NEWS

အလုပ်သမားသဘောဆန္ဒမပါဘဲ သီတင်းကျွတ်ကန်တော့ရန် ငွေကြေးဖြတ်တောက်တာတွေ မလုပ်ဖို့တောင်းဆို

CoverLogo
1.2K Views

လာမယ့်သီတင်းကျွတ်ကာလအတွက် အထက်လူကြီးများ ကန်တော့ရန်ဟုဆိုကာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ငွေကြေးဖြတ်တောက်မှုတွေပြုလုပ်နေသလို လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးတွေ တန်းတူရရှိတာတွေမရှိလို့ ဖြေရှင်းပေးစေလိုတယ်လို့ LUCKY FORTUNE GARMENT အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ ဆရာဦးထွန်းလမ်း အမှတ် -- မှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်း လည်ပတ်နေပြီး တရုတ်နိုင်ငံသားပိုင် ဖြစ်ကာ LCW VISION၊ ENCUENTRO၊ အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။ 

လုပ်ငန်းခွင်မှာ အလုပ်သမားးသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC ဖွဲ့စည်းထားပေမယ့် အလုပ်သမားတွေဘက်က ရပ်တည်ရန်ကြိုးပမ်းတဲ့အလုပ်သမားကို ဖိအားပေးတာကြောင့် အလုပ်ကနေ ထွက်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံမှုရှိနေပြီး  စူပါ လီတာ အကူ စက်သား စတဲ့ အလုပ်သမား ၄၄ ဦးရှိတဲ့ စက်လိုင်းမှာ မိနစ် ၄၀ လျှင် အထည် ၄၀ ချုပ်လုပ်ဖို့ သတ်မှတ်ထားပြီး ဘောင်းဘီအထည်ဆိုလျှင် အထည် ၇၀ ထိ ချုပ်လုပ်ပေးရတာဖြစ်ကာ အဆိုပါ အထည်စံချိန်မပြည့်ပါက အောစူပါ စူပါတွေက ဆဲဆိုတာ ကြမ်းတမ်းရိုင်းစိုင်းစွာပြောကာ ဖိအားပေးခိုင်းစေနေတာလို့ လုပ်ငန်းခွင်ထဲက အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေရပိုင်ခွင့်ရှိတဲ့ ခွင့်ရက်တွေဆိုလည်း အလုပ်သမားတိုင်းတန်းတူမရပါဘူး ရှောင်တခင်ခွင့်ဖြစ်စေ ဆေးခွင့်ဖြစ်စေ စူပါနဲ့ အမျိုးတော်တဲ့သူတွေပဲရတယ် စူပါကို တခုခုပြန်ပြောတဲ့အလုပ်သမားဆို ဘယ်ခွင့်မှမရဘူး ခွင့်တိုင်ပြီး အလုပ်တရက်ပျက်ရင် ပိုက်ဆံဖြတ်တယ် အလုပ်တရက်ပျက်ရင် ဒေးကြေး နဲ့ထောက်ပံ့ကြေး ၇၅၀၀ ကျပ် ရက်မှန်ကြေး ၄၀၀၀၀ ကျပ် ဖြတ်တောက်ခံရတယ် မတရားဘူး"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှုတစုံတရာဖြစ်ပါကလည်း အလုပ်သမားက အိတ်စိုက်ကုသရတာ ဖြစ်သလို အလုပ်ရှင်ဘက်က တာဝန်ယူဆောင်ရွက်ပေးတာမရှိဘူးလို့ ပြောပါတယ်။ 

"အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမမေးမြန်းဘဲ သီတင်းကျွတ် ကန်တော့ဖို့ဆိုပြီး တစ်ဦးချင်းစီလစာထဲက ၁၈၀၀၀ ကျပ် ကောက်တယ်၊ အတင်းအကျပ်ကောက်တာပါ ၊ ဟိုတလောက ရေဘေးအတွက်ဆိုပြီး အလှူခံတုန်းကလည်း အလုပ်သမားတွေက တတ်နိုင်သလောက်ထည့်တာပဲ အဲ့တုန်းကလည်း သိန်း ၂၀ ကျော်ရတာ စာရင်းရှင်းမပေးဘူး ပစ္စည်းတွေလှူတာပဲတွေ့တယ် ငွေလှူတာမတွေ့ဘူး ဖြေရှင်းပေးပါ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ငွေကြေးကောက်ခံတာတွေ ဥပဒေပါခံစားခွင့်တွေမပေးတာ၊ ရိုင်းစိုင်းစွာ ပြောဆိုခိုင်းစေတာတွေ ကျူးလွန်နေတဲ့အပေါ် အောက်ပါ အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

တောင်းဆိုချက်တွေကတော့ 
၁။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်၊ဆေးခွင့်များကိုအလုပ်သမားများကို တန်းတူခံစားခွင့်ပေးရန်၊
၂။ စူပါများမှစံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊အော်ဟစ်ပြီးရိုင်းစိုင်းစွာပြောဆိုခြင်းမပြုလုပ်ရန်။
၃။ အလုပ်သမားများ သဘောဆန္ဒမပါပဲ အလုပ်သမားများလစာထဲတွင် ကန်တော့ရန်အတွက် ပိုက်ဆံဖြတ် ထားခြင်းမပြုလုပ်ရန်။
၄။ ရေဘေးအတွက် ကောက်ခံသော အလှူငွေများကို အလုပ်သမားများကို ပြန်လည်းရှင်းပြရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ချုပ်လုပ်နိုင်သောစံချိန်ကိုသာ တောင်းခံရန်စတာတွေဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026