NEWS

အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက်ပိုမိုသတ်မှတ်တောင်းခံပြီး မပြည့်ပါက အချိန်ပိုကြေးမပေးဘဲ ခိုင်းစေ

CoverLogo
639 Views

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ S-M MYANMAR Garment CO, Ltd အထည်ချုပ်စက်ရုံမှာ အထည်ချုပ်လုပ်သားတွေကို ချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်သတ်မှတ်တောင်းခံပြီး စံချိန်မပြည့်ပါက တနင်္ဂနွေနေ့မှာ အခကြေးငွေမရဘဲ အချိန်ပိုမဖြစ်မနေဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အောစူပါ စူပါတွေအနေနဲ့ အထည်ချုပ်အလုပ်သမားတွေကို အထည်စံချိန်တောင်းခံရာမှာ စက်လိုင်း တစ်လိုင်းလျင် စူပါအပါ ၄၀ ဝန်းကျင်ရှိပေမဲ့ တနာရီ လိုင်းပေါက်အထည် ၃၅ ထည်ချုပ်လုပ်ဖို့သတ်မှတ်ထားပြီး အလုပ်သမားတစ်ဦးလျင် ပွိုင့် သုံးပွိုင့်ထိ ချုပ်လုပ်နေရတာဖြစ်သလို ပျက်ကွက်သူရှိပါကလည်း စံချိန်ကို လျှော့တောင်းတာမရှိလို့ ပြည့်မီအောင်ချုပ်ဖို့ခက်ခဲနေတာလို့ဆိုပါတယ်။

"အထည်စံချိန် မပြည့်ရင် အောစူပါ စူပါတွေက အော်ဟစ်ဆဲဆိုတွေလုပ်ပါတယ်။ အထည်စံချိန်ပြည့်အောင်ဆိုပြီး ပိတ်ရက်တွေမှာခေါ်ပြီး အိုတီကြေးမပေးဘဲ ဆင်းခိုင်းတယ်"လို့ အလုပ်သမားကပြောပါတယ်။

အများပြည်သူအလုပ်ပိတ်ရက်တွေမှာအချိန်ပိုဆင်းခိုင်းရာ ဖိအားပေးခိုင်းစေမှုကြောင့် မဖြစ်မနေ ဆင်းနေရပြီး အချိန်ပိုကြေးလည်းမရရှိသလို လူမှုရေး ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

"စက်လိုင်းမန်နေဂျာဆိုရင် အလုပ်ရှင်ဘက်က တဖက်သတ်တောင်းတဲ့ စံချိန်မရရင် အော်ဟစ်ပြီးဆဲနေရာ ရိုင်းလည်းရိုင်းတယ် အလုပ်ချိန်စကားပြောရင် ဝမ်တိမ်ထိုးရမယ်ဆိုပြီးပြောသေးတယ်"လို့ ပြောပါတယ်။

လက်ရှိမှာ တနင်္လာနေ့ကနေ စနေနေ့ထိ ပုံမှန်အလုပ်ချိန် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီ သတ်မှတ်ထားပြီး အချိန်ပို ၂ နာရီထပ်မံခေါ်ယူတာကြောင့် ည ၈ နာရီထိ ဆင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေခန့်ထားပြီး လုပ်သက် ၃ လ ပြည့်ပေမဲ့ ဝန်ထမ်းခန့်အပ်ခြင်းမပြုတာ နေ့စားသမားတွေကို မကြာခဏအလုပ်မှ ထုတ်ပယ်တာ အလုပ်ပျက်ပါက အလုပ်မှ တန်းထုတ်ပစ်တာ စတာတွေ ပြုလုပ်နေလို့ နေ့စားအလုပ်သမားတွေ နစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

ကျွမ်းကျင်ကြေးအဆင့်သတ်မှတ်ပေးထားရာမှာ ကျွမ်းကျင်အဆင့်များကို A+(၇၀၀၀၀)၊ A(၅၀၀၀၀)၊ B(၃၀၀၀၀)၊ C(၂၀၀၀၀)ကျပ်ဖြင့်သတ်မှတ်ထားပြီး ကျွမ်းကျင်ကြေးပေးချေရာမှာတော့ တကယ်ကျွမ်းကျင်သူတွေမရရှိဘဲ နစ်နာမှုရှိနေတယ်လို့ ပြောပါတယ်။

အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်လည်းမရရှိခြင်း၊ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသော်လည်း အလုပ်သမားများကဆေးခွင့်ခံ စားခွင့်မရရှိခြင်း၊ ထို့ခံစားခွင့်များမရရှိခြင်းကြောင့် အလုပ်သမားများနေထိုင်မကောင်းလို့ အလုပ်တစ်ရက် ပျက်လျှင်ခွင့်တိုင်သော်လည်း ခွင့်မရရှိသည့်အတွက် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်၊စုစု ပေါင်း(၂၅၈၀၀)ကျပ်ဖြတ်တောက်ခံရသည့်အပြင် ကျွမ်းကျင်ကြေးရရှိထားသောအလုပ်သမားဆိုလျှင်လည်း ကျွမ်းကျင်ကြေးပါအဆင့်လိုက်ပါ ဖြတ်တောက်ခံရလို့ နစ်နာရတယ်လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး mayoral အမှတ်တံဆိပ် အနွေးထည်အင်္ကျီတွေချုပ်လုပ် နေတာလို့ သိရပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသောနေ့စားသမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ရန်။
၂။ အလုပ်သမားများကိုအချိန်ပိုအိုတီအလကားဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီအလကားမဆင်း ပါကဖိအားပေးခြင်းမပြုလုပ်ရန်။
၃။ ကျွမ်းကျင်အဆင့်သတ်မှတ်ရာတွင် ဘက်လိုက်မှုမရှိပဲ အလုပ်ပေါ်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရန်။
၄။ စက်လိုင်မန်နေဂျာမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်နှင့် လူမှုဖူလုံရေးဆေးခွင့်ကို ခံစားခွင့်ပေးရန်
၆။ စံချိန်တောင်းခံရာတွင် အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026