှမရှိဘူး” လို့ သူက ဆက်ပြောပါတယ်။
“လုတာယက်တာကတော့ ရွှေပြည်သာဘက်မှာ ဖြစ်နေကြပါ၊ အိမ်ရှင် မရှိတုန်း ဝင်ခိုးသွားတာတွေ ပိုက်ဆံအိတ် အလုခံရတာတွေကတော့ ခဏခဏကြားရတယ်၊ ရပ်ကွက်ထဲမှာ သွားရင်းလာရင်းတောင် အိတ်ကပ်ထဲက ဖုန်းကိုလုတာရှိတယ်၊ ခုဆို ည ၇ နာရီဆို လူမရှိတော့ဘူး၊ လုံခြုံရေးပိုင်းကတော့ စိတ်ပူစရာပဲ၊ ည ၇ နာရီဆို အပြင်မထွက်သင့်တောတဲ့ အခြေအနေလို ဖြစ်သွားပြီ၊ အရေးအကြောင်းရှိလို့ သာရေးနာရေးရှိလို့ သွားရမယ်ဆိုရင်တောင် လွယ်ကူမနေဘူး၊ ကိုဗစ်တုန်းကတောင် ညဘက်သွားလို့ရတယ်၊ ထောက်ခံစာနဲ့ အခုဆို ဘယ်လိုမှ အဆင်မပြေဘူး” လို့ ရွှေပြည်သာမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
 
“ခုဆို ကုန်စျေးနှုန်းကတက်၊ အလုပ်အကိုင်ကရှားပါး၊ ဒီကြားထဲ စကစက ပြည်သူဆီကနေ ဟိုလို တစ်မျိုး ဒီလိုတစ်မျိုး ငွေအမျိုးမျိုးကောက်၊ ငတ်တာ ပြုတာတွေ များလာတော့ ခိုးတာတွေ လုယက် တာတွေ ခပ်စိပ်စိပ်ဖြစ်လာတာပေါ့၊ ငတ်လာတဲ့အခါကျတော့ မလုပ်ရဲတာမရှိကြတော့ဘူး၊ ခိုးဆိုးလုတာတင် မဟုတ် တော့ဘူး၊ ဓါးနဲ့ပါ ထိုးသွားကြတာ၊ ဒီကြားထဲ မူးယစ်ဆေးဝါးတွေက လူငယ်တွေထဲ ပေါ်ပေါ်တင်တင်ကို လုပ်နေကြတာ” လို့ ဧရာဝတီတိုင်း ပုသိမ်မြို့က ပြည်သူတစ်ဦးက လက်ရှိအခြေအနေကို ပြောဆိုပါတယ်။
 
အခုလို ကုန်ဈေးနှုန်းမြင့်တက်လာမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာ ခိုးဆိုးလုယက် တာတွေကို ထိရောက်စွာ နှိမ်နင်းတာတွေ မလုပ်ဖူးဆိုရင်တော့ လူမိုက်ဆန်ဆန်ကိစ္စတွေ ရှိလာနိုင်ပြီး အဆိုးရွားဆုံး အခြေအနေဖြစ်သွားနိုင်တယ်လို့ စောင့်ကြည့်နေသူတွေက သုံးသပ်ပြောဆိုပါတယ်။
 
အခုဖော်ပြခဲ့တဲ့ မြို့ပြရဲ့ အခင်းအကျင်းတွေဟာ စိတ်ညစ်ညူးစရာ ကောင်းလှပေမဲ့ မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေဖြစ်ပြီး ကူကယ်ရာမဲ့အခြေအနေကို ပြည်သူလူထုတစ်ရပ်လုံးနီးပါး ရောက်ရှိနေတာကို တွေ့ရပါတယ်။ အခြေခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ လက်ရှိအခက်အခဲ အဖုံဖုံနဲ့ အငတ်ဘေးဆိုက်ရောက်လာမှုကို ပြည်သူတွေကိုယ်တိုင်ကပဲ ကိုယ့်အားကိုယ်ကိုးနည်းနဲ့သာ ဖြေရှင်းနေကြ ရတာဖြစ်ပြီး မည်သည့်အစိုးရ မည်သည့်ဌာနကမှ အရေးတယူ ကူညီဖြေရှင်းပေးတာ မရှိသလို စိတ်ဝင်စား ပုံလည်း ပြသမနေတာကို တွေ့မြင်နေရတာပါ။
 
စစ်အာဏာရှင်အနေနဲ့ မိမိတို့သာ အာဏာကိုချုပ်ကိုင်နိုင်ရေး တစ်စိုက်မတ်မတ် လုပ်ဆောင်နေသလို ပြန်လည်ခုခံတော်လှန်တဲ့ တိုင်းနဲ့ပြည်နယ်က ဒေသတွေကို တန်ပြန်တိုက်စစ်ဖွင့်ပြီး ချေမှုန်းနေတာ ပြည်သူ ထောင်ပေါင်းများစွာ အသက်ဘေး၊ လက်နက်ဘေး ကျရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ အခြေအနေတွေကို မီဒီယာတွေကနေတဆင့် နေ့စဉ်ကြားသိနေရပါတယ်။
 
လက်နက်စွဲကိုင် ခုခံတော်လှန်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အခြေစိုက်ရာကို စစ်ကြောင်းထိုးတာ၊ နယ်မြေစိုးမိုးရေး လုပ်ဆောင်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာအထိ လုပ်ဆောင်နေသလို မြို့ပြရဲ့ မြေပြင်မှာ စားဝတ်နေရေး ကျပ်တည်းပြီး နေ့စဉ်နဲ့အမျှ စိတ်ပူပန်သောက ရောက်စေရေး၊ ခုခံတော်လှန်မှု မရှိစေရေး စစ်အုပ်စုရဲ့ ကြိုးပမ်းမှုကိုလည်း တွေ့မြင်နေရတာပါ။
အာဏာဖီဆန် ခုခံတော်လှန်နေတဲ့ ပြည်သူတစ်ရပ်လုံးကို လက်နက်နဲ့ ဖိနှိပ်လိုက်ရုံ၊ ဈေးလျှော့ရောင်းရုံနဲ့ ရပ်တန့်သွားဖို့မဖြစ်နိုင်သလို စစ်အုပ်စုက လိုချင်တဲ့ အာဏာရှင်ယန္တရားကိုလည်း ပြည်သူလူထုတစ်ရပ်လုံးက ဝင်ရောက်စီးမျောဖို့မဖြစ်နိုင်တော့ကြောင်း အခြေခံပြည်သူတွေရဲ့ ရင်တွင်းစကားသံတွေက ဖော်ပြနေပါတယ်။
 
ဆုလာဘ်ဖြူ
📍📍📍
ငါတို့မျိုးဆက် - တော်လှန်စာစဉ်၏ အတွဲ၁၊ အမှတ်၁ (ဇူလိုင်လထုတ်)၊ အတွဲ၁၊ အမှတ်၂ (ဩဂုတ်လထုတ်)၊ အတွဲ၁၊ အမှတ်၃ (စက်တင်ဘာလထုတ်) စာမူများကို အောက်ပါ Link များတွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။
Drive Link ✅
အတွဲ၁၊ အမှတ်၃ (စက်တင်ဘာလထုတ်)
အတွဲ၁၊ အမှတ်၂ (ဩဂုတ်လထုတ်)
အတွဲ၁၊ အမှတ်၁ (ဇူလိုင်လထုတ်)
Telegram Channel ✅
@Ngardohmyozet

Related posts

Cover
လုပ်ငန်းခွင်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ဖိအားပေး အလုပ်ထွက်စေခြင်း
May 24, 2024
Cover
ဝင်ငွေ၊ ထွက်ငွေ အချိုးမညီတဲ့ မီးဖိုချောင်ထဲက တိုက်ပွဲများ
May 21, 2024
Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024