NEWS

အလုပ်သမားတွေချုပ်လုပ်နေတဲ့ အထည်စံချိန်မတန်တဆတိုးတောင်းကာ ဂရိတ်လျှော့ချတာတွေ ကြောင့် လစာရရှိမှုနည်းပါးလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ

CoverLogo
1.6K Views

လုပ်ငန်းခွင်ထဲမှာအရင်က မချုပ်ဖူးတဲ့ အထည်ပွိုင့်တွေကို စံချိန်အလွန်အကျွံတောင်းခံတာတွေကြောင့် အလုပ်သမားတွေအခက်တွေ့နေရတယ်လို့   FULLWAY Myanmar Garment   စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

"အခုစက်ရုံမှာ ချုပ်နိုင်တဲ့စံချိန်ထက်ပိုတောင်းတယ် အရင်က ဒီစတိုင်က မဝင်ဘူးဘူး ၂၀ ချုပ်နိုင်ရင် ၅၀ တောင်းတာ ရေတောင်မသောက်ရဘူး ကိုယ်တွေလည်းချုပ်ရော ၁၀၀ တောင်းတာ မရရင် ဂရိတ်ချတယ် အိမ်သာမသွား ရေမသောက်ဘဲ ချုပ်ရင်တောင်  ၄၀ ရတယ် ခုတောင်းတဲ့စံချိန်မရဘူး"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ   JUST RAIN၊ FRISTADS၊ KANSAS၊ Mat PA VAGL၊ Winter Cherry စတဲ့ အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်ရတာဖြစ်ပြီး CMP စနစ်နဲ့ချုပ်လုပ်တဲ့ လုပ်ငန်းအမျိုးအစားတွေဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ချိန််အတွင်း အထည်ချုပ်အလုပ်သမားတစ်ယောက်အနေနဲ့ စက်ရုံကတောင်းတဲ့စံချိန်ရဲ့ ထက်ဝက်ကိုရဖို့တောင် ထမင်းစားချိန်လျှော့ချချုပ်လုပ်မှရနိုင်တာဖြစ်လို့ တောင်းတဲ့စံချိန်မရနိုင်တာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဲ့ဒီလို စံချိန်မရပါက အလုပ်သမားတွေအတွက် သတ်မှတ်ပေးထားတဲ့ ဂရိတ် အေ၊ဘီ၊စီ တွေကို လျှော့ချပစ်လိုက်ပြီး ဂရိတ်သတ်မှတ်ချက်အဆင့်အတိုင်းရတဲ့ ဂရိတ်ကြေးတွေ လျှော့ချဖြတ်တောက်ခံလိုက်ရတာပါ။စံချိန်မပြည့်လို့ ဂရိတ်လျှော့ချကာ အိုတီလည်းမခေါ်တော့ဘဲ ခွဲခြားလိုက်တယ်လို့ အလုပ်သမားက ဆိုပါတယ်။

"အလုပ်သမားတွေက ဂရိတ်အေဆိုရင် ၂၀၀၀၀ ဘီဆိုရင် ၁၅၀၀၀ ရတယ် ၊ စံချိန်မရလို့ ဖြတ်တောက်ခံလိုက်ရရင် ဒေးကြေးနဲ့ ရက်မှန်ကြေးပဲကျန်တော့တယ် အိုတီလဲမခေါ်တော့ ရတဲ့လစာက ၁၉၀၀၀၀ လောက်ပဲကျန်တော့တယ်"လို့ အထည်ချုပ်အလုပ်သမ တစ်ဦးကပြောဆိုပါတယ်။

"စံချိန်တိုးတောင်းတော့ စိတ်ထဲလဲမပျော်တော့ဘူး ကိုယ်တွေဘက်က အသည်းအသန်ကြိုးစားပေးတာတောင်  အထည်နည်းနည်းပဲလိုလည်း ဖြုတ်ချတော့ ကြိုးစားချင်စိတ်မရှိတော့ဘူး။ ပွိုင့်တွေချုပ်လို့ အသားကျသွားပြီး အဆင်ပြေမယ်ကြံရင် လည်း လိုင်းပြောင်းသွားရော အလုပ်ပင်ပန်းတာကြောင့်ရော စိတ်ညစ်တာကြောင့် ရော အလုပ်ထွက်သွားတဲ့သူတွေလည်း အများကြီးပဲ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားက ပြောဆိုပါတယ်။

"အလုပ်သမားတွေရဲ့အခက်အခဲကို ဖြေရှင်းပေးသင့်တယ်လို့ ထင်တယ် အလုပ်သမားတွေက တအားခက်ခဲနေတယ် မပြောရဲဘူး ပြောပြန်ရင်လည်း အငြိုးတကြီးနဲ့ ခိုင်းတယ် ဖြေရှင်းပေးသင့်တယ်လို့ထင်တယ်။ နေမကောင်းရင် ပြန်လို့မရဘူး ဆေးသွားတောင်းရင်လည်း မရှိတာများတယ် 
ခွင့်ယူရင်လည်း ဂရိတ်ချတယ် ပြီးတော့ အသက်ကြီးတဲ့သူတွေကို စက်ရုံမှာ မလိုချင်ဘူးဆိုတဲ့စကားတွေထွက်လာတယ် အသက်ကြီးတာက မလုပ်နိုင်တာမှ မဟုတ်တာ သူတို့ လဲ လုပ်နေတာပဲ ဖြုတ်ရင် ရပိုင်ခွင့်တွေမပေးချင်တဲ့ အနေအထားတွေလည်း ရှိတယ်"လို့ အခက်တွေ့နေရတဲ့ အလုပ်သမားက ထုတ်ဖော်ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲက အခက်အခဲတွေကို သက်ဆိုင်ရာရုံးတွေကို တိုင်ကြားပါက အလုပ်ဖြုတ်ခဲ့တာတွေရှိခဲ့ဖူးလို့ အလုပ်သမားတွေအနေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရဲတာတော့မရှိဘူးလို့ ဆိုပါတယ်။,

"အရင်ကဆိုရင်တော့ ပြောရဲဆိုရဲကြတယ် အခုကျတော့ ရေငုံနှုတ်ပိတ် နဲ့ ထမင်းတောင် မစားရဘူး လုပ်ပေးနေရတာ သွားတိုင်မယ်ဆိုရင် အဆင်မပြေဘူး ကိုယ်ဝန်ဆောင်တွေကိုလဲ တန်းတူစံချိန်တောင်းတယ်  အိုတီဆင်းရင်လည်း ခွဲခြားပြီးခေါ်တော့ မဆင်းရတဲ့လူတွေလည်း ရှိတယ်"လို့ အလုပ်သမားက ဆိုပါတယ်။

လက်ရှိ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်သူ ၂၀၀ ကျော်မှာ အမျိုးသမီး အလုပ်သမားတွေ ပိုများပြီး ဂရိတ်အေ သမားက လစာ ၂ သိန်း ကျော် ၊ ဂရိတ် ဘီသမားက ၁၉၀၀၀၀ ခန့်၊  စီသမားက ၁၇၀၀၀၀ ဝန်းကျင်နဲ့ အချိန်ပြည့်အလုပ်လုပ်နေရတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့စံချိန်ပမာဏကိုသာတောင်းဖို့နဲ့ ဂရိတ်ကြေးတွေ မဖြတ်တောက်ဖို့ ၊ ကျန်းမာရေးကိစ္စ တွေကို ပိတ်ပင်တာနဲ့ ခွဲခြားဆက်ဆံမှုတွေမလုပ်ဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026