NEWS

အထည်စံချိန်အလွန်အကျွံတောင်းခံပြီး အချိန်ပိုအခမဲ့ဆင်းခိုင်း

CoverLogo
918 Views

MENGYUE GARMENT Co.,ltd မှာ အထည်ချုပ်လုပ်သားတွေကို ချုပ်လုပ်ရတဲ့အထည်စံချိန်အလွန်အကျွံတောင်းခံမှုတွေပြုလုပ်ပြီး အချိန်ပိုအခမဲ့ ဆင်းခိုင်းပြီး စံချိန်ပြည့်အောင်ချုပ်လုပ်ပေးနေရတာတွေအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေလို့ ဖြေရှင်းပေးဖို့ အလုပ်သမားတွေကပြောပါတယ်။ 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မြတောင်ဝန်ကြီး ဦးမှိုလမ်း အမှတ် -- မှာဖွင့်လှစ်ထားတဲ့တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀ ကျော်နဲ့ PALLTEX  စာဖိုမှူးအင်္ကျီ၊ မိုးကာဂျာကင်၊ ဘောင်းဘီရှည် စတဲ့ ဂျပန်အော်ဒါတွေချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်မှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံသားစက်ရုံမှူး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က အလုပ်သမားတွေကို တိုက်ရိုက်ခိုင်းစေနေပြီး အလုပ်သမားတွေကို ကြိမ်းမောင်းဆူဆဲတာ စကားပြန်ခေါ်ကာ ဆဲဆိုခိုင်းနေသလို စကားပြန်ဆိုသူမှလည်း အလုပ်သမားတွေကို ပြန်လည်ဆဲဆိုတာတွေပြုလုပ် နေလို့ နေ့စဉ် လုပ်ငန်းခွင်အတွင်း စိတ်ဆင်းရဲနေရတယ်လို့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောပါတယ်။

အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ ဆဲဆိုခိုင်းစေတာအပြင် အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ကျော်လွန်တဲ့ အထည်စံချိန်ကို တောင်းခံပြီး အလုပ်သမား ၃၀ ရှိတဲ့စက်လိုင်းတစ်လိုင်းလျှင် တနာရီကို အင်္ကျီ အထည် ၃၀ ၊ ဘောင်းဘီချုပ်လုပ်ရပါက ၃၅ ထည် ချုပ်လုပ်ပေးရန် သတ်မှတ်ထားတာကြောင့် အချိန်မီပြီးစီးအောင်ချုပ်လုပ်ပါက နောက်ထပ် ထပ်တိုးတောင်းဆိုမှုတွေပြုလုပ် တာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

"သူတို့တောင်းတဲ့အထည်စံချိန်ကို အသန်းအသန် ချုပ်ပေးလို့ ပြီးသွားရင် စံချိန်ကိုထပ်တိုးတောင်းတယ် တိုးတောင်းတော့ အထည်စံချိန်မပြည့်တော့ဘူး အဲ့ခါကျတော့ တနင်္ဂနွေနေ့မှာ အချိန်ပိုအလကား ဆင်းပေးပြီးချုပ်ပေးရတယ် အလုပ်ရှင်ဘက်က တဖက်သတ်တောင်းခံတဲ့အတိုင်းချုပ်ပေးရတာပါ တနင်္ဂနွေ အပတ်တိုင်းလိုလိုပဲ ဆင်းပေးနေရတာ"လို့ အထည်ချုပ်အလုပ်သမား တစ်ဦးကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ သောက်သုံးရေ မလုံလောက်တာ လူရွယ်အလုပ်သမားတွေကို ဆရာဝန်လက်မှတ်မပါဘဲ ခိုင်းစေနေပြီး လူကြီးလုပ်သားတွေနဲ့ တန်းတူခိုင်းစေတာ ၊ ခွင့်ခံစားခွင့်မပေးတာ တွေလည်း ပြုလုပ်နေပြီးဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

ဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ဆေးခွင့်၊ ရှောင်တခင်ခွင့် တွေမပေးဘဲ ခွင့်တရက်တိုင်ကြားပါက ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၄၀၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ်     ဖြတ်တောက်ခံရပြီး နစ်နာမှုတွေဖြစ်ပေါ်နေတာလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်ဆင်းရက် ပျက်ကွက်ခြင်းမရှိပေမဲ့ ၊ ဂိတ်ပက် ( အပြင်ထွက်ခွင့်လက်မှတ်) ယူပါက ရက်မှန်ကြေး ၃၀၀၀၀ ကျပ် လုံးဝ မရတော့တာလို့ ဆိုပါတယ်။

"အလုပ်လုပ်ရင်းထိခိုက်တာတွေရှိတယ် အလုပ်ခေါ်တုန်းက packing နဲ့ခေါ်ပြီး တကယ်ခိုင်းတော့     snap ရိုက်ခိုင်းတော့ လက်ပြတ်သွားတဲ့ အလုပ်သမားရှိတယ် အဲ့တာလည်းအလုပ်ရှင်ဘက်က တာဝန်ယူပေးတာမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ခေါ်စဉ်က ဒေးကြေး(၆၈၀၀)ကျပ်၊ ထောက်ပံ့ကြေး(၂၀၀၀+၂၀၀၀)ကျပ် အချိန်ပိုအိုတီကြေးကို (၁၄၀၀)ကျပ်ပေးမည်ဆိုကာပြောထားပေမယ့် အလုပ်ထွက်ပါက ထောက်ပံ့ကြေး (၂၀၀၀)ကျပ်၊ ဒေးကြေး(၄၈၀၀)ကျပ်ဖြင့်သာ လစာထုတ်ပေးခြင်းကြောင့် မကြာခဏ ပြဿနာဖြစ်ပွားနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ သင့်တင့်မျှတပြီး ဘေးကင်းသောလုပ်ငန်းခွင်ဖြစ်ရေး အတွက် အောက်ပါ အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ ပြောထားပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ခံစားခွင့်ရှိသော ဆေးခွင့်၊ ရှောင်တခင်ခွင့်ခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အလုပ်လုပ်နေရင် လုပ်ငန်းခွင်ထိခိုက်မှုတွေလဲရှိလျင် အလုပ်ရှင်ဘက် မှတာဝန်ယူပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ချုပ်လုပ်နိုင်သော အထည်စံချိန်ကိုတောင်းခံရန်။
၄။ စက်ရုံတွင်တရုတ်နိုင်ငံသားစက်ရုံမှူးမှ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်နေခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ တရုတ်နိုင်ငံသားမှ အလုပ်သမားများကို ဆဲဆိုခြင်းမပြုလုပ်ရန်စတာတွေ တောင်းဆိုလိုတယ်လို့ ပြောပါတယ်။ 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026