NEWS

အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၂၅၀ ထိတောင်းခံ

CoverLogo
1K Views

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ SEN YU CLOTHINGS (MYANMAR) နာမည်ပြောင်း  (ZHEJIANG NEWWAY(MYANMAR) GARMENTအထည်ချုပ်စက်ရုံမှာ အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၂၅၀ နှုန်းအထိသတ်မှတ်ချုပ်လုပ်စေပြီး စံချိန်မပြည့်ပါက အော်ဟစ်ဆဲဆိုပြီးဖိအားပေးခိုင်းစေတာတွေကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတာလို့ သိရပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂနဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတွေဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ အဆိုပါလုပ်ငန်းခွင်မှာ ဂျပန်အော်ဒါဖြစ်တဲ့   XSIDE အမှတ်တံဆိပ် ဂျာကင်အင်္ကျီအထည်တွေချုပ်လုပ်ရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ပေးချေနေတဲ့ အခကြေးငွေနှုန်းထားကတော့အလုပ်ချိန် ၈ နာရီအတွက်  ဒေးကြေး ၅၈၀၀ ကျပ်( ထောက်ပံ့ကြေးအပါ) အချိန်ပိုကြေး တစ်နာရီ ၁၄၀၀ ကျပ်၊ ရက်မှန်ကြေး တစ်လလျင် ၂၀၀၀၀ ကျပ် ၊ ကျွမ်းကျင်ကြေး အေအဆင့် ၄၀၀၀၀ ကျပ် ဘီအဆင့် ၃၀၀၀၀ ကျပ် စီအဆင့် ၂၀၀၀၀ ကျပ်သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။

"ချိုးဖောက်တာကတော့ အထည်စံချိန်ကို အလုပ်သမားမချုပ်နိုင်တဲ့ အရေအတွက်ထိ အတင်းအဓမ္မတောင်းဆိုတာပါ မနက် ၈ နာရီကနေ ည ၇ နာရီအထိ တလိုင်းကို တနာရီ ၂၅ ထည်နှုန်းချုပ်ပေးရတယ် ၁၀ နာရီစာ ၂၅၀ လောက်ချုပ်ရတယ် အကယ်၍ သူတို့တောင်းတာ မပြည့်ဘူးဆိုရင်အောစူပါ စူပါ တွေက အော်ဟစ်ပြောဆိုပြီး နိုင်ငံခြားသားတွေကလည်း ဝင်ပြီး အော်ဟစ်ခိုင်းစေတာတွေလုပ်တယ်"လို့ လုပ်ငန်းခွင်အတွင်းက အမည်မဖော်လိုတဲ့အလုပ်သမားက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ခွင့် ဆေးခွင့် ရှောင်တခင်ခွင့်တွေ မရဘဲ တရက်ပျက်ပါက ကျွမ်းကျင်ကြေးတွေနဲ့ ‌ရက်မှန်ကြေး ၂၀၀၀၀ ကျပ် ဖြတ်တောက်ခံရပြီး ပျမ်းမျှအားဖြင့် ကျပ် ၃၀၀၀၀ ကျပ် ဖြတ်တောက်ခံရလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အကြောင်းတစုံတရာရှိလို့ ဂိတ်ပက် ( အပြင်ထွက်ခွင့်) ယူရင်  ရက်မှန်ကြေး ၂၀၀၀၀ ကျပ် ဖြတ်တယ် အရေးပေါ် ရှောင်တခင်ခွင့် ခွင့်ပြုတယ်ဆိုလည်း နိုင်ငံခြားသားတွေက ကျွမ်းကျင်ကြေး အဆင့်ချမယ်လို့ ခြိမ်းခြောက်တာတွေလုပ်တယ်" လို့ အလုပ်သမားကပြောပါတယ်။

"တခြားဌာနတွေမှာ အောလင်း အောနိုက် ( ညလုံးပေါက်) တွေ အလုပ်သမားသဘောဆန္ဒမပါဘဲ ဆင်းရတာတွေရှိတယ် တစ်လကို ၁၀ ရက်လောက်ဆင်းရတယ် အချိန်ပိုဆင်းရပေမဲ့ အချိန်ပိုကြေးနဲ့ တခြားဆုကြေး တွေလည်း အပြည့်အဝ မရလို့ အလုပ်သမားတွေက မကျေနပ်ကြဘူး"လို့ အလုပ်သမားကပြောပါတယ်။

အထက်ပါ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့အထည်စံချိန်ကို သာ သတ်မှတ်တောင်းခံရန် နိုင်ငံခြားသားတွေ တိုက်ရိုက်ခိုင်းစေတာတွေ အော်ဟစ်ပြောဆိုတာတွေ မလုပ်ရန် လုပ်ငန်းခွင်အတွင်း ဥပဒေပါခွင့်တွေ ယူပါက ကျွမ်းကျင်ကြေးနဲ့ ရက်မှန်ကြေးများ မဖြတ်တောက်ရန် ဂိတ်ပက် ယူပါကလည်း ရက်မှန်ကြေးမဖြတ်ရန် စူပါ အောစူပါ ဝန်ထမ်းများမှ အလုပ်သမားတွေကို အော်ဟစ်ပြောဆို ခြင်းမပြုရန် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင်နဲ့ အပူ အအေးမျှတမှုရှိအောင် ဆောင်ရွက်ပေးရန် အခြားဌာနများတွင် အိုတီခေါ်ပါက အိုတီကြေး အပြည့်အဝပေးရန် နဲ့ အလုပ်သမားသဘောဆန္ဒနဲ့သာ အိုတီခေါ်ရန်  စတဲ့ အချက်တွေကို ‌ကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026