ARTICLE

အငွေ့ပျံ လုပ်ခလစာ အတွေးများ

CoverLogo
116 Views

ကိုမင်းတို့ လုပ်ခလစာအကြောင်းတွေးနေတာတော့ တော်တော်ကို ကြာပါပြီ။ ဘယ်လောက်ကြာသလဲ ဆိုရင် ၃ နှစ်နီးပါး ရှိနေပြီ။ တိုင်းပြည်ကို မေတ္တာနဲ့ အုပ်ချုပ်တဲ့ အမေအို လက်က ဘီလူးအုပ်စုက လုယူ အုပ်ချုပ်ကတည်း ကဆို ၃ နှစ်တောင်ကျော်လာပြီ။ ကိုမင်းတို့က စစ်အာဏာသိမ်းတာ နှစ်ကြိမ်ကြုံခဲ့ပြီး ဘောင်းဘီချွတ်အစိုးရ အုပ်ချုပ်မှု လက်အောက်မှာလည်း ၅ နှစ်လောက် နေခဲ့ဘူးတော့ ဘယ်လောက် ချွေတာ စုဆောင်း လက်ထဲရှိတဲ့ ပိုက်ဆံတွေ အငွေ့ပျံသလို ပျောက်တတ်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ဘူးပြီ။

အခုဆိုကြည့်လေ.. အမေအိုလက်ထက်က ကိုမင်းလစာ ၃ လစာဆို ရွှေတကျပ်သားဝယ်လို့ရနေပြီ။ မဒမ် ကိုမင်း ဆို ပြုံးလို့ ပျော်လို့ ။ နှစ်ဖက်မိဘတွေကိုလည်း လိုအပ်သလို ထောက်ပံ့နိုင်ခဲ့သေးတယ်။ ရတဲ့လစာ ကလည်း မိသားစု ၅ ယောက်လောက် စားလို့ရတယ်လေ။

အခုတော့ အခြေအနေတွေက ကွာခြားနေပြီ ....

ကိုမင်းရဲ့ တနှစ် နီးပါး လစာကို မစားရက်မသောက်ရက် စုပါမှ ရွှေတကျပ်သား ဝယ်လို့ရတဲ့ အခြေအနေ ။ ဒါတောင် ပိုက်ဆံကိုင်ပြီး ရွှေလိုက်ဝယ်ရင် ရွှေဆိုင်တွေနဲ့ မျက်မှန်းတန်းမိမှ ဝယ်လို့ရတဲ့ အခြေအနေ။ တချိုဆိုင်တွေဆို နောက်နေ့မှ လာခဲ့ ဆိုပြီး လွတ်လပ်လပ် ဝယ်မရတဲ့ အခြေအနေ ။

မဒမ်ကိုမင်းဆို ဈေးနေ့တိုင်းမသွားနိုင်တော့ဘူး။

ဈေးသွားတဲ့နေ့ဆို ငြီးငြူတာများ ခြူသံကို ပါလို့ ။

“ငါးဈေးက ၂၅၀၀၀၊ ကြက်သား ဆို အရိုးစားရတာ ကံကောင်း၊ ထိုင်းတို့ တရုတ်တို့ ကျေးဇူးတင်ပါ” ဆိုပဲ။  လက်ဖက် သုတ်စားတဲ့ ဂေါ်ဖီတောင် ၁၀၀၀ လောက်ပေးဝယ်ခဲ့ရတယ်၊ နောက်ရှိသေးတယ် ရုံးပတီသီး တတောင့် တရာ၊ သခွားသီးကတလုံး ၃၀၀ ဆိုလည်း ဝယ်စားရပြန်တယ်။ ဈေးတဈေးမှာ တရာတန်တဲ့ ပစ္စည်း ဘာမှ မရှိ ။  ငါးဆယ်တန်တွေ ဘုရားစင် တင်လှူထားရတဲ့ ခေတ် ။ ဆီဈေးကတော့ ဆီအသင်းက ထုတ်ပြန်တာက တမျိုး လက်တွေ့ ဝယ် နေရတာတမျိုး ။ဈေးနှုန်း ၂ မျိုးရှိတဲ့ နိုင်ငံပါ ဆိုတဲ့။

တကယ်တော့ ထူးဆန်းတာမျိုးမဟုတ်။ နိုင်ငံမှာက ရွှေဈေးလည်း နှစ်မျိုး၊ ငွေလဲလှယ်ဈေး ကလည်း နှစ်မျိုးပဲ ။ ဒါကတော့ အာဏာသိမ်းထားတဲ့ အစိုးရက  နှစ်မျိုးဖြစ်အောင်လုပ်ထားတာမလား။ အိုးပစ်၊ အိမ်ပစ်၊ မိဘပစ် ထားပြီး နိုင်ငံခြားအထိ အလုပ်သွားလုပ်ရတဲ့ ရွှေမြန်မာတွေဆီက နိုင်ငံခြားငွေကို ဘယ်ရွေ့ဘယ်မျှနဲ့ ဝယ်ပေးတယ်ဆိုတဲ့ ဈေးနှုန်းက တမျိုး၊ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ မြန်မာကျပ်ငွေးဈေးက တမျိုး ၊ အဲလိုနှစ်မျိုး ဖြစ်နေတာ။

ဒီလို နှစ်မျိုးဖြစ်တဲ့ ဈေးနှုန်းတွေကြောင့်ပဲ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေတော့ ဘယ်လိုအခက်အခဲတွေကို ဖြေရှင်း ဘယ်လို ခရီးဆက်နေလဲ မသိဘူး။ လူထုနဲ့ အလုပ်သမားတွေမှာတော့ သက်ရောက်မှုတွေက ကြီးကြီးမှ ကြီးပဲ ။ စက်သုံးဆီဆို မကြာခဏ ပြတ်တယ်။ စက်သုံးဆီရောင်းတဲ့ ဆီဆိုင်မှာ တန်းစီရအချိန် ကအကြာကြီး ၊ တချို့ဆို နေ့တဝက် နီးပါး။ အထည်ချုပ် စက်ရုံတွေမှာဆို စက်သုံးဆီမရှိလို့ မလည်ပတ်နိုင်၊ စက်ရုံတွေ ခဏပိတ်ထားရတာမျိုး မကြာခဏ ကြုံ ရ။

လုပ်ငန်းရှင်က ဘယ်လောက် နစ်နာလည်း မသိဘူး၊ အလုပ်သမားတွေမှတော့ ချေးရငှားရတဲ့ အခြေအနေကို တန်းရောက်သွားရပါတယ်။

ကိုမင်းနေတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အလုပ်သမား မိသားစုတွေ ရှိတယ်။

အလုပ်သမားမိသားစု တစုက အမျိုးသမီးငယ် ဆိုရင်၊ အဲ့ဒီ စက်ရုံမှာ လုပ်ကိုင်နေတာ ၁၅ နှစ်ကျော်ပြီ၊ တူမလေး တယောက်နဲ့ အဖေအိုကို လုပ်ကိုင်ကျွေးနေတာ ။

သူ့မှာ ထောက်ပံ့ကြေး တရက် တထောင်တိုးလို့ ဝမ်းသာရတယ်။ ဒါတောင် နှစ်လလောက် အဲဒီတိုးပေးတဲ့ ထောက်ပံ့ကြေး မရရှာဘူး ။ လက်ရှိ သူ့ရဲ့ လစာက နှစ်သိန်းစွန်းစွန်းလေး။ ဒါတောင် အချိန်ပို လုပ်မှရတာ ။ အခြေခံလစာကတော့ တသိန်းရှစ်သောင်းကျော်ကျော်ရယ်။ သူ့ အလုပ်လုပ်နေတဲ့ ကုန်ထုတ်လုပ်ငန်းဆိုတာက လူထုဝယ်လိုအားပေါ်မူတည်ပြီး ထုတ်လုပ်နေရတာ။ ဝယ်လိုအား ကျတဲ့ လတွေဆို အိုတီမလုပ်ရတော့ဘူး။ ဒီလိုလတွေဆို ပြဿနာ အကြီးကြီး ဖြစ်ပြီပဲ။ လဆန်း ၁၀ ရက်လောက်ရောက်ရင် အငွေ့ပျံတဲ့ လုပ်ခ လစာတွေ အစွမ်းပြတော့တာပါ။

သူ့တို့ မြေး တူအရီးတွေက လုံးချင်း တနေရာကို ငှားနေကြတယ်။ ရက်ကွက်အခေါ် လုံးချင်းပေါ့ ။ လုံးချင်းဆိုတိုင်း ရွှေတောင်ကြားက ခြံတွေ၊ တိုက်တွေကို ၊ မြို့ထဲ တိုက်ခန်းတွေကို လှမ်းမမြင်ပါနဲ့ဦး ။ ၂၀ ၊ ၆၀ မြေကွက်မှာ တခြမ်း ကို လိုင်းခန်းတွေကို အပြည့်ဆောက် ၊ တချို့ကတော့ တထပ်တည်း၊ တချို့လည်း နှစ်ထပ်၊ တချို့ကတော့ သုံးထပ် အထိ ။

အဲလိုထဲ နှစ်ထပ် အဆောက်အဦး နောက်ဆုံးက အခန်းလေးတခန်းကို လုံးချင်းဆိုပြီး ငှားကြတယ်။ အဲဒီ ၁၀ ပေ၊ ၈ ပေ အခန်းကျဉ်းထဲ မြေးအဖိုး သားဖတွေ နေကြတယ်။ ဒါကို လုံးချင်းလို့ ပြောကြတယ်။ အခန်းက ကျဉ်းကျဉ်း၊ ရေချိုး၊ သန့်စင်ခန်း စုပေါင်း အသုံးပြုတဲ့ လုံးချင်းမှာ နေကြပါတယ်။ ဒီအခန်းကိုပဲ ငှားခ တလ ၆၀၀၀၀ ၊ ဈေးလျှော့ ပေးတဲ့ အခန်း ငှားချင်တာပေါ့ ၊ ဒီထက် လျော့တဲ အခန်း ငှားရင်လည်း အမျိုးသမီးနှစ်ဦးအတွက် မလုံခြုံနိုင်တော့ ။ ဝါးထရံကာ၊ ဝါးယားခင်းထားတဲ့ ယိုင်နဲ့နဲ့ အခန်းလေးတွေကတော့  ၄၀၀၀၀ လောက်ပေး ရပါတယ်။

နေစရာ ၆၀၀၀၀ ဆိုတော့ ၊ တလ ဆန် ၁၅ ပြည်လောက်ကုန်တော့ ၆၀၀၀၀ ကနေ ၇၅၀၀၀ လောက် ကုန်ပါတယ်။ တလ ဟင်းဖိုး ၅၀၀၀၀ လောက်ပဲ ကုန်အောင် မနည်းဖိညစ်ချက်ပြုတ်ရပါတယ် တဲ့ ။ ဗာဟီရ နဲ့ တိုလီမုတ်စ စုစုပေါင်း ၄၀၀၀၀ လောက်ရှိပါတယ်။ ဒီထဲမှာ ဘုရားပွဲတို့၊ ဈေးပွဲတော်တို့၊ ၊ သင်္ကြန်မဏ္ဍပ်အတွက် ဆိုပြီး ရပ်ကွက်အာဏာပိုင်တွေ နာမည်အမျိုးမျိုးနဲ့ တောင်းနေလို့ မျှထည့်ပေးပါဆိုတဲ့ ကုန်ကျစာရိတ်တွေလည်း ပါတာပေါ့ ။ အဲလိုကောက် တာတွေက တခါတရံ မဟုတ်ဘူး နော် ။ ကင်းကြေး ၊ ဧည့်စာရင်းကြေးဆို အပတ်စဉ်ပေးနေရတာတွေ ရှိပါတယ်။ 

ကုန်ကျစရိတ်ဆိုတာမျိုးက မိသားစုတွေအတွက် ကွက်တိဆိုတာမျိုး မရှိကြပါဘူး။  အမျိုးသမီးငယ်တွေဖြစ်လို့ အလှအပလေးတွေ မဝယ်နိုင်ကြပါဘူး။ ကျန်းမာရေးလို တခြာလူမှုရေး အရေးကြီးတဲ့ ကိစ္စတွေမျိုးရှိတဲ့လတွေဆို လဆန်း ၁၀ ရက်လောက်ကတည်းက ရှာရဖွေရ ချေးရငှားရတော့ တာပါ ။

အိမ်နားက ပုကြွယ်တို့ မိသားစုမှာ ဆို အမေဖြစ်သူက အဓိက ဝင်ငွေရှာတဲ့သူ။  အထည်ချုပ်စက်ရုံက အလုပ်သမ တဦး။ မိသားစုက ၅ ယောက်၊ ပုကြွယ်အဖေက အသည်းရောဂါသည်။ ပုကြွယ်ညီက အရွယ် မရောက် သေးဘူး ၊ သူကိုတော့ သူ့အဖွားက ကြည့်ပေးတယ်ပေါ့။ နေတဲ့လိုင်းခန်းက ဆောက်လုပ်ရေးကုမ္ပဏီက ပိုင်တယ်။ ဒီတော့ ပုကြွယ်အဖေ ရောဂါသည်ဆိုပေမဲ့ တပတ် သုံးရက်တော့ အလုပ်လုပ်ရတယ်။ သာမန်ဆောက်လုပ်ရေး လုပ်သား  တဦး တနေ့လုပ်ခ ၁၄၀၀၀ လောက် ရတဲ့အချိန် ပုကြွယ်အဖေက ၉၀၀၀ ပဲရတယ်။ အရွယ်မရောက် သေးတဲ့ ပုကြွယ်က ၅၀၀၀ ရတယ်။ ဒါက သူတို့မိသားစု နေရေးအတွက် ရသနဲ့လောက် လုပ်ရတဲ့ သဘော။

ပုကြွယ်အမေက မဒမ်ကိုမင်းဆီ မကြာခဏ လာငြီးရှာပါတယ် ။ အမှန်ကတော့ ငွေပြတ်လာလို့ လာချေး ငှားတာ ပါ။ သူကတော့ ပုံမှန် ၁၈ ရက် ပတ်လည်လောက်ဆို ရောက်လာတတ်ပါတယ်။ သူက ရပ်ကွက်ထဲ တင်မဟုတ်ဘူး စက်ရုံမှာပါ ချေးငှားရတယ်လို့ ဆိုတယ်။ သူ့ရဲ့ဝင်ငွေကလည်း မသေးပါဘူး။ သုံးသိန်းဝန်းကျင် ရှိပါတယ်။

ပုကြွယ်အဖေကတော့ နေမကောင်းလိုက်၊ ပြန်သောက်လိုက်နဲ့ လုံးချာလည်နေတယ်။ လုပ်ခကတော့ သူ့အမျိုးသမီး ဆီ မရောက်။ သူ့အမျိုးသမီက ဆေးကုပေးလိုက် ပြန်ကောင်းလာလိုက်၊ အလုပ်လုပ်လိုက် ပြန်သောက်လိုက်ပေါ့ ။ ပုကြွယ်ကတော့ သူ့အမေကို ပေးတယ်တဲ့။ အဲ့တော့ မိသားစုလိုက်ဆို သုံးသိန်းကျော်ကျော် လောက် ဝင်ငွေရှိတဲ့ မိသားစုပါပဲ။

ဒီခေတ် ကလေးစရိတ်က လူကြီးမနက်စာလောက်ရှိတယ်။ ပုကြွယ်နဲ့ သူ့ညီအတွက်ပဲ တနေ့ သုံးထောင်မက ကုန်တယ်။ ဒါ့တင်မဟုတ်သေး ကလေးထိန်းပေးတဲ့ အမေဖြစ်သူအတွက်ပါ ပေးခဲ့ရတော့ မိသားစု တလ ဝင်ငွေ ရဲ့ သုံးပုံတပုံလောက် ကုန်ပြီ။ မကုန်လို့လည်း မဖြစ် ။ မုန့်တထုတ် ၂၀၀ လောက် အနည်းဆုံးမလား ။ မနက်စာ ဘာညာနဲ့ ဆို သုံးထောင်ဆိုတာ သာမန်လောက်။ သူတို့ မိသားစုက ဆန်တပြည်လောက် ကုန်တဲ့ မိသားစုတွေ။ ဟင်းအတွက် မပါဘဲ လစာက ကုန်သလောက်ဖြစ်နေပြီ ။ ဒါတောင် အိမ်လခ မပေးရလို့ ။ သူတို့လစာတွေက ကုန်ဈေးနှုန်းကပဲ မြင့်တာကြောင့်လည်း ငွေကပဲ တန်းဖို့မရှိ တာလား သူလည်း မခွဲတတ်တော့ဘူး ။ လကုန်ဆို အကြွေးရှင်ဆီ ပြေးရတာပါပဲ။

ပုကြွယ်အမေရဲ့ တနေ့လုပ်ခ လစာ ၅၈၀၀ က သူ့မိသားစုအတွက် တနေ့ အသုံးစာရိတ် မလုံလောက်တော့ပါဘူး ။ ဒါပေမဲ့ ရှင်သန်ရပ်တည်ရေးအတွက် အလုပ်ကတော့ ဆက်လုပ်နေရပါတယ်။ 

သူရဲ့ လုပ်သက်နဲ့ လောဘကြောင့် အလုပ်မှာတည်မြဲနေတာပါ ။ သူ့အသက် ၃၀ တော်တော် ကျော်နေပြီ ။ သာမန် သူလိုကိုယ်လိုဆို အထည်ချုပ်စက်ရုံတွေက မခိုင်းတော့ပါဘူး။ ငယ်ရွယ်ပြီး ပြောရင် ငြိမ်တဲ့ အလုပ်သမားတွေ ကိုသာ စက်ရုံတွေက လိုအပ်တာပါ။ ဒါပေမဲ့ မိသားစုအတွက် သူက အလုပ်ကို ကြိုးစား လုပ်ခဲ့ပါတယ်။ ကြိုးစားရှာသမျှကတော့ အငွေ့ပျံ ပျောက်ကွယ်နေပါတယ်။

ကြိုးစားသလောက်  အရာကတော့ မထင်တာက လက်ရှိ အထည်ချုပ် အလုပ်သမားတွေအားလုံး ပါ။ ဒီကဏ္ဍက နိုင်ငံဝင်ငွေအဆင့်မှာ တိပ်တန်းရှိနေပေမဲ့ အလုပ်သမားတွေက တိုက်သင့်တဲ့လုပ်ခ မရကြပါ ။  လက်ရှိ ရတဲ့ တနေ့လုပ်ခက မိသားစု တနေ့ အသုံးစာရိတ်တောင် မကာမိပါ။

လုပ်ခလစာမတိုးတာက ၅ နှစ်ကျော်လာပြီ ။ နောက်ဆုံး လုပ်ခလစာ တိုးပေးခဲ့တုန်းက ရှိခဲ့တဲ့ ကုန်ဈေးနှုန်း လက်ရှိမှာ ၄ ဆမက မြင့်တက်နေပါပြီ ။ တိုးပေးတဲ့ ကျပ်တထောင်က ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ နှိုင်းယှဉ်ပါက မိုးနဲ မြေလို ကွားခြားပါတယ်။ အထည်ချုပ်လုပ်သားတွေရဲ့ အခြေအနေက အကြွေးတင်ခံပြီး သူများအလုပ် လုပ်ပေးနေရသလိုပါ ။ မိသားစုလည်း မထောက်ပံ့နိုင်၊ ထိုက်တန်တဲ့ လုပ်ခလစ မရဘဲ၊ ခက်ခဲကြမ်းတမ်း ပါတယ်။

ကိုမင်းလည်း တနေ့ အသုံးစရိတ်လေး ဆင်ခြင်မိတယ်။ မနက်စာအတွက်ဆို တွက်ကြည့်တယ်။ ကြက်ဥကြော်နဲ့ ထမင်းစားရင်ပဲ ဆီ၊ဆန်၊ဆားပဲ ၁၀၀၀ ကျော် ကုန်ကျနေပြီ။ ဒါက အိမ်မှာစားလို့ ။ လက်ဖက်ရည်ဆိုင်မှာ မစားရဲ တာ ၂ နှစ်နီးပါး ရှိနေပြီ ။ လက်ရှိ ဖြစ်နေတဲ့ လက်ဖက်ရည်ဆိုင်က အစားသောက်ဈေးက မိုးပေါ်ရောက် နေပြီ ။ လက်ဖက်ရည်တခွက်  ကျပ်တတောင် ဝန်းကျင်၊ နံပြား အီကြာကွေး  ၄၀၀၊ မုန့်ဟင်းခါး အသုပ် ကျပ် ၁၀၀၀၊ သုံးလေးယောက်ဆိုရင်ပဲ ကျပ်တသောင်းဝန်းကျင် ကုန်နေပြီ။ ကိုမင်းတို့ မိသားစု မနက်ပိုင်းမှာ တခါတရံ လက်ဖက်ရည်ဆိုင်မှာ စားသောက်တယ်ဆိုရင် နှစ်သောင်းကျော် ကျတယ်။ လုပ်ခလစာတွေ အငွေ့မပျံဘဲ နေမလား ။ ဒီလောက် ကုန်ဈေးနှုန်းတွေ ကြီးနေမှာတော့ လေ။

တခြားမိသားစုဝင်တွေ အကြောင်း ကိုမင်းတွေးကြည့်တာ ။  ကိုမင်း လစာက ဘယ်လို အငွေ့ပျံနေလည်း မတွေးမိ။ လစာ သုံးပုံတပုံက လစဉ်သောက်သုံးရတဲ့ သောက်ဆေး စာရိတ်မှာ အငွေ့ပျံပါတယ်။ ဆေးတန်ဖိုး လည်း သုံးနှစ်အတွင်း သုံးဆလောက် မြှင့်တက်ခဲ့တာပါ။ ကိုမင်းတို့ လင်မယား စားစရိတ်ကလည်း သုံးပုံ တပုံလောက် ကုန်ကျပါတယ်။ အဲ့ဆို တပုံကျန်သေးတယ်လို့တော့ အပြောမစောပါနဲ့ ။ လက်ရှိ မြန်မာနိုင်ငံမှာ ကျန်းမာရေး ကိစ္စ များများဖြစ်ပြီ ဆိုရင်တော့ စုဆောင်းသမျှ အငွေ့ပျံ ပျောက်ကွယ်ပါတော့တယ် ။

မဒမ်ကိုမင်း အသက်မသေရေးအတွက် ပြီးခဲ့တဲ့ ခွဲစိပ်မှုမှာ ရွှေတကျပ်သားမက ကုန်ကျခဲ့လို့ စုဆောင်းထားသမျှ အငွေ့ပျံခဲ့ပြီးပါပြီ ။

 


Related posts

Cover
"ခက်ခဲတဲ့ မနက်စာ"
Apr 19, 2023
Cover
တစ်သန်းကျော်ထဲက တစ်ဦးဖြစ်တဲ့ မောင်ပိုင်ရဲ့ အိမ်မက် - Story-MLN
Jun 19, 2022
Cover
တော်လှန်ရေးတပ်ဦးဆီကပြည့်သူ့ကာကွယ်ရေးအမျိုးသမီးတပ်သားတဦးရဲ့ပေးစာ
Feb 25, 2022
Cover
အာဏာသိမ်းမှု ၊ အလုပ်အကိုင်နဲ့ ဘဝအမောများကြားက ပန်းရံသမ ဒေါ်ချစ်မွှေး
Feb 15, 2022
Cover
CDM (သို့မဟုတ်)အသိုက်မရှိလဲပျံသန်းနေဆဲငှက်များအကြောင်း
Feb 05, 2022
Cover
အလုပ်လက်မဲ့သတင်းသမားတစ်ဦးနှင့်တွေ့ဆုံခြင်း
Jan 14, 2022
Cover
တောင်သူမှသည်တော်လှန်စစ်ချီမယ့် အမျိုးသမီးပြောက်ကြားစစ်သည်
Dec 03, 2021
Cover
မာယာဒေဝီ ဂေါတမီမှသည် စစ်ကြောရေးရောက် သားသည်မိခင်ဆီသို့
Nov 30, 2021