NEWS

"ခက်ခဲတဲ့ မနက်စာ"

CoverLogo
1.5K Views

“အမလေး ဒီလောက်ရတယ်ပဲ ကံကောင်းတယ်မှတ်ပါ”

အသံကြောင့် မဌေးဝင်း အနည်းငယ် လန့်သွားပြီး ပဲပြုတ်သည်ကို ကြောင်ကြည့်မိ နေပါတယ်။

“မနက် စောစောစီးစီး ဈေးဦးပေါက်ကို ဘယ်လိုလူတွေနဲ့ တွေ့နေလဲ မသိဘူးတော်” ဆိုတဲ့ အကျယ်
လောင်ဆုံးအသံနဲ့ ပဲပြုတ်သည်အဒေါ်ကတော့ တပြစ်တောက်တောက်ပြောနေရင်း ထွက်သွားပါတယ်။

လက်ဖဝါး တစ်ဆုတ်စာမရှိတဲ့ ပဲပြုတ်အနည်းငယ်ဟာ မိသားစု ငါးယောက် မနက်စာအတွက်
ဘယ်လိုမှ အဆင်မပြေတာတွေးမိတဲ့ မဌေးဝင်းကတော့   “ဟင်း” ဆိုပြီး ငြီးငြူမိပါတယ်။

ဆံပင်နီကြောင်ကြောင်နဲ့ မျက်မှောင် တစ်ချက် ကျုံ့ပြီး စိတ်ပျက်ဟန် မီးဖိုချောင် ထိုင်ခုံပေါ်
ထိုင်ချလိုက်ပါတယ်။

ဝယ်လိုက်တဲ့ ပဲပြုတ်က ၅ ကျပ်သားရဲ့ တစ်ဝက်ဖြစ်တဲ့ ၂ကျပ်ခွဲသား ကျပ် ၃၀၀ ပေးရပါတယ်။

ကျပ်၃၀၀ တန်တဲ့ အဲဒီ ပဲပြုတ်တစ်ထုတ်က လက် တစ်ဆုတ် သာသာ ပါ။ ဒီပမာဏက
မိသားစုငါးယောက်အတွက် အဆင်ဆင် ပြေပြေ စားဖို့က မဖြစ်နိုင်ပါ။ ဝယ်ထားတဲ့ ပဲနဲ့ ထမင်းနည်းနည်းနဲ့
ရောနယ်ပြီး ကျွေးမွေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

“ မိသားစုအတွက် မနက်စာက ခက်ခဲ တယ်” လို့ မဌေးဝင်းက ပြောပါတယ်။

ဆေးပညာရှင်တွေကတော့ မနက်စာကို ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်း ဘုရင်လို စားသောက်ဖို့အကြံပေးထားပေမဲ့ မနက်စာအတွက် ခက်ခဲနေတဲ့ မဌေးဝင်းတို့ လို မိသားစုတွေကတော့ မြန်မာနိုင်ငံမှာများပြားလာ နေပါတယ်။

“ခက်ခဲတယ်ဆိုတာ ဝင်ငွေနဲ့ ကိုက်ညီတဲ့ အစားသောက်မျိုး စားရဖို့ပါ ” လို့ လှိုင်သာယာစက်မှုဇုန်မှာ
အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ မဌေးဝင်းက ပြောပါတယ်။

စစ်အာဏာမသိမ်းမီကတော့ ထမင်းကြော်၊ ပလာတာ ၊ အီကြာကွေး စတဲ့ မနက်အစာပြေမုန့်တွေဟာကုန်ကျ စာရိတ်အတွက် စိတ်မပူရဘဲ အေးအေးလူလူ စားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့အစားအသောက်ဈေး တွေက သုံးဆကျော်တက်လာတဲ့အတွက် လက်ဖက်ရည်ဆိုင်တောင်မသွားနိုင်တော့ဘူးလို့လည်းလို့ ပြော ပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုန်းဒေသတွေမှာ အီကြာကွေးက ၃၀၀၊ ပလာတာက ၅၀၀၊ စမူဆာက ၂၀၀၊
ထမင်းကြော်က ၁၂၀၀၊ မုန့်ဟင်းခါး က ၆၀၀၊ အသုတ် ၆၀၀ လောက် ရောင်းချကြတယ်လို့ မဌေးဝင်းကပြောပါတယ်။

“ဒီလို ဈေးတွေနဲ့ဆို မိသားစု ငါးယောက်အတွက်ဆို မနက်ပိုင်းတင် ၂၅၀၀ လောက်ကုန်မယ်” လို့
မဌေးဝင်းက ပြောပါတယ်။

မဌေးဝင်းရဲ့ တစ်လ ဝင်ငွေက ၁၄၀၀၀၀ ကျော်ကျော်သာရှိတယ်လို့ ဆိုပါတယ်။

မိသားစုဝင် ငါးယောက်ရပ်တည်ဖို့ဆိုတာ တစ်လဝင်ငွေ ကျပ် ၂၂၀၀၀၀ အထက်မှ ရပ်တည်နိုင်တယ်လို့ သူက ပြောပါတယ်။

မဌေးဝင်းရဲ့ အမျိုးသားက ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေလို့ လိုင်းခန်းလေးရထားလို့
နေစရိတ်မကုန်တာ လို့လည်း ပြောပါတယ်။

ဒါပေမဲ့ အသည်းရောဂါသည်အမျိုးသားကလိုင်းခန်းနေထိုင်နိုင်အောင် တပတ် ၃ ရက်လောက်တော့ အလုပ်လုပ်ပေးရတယ်လို့လည်း ဆိုပါတယ်။

“နေစရိတ်မကုန်ပေမဲ့ ဆေးဖိုး၊ ကလေးတွေ စာရိတ်၊ အဒေါ်လည်း နည်းနည်းပါး ပေးရတာဆိုတော့၊ ရက်
၂၀ ကျော်ရင် ချေးငှားတာတွေရှိလာတယ်။ လျှော့စားလို့ရတာတွေ လျှော့စားရတာမျိုးပါ” လို့
မဌေးဝင်းက ပြောပါတယ်။

လျှော့စားတဲ့ အထဲမှာ ကုန်ကျစရိတ်ကြီးတဲ့ မနက်စာအတွက်ကို ဈေးနည်းနည်းနဲ့ များများစာစားရမဲ့
အစားအသောက်တွေကို ရွေးချယ် စားသောက်ကြတယ်လို့ ဆက်ပြောပါတယ်။

“တစ်ယောက်ကို တစ်ရာနှုန်းလောက်နဲ့ စားလို့ရမဲ့ဟာကိုပဲ စဉ်းစားရတာပါပဲ” လို့ မဌေးဝင်း က
ပြောပါတယ်။

ဒါပေမဲ့ အကြော် တစ်ခု ၁၀၀ ၊ မြန်မာမုန့် တစ်ခု ၁၀၀ လောက်နဲ့ ဝယ်နိုင်ပေမဲ့လည်း
ဆီဈေးမြင့်မားတာကြောင့် ရောင်းချ သူ ရှားတာ၊ နေ့တိုင်းစားလို့ မဖြစ်တာ စတဲ့ အခက်အခဲတွေလည်းရှိတယ်လို့ ပြောပါတယ်။

မြန်မာမုန့်တွေ ကတော့ ကလေးတွေအတွက်
အဆင်ပြေပေမဲ့ လူကြီးတွေကတော့ နေတိုင်းစားဖို့ အဆင်မပြေဘူးလို့ ပြောပါတယ်။

“အကြော်ဆိုရင် ကလေးနှစ်ယောက်အတွက်က ရတယ်၊ လူကြီးတွေအတွက်တော့ ထမင်းနဲ့
စားရတော့မယ်။ ထမင်းနဲ့ဆို ခြောက်ခြောက်ကပ်ကပ်နဲ့ဆို အဆင်မပြေတော့ဘူး။ ချေးများတာ
မဟုတ်ဘူး။ နေ့တိုင်းစားဖို့ဆို မဖြစ်နိုင်ဘူး”လို့ မဌေးဝင်းက ပြောပါတယ်။

များများနဲ့ ဝဝစားနိုင်ဖို့ အတွက်တော့ ဈေးကို စောစာသွားပြီး အသီးအရွက် အနည်းငယ်ကို
ကြော်စားချက်စား နိုင်ပေမဲ့ အလုပ်သွားမဲ့ အချိန်၊ ကြော်ချက်ရာမှာ နောက်ကလိုက်ထည့်ရမဲ့ ဆီ၊
အချိုမှုန့်၊ ထင်း၊ မီးသွေး စတဲ့ ကုန်ကျစရိတ်တွေက ပုံမှန်မနက်စာမက ကုန်ကျမယ်လို့ မဌေးဝင်းက
ပြောပါတယ်။

“ စောစောချက်ပြုတ်စားနိုင်တာပေါ့၊ အလုပ်ချိန်နဲ့ နောက်ကလိုက်ရမဲ့ ကုန်ကျစာရိတ်က အခု တစ်နေ့
၄၈၀၀ ပဲ ရနေတဲ့သူတွေအတွက် မလွယ်ကူဘူးပေါ့” လို့ ဆက်ပြောပါတယ်။

ပဲသီးတောင့် တစ်စီးကျပ် ၄၀၀၊ ကြက်ဥ တစ်လုံး ၃၀၀၊ အတို့အမြုပ် ငပိရည် ကျပ် ၅၀၀နဲ့
အစိမ်းကြော်အရွက် တစ်ထုတ် ကျပ် ၂၀၀ စတဲ့ ဈေးတွေက လစာက တစ်သိန်းငါးသောင်းမပြည့်တဲ့
အထည်ချုပ်လုပ်သား မဌေးဝင်း အတွက် မနက်စာ ချက်ပြုတ်ဖို့ ဆိုတာ စိန်ခေါ်မှုကြီးလို့ ပြောပါတယ်။

“မနက်စာအတွက် သီးခြားမချက်တော့ဘူး တနေကုန်စာ ချက်ရတော့တာပဲ၊ ဒါပေမဲ့ ပိုကုန်တယ်။
ညလည်း ထပ်ချက် ထပ်ဝယ်ရတာကိုး” လို့ မဌေးဝင်းက ပြောပါတယ်။

ဒီလို အခက်အခဲတွေ ဖြစ်လာရတာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ
ဖြစ်ပေါ် လာတယ်လို့ မဌေးဝင်းက ပြောပါတယ်။

ဒါ့အပြင် စက်ရုံပိတ်သွားလို့ နောက်စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ရ တာလို့ ဆိုပါတယ်။

“အာဏာသိမ်းလိုက်တော့ စက်ရုံက ရပ်လိုက် ပိတ်လိုက်နဲ့ နောက် ပိတ်သွားတယ်။တခြားရုံပြောင်းတာပေါ့။ စက်ရုံတွေက ပေးတဲ့ပုံစံမတူတော့ ပုံမှန်ဝင်ငွေအတွက် ပိုလုပ်ရတယ်။ ပိုခက်ခဲတယ်” လို့ မဌေးဝင်းက ပြောပါ တယ်။

အရပ်သားအစိုးရလက်ထက်မှာတော့ လစာငွေတန်ဖိုးရှိပြီး အသုံးခံတာ၊ နေထိုင်စားသောက်
စရိတ်နည်းပါးတာ တွေကြောင့် အပူအပင်မရှိ နေထိုင်နိုင်ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ သုံးဆကျော်တက်ပြီးအလုပ်ကိုင်ရှားပါးတာတွေကြောင့် အလုပ်အကိုင် တည်မြဲရေးအတွက်ပဲ အပင်ပန်းခံ လုပ်ကိုင်ခဲ့ရတယ်လို့ဆိုပါတယ်။

စားသုံးဆီဈေးတွေ မြင့်တက် လာပြီးနောက် မနက် အစာပြေမုန့်ရောင်းတဲ့ဈေးသည်တွေလည်း ပျောက်ကွယ်ခဲ့တာကြောင့်လည်း ဝင်ငွေနဲ့ ကိုက်ညီတဲ့ မနက်စာကို ရွေးချယ်ခွင့်ကတဖြည်းဖြည်း ပျောက်ကွယ်ခဲ့ရတာလို့ သိရပါတယ်။

“ ၄၈၀၀ က ၅ နှစ်ပြည့်တော့မယ်၊ မတိုးဘူး၊ ကုန်ဈေးနှုန်းတအားမြင့်တာကိုတောင် မတိုးတာဆိုတော့ ၊မငတ်ယုံ ပါပဲ” လို့ မဌေးဝင်း က  ပြောဆိုပါတယ်။

အနိမ့်ဆုံးလုပ်ခ ဥပဒေအတိုင်းဆို ၂နှစ်တစ်ကြိမ် ပြန်လည် ဆန်းစစ်ဖို့ သတ်မှတ် ပြဌာန်းပေမဲ့ လက်ရှိအချိန်ထိဆွေးနွေးတယ်ဆိုတာမျိုးလည်း မရှိသေးပါဘူး။

ဥပဒေမှာတော့ အနိမ့်ဆုံးလုပ်ခလို့ သတ်မှတ်ထားပေမဲ့ ပိုပေးလို့လည်းရသလို၊ လုပ်ခကို အစိုးရကတိုးမြှင့် သတ်မှတ်ပေးဖို့ နှောင့်နှေးခဲ့ရင် ရှားပါး စာရိတ်လို သတ်မှတ်ပြီး တိုးပေးလို့ရတယ်လို့အလုပ်သမားအရေး လှုပ်ရှား တစ်ဦးက ပြောကြားပါတယ်။

ဒါ့ပြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခအနေနဲ့ တစ်ရက် ၄၈၀၀ ကျပ် သတ်မှတ်ထားတာ ၂၀၁၈
ခုနှစ် မေလ အတွင်း ကဖြစ်လို့ အခုဆို ၅ နှစ်ပါးရှိလာပါပြီ။

လက်ရှိ အနိမ်ဆုံးလုပ်ခ သတ်မှတ်ချက်ဟာ အလုပ်သမားတွေအတွက် အခက်အခဲ
တစ်ခုဖြစ်နေတယ်လို့လည်း မဌေးဝင်းက ပြောပါတယ်။

“၄၈၀၀ ထက် ပိုလာရင်တော့ မနက်စာလေး ပိုစားနိုင်၊ တခြားလည်း ပိုသုံးနိုင်မှာ” လို့ မဌေးဝင်းက
ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
တစ်သန်းကျော်ထဲက တစ်ဦးဖြစ်တဲ့ မောင်ပိုင်ရဲ့ အိမ်မက် - Story-MLN
Jun 19, 2022
Cover
တော်လှန်ရေးတပ်ဦးဆီကပြည့်သူ့ကာကွယ်ရေးအမျိုးသမီးတပ်သားတဦးရဲ့ပေးစာ
Feb 25, 2022
Cover
အာဏာသိမ်းမှု ၊ အလုပ်အကိုင်နဲ့ ဘဝအမောများကြားက ပန်းရံသမ ဒေါ်ချစ်မွှေး
Feb 15, 2022
Cover
CDM (သို့မဟုတ်)အသိုက်မရှိလဲပျံသန်းနေဆဲငှက်များအကြောင်း
Feb 05, 2022
Cover
အလုပ်လက်မဲ့သတင်းသမားတစ်ဦးနှင့်တွေ့ဆုံခြင်း
Jan 14, 2022
Cover
တောင်သူမှသည်တော်လှန်စစ်ချီမယ့် အမျိုးသမီးပြောက်ကြားစစ်သည်
Dec 03, 2021
Cover
မာယာဒေဝီ ဂေါတမီမှသည် စစ်ကြောရေးရောက် သားသည်မိခင်ဆီသို့
Nov 30, 2021
Cover
အလုပ်သမားတယောက်ရဲ့ ဒိုင်ယာရီ
Nov 13, 2021