NEWS

အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ

CoverLogo
615 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ Sen Yu Clothing Myanmar အထည်ချုပ်မှာ အလုပ်သမား ၁၀၀၀ ကျော်ဟာ လုပ်ငန်းခွင်မှာအချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေပေမဲ့ ရရှိတဲ့လုပ်ခလစာဟာ စားဝတ်နေရေး အတွက် မလောက်ငှတာကြောင့် ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးဖို့ အလုပ်ရပ်ဆန္ဒပြရန် ကြိုးပမ်းခဲ့ရာမှာ အလုပ်ရှင်ဘက်က ခြိမ်းခြောက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြမှု အချိန်တိုတွင်း ပျက်ပြယ်ခဲ့တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။ စက်ရုံမှာ RESERVED အမှတ်တံဆိပ် အင်္ကျီ အထည်တွေချုပ်လုပ်ရတာလို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အချိန်ပိုတွေကို အလွန်အကျွံခေါ်ယူပြီး လုပ်ကိုင်ရပေမယ့် လုပ်ခလစာနည်းပါးလို့ မလောက်ငှတာကြောင့် လုပ်ငန်းခွင်ရပ်နားပြီး အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှုကို စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁ နာရီမှာ စတင်ခဲ့တာလို့ သိရပါတယ်။

"စက်လိုင်း ၁၃ လိုင်းနဲ့ အခြားဌာနတွေ စပြီး စုပေါင်းတောင်းဆိုခဲ့တယ် နောက်ပြီး တရုံလုံးပါဝင်လာတယ် အလုပ်ရှင်က စူပါတွေကိုခေါ်ပြီး ကိုယ့်စက်လိုင်းကိုယ်ပြန်ထိန်းဆိုပြီးခိုင်းလို့ လုပ်ငန်းခွင်ထဲပြန်ဝင်ခဲ့ရတယ်"လို့ အမျိုးသမီးအလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီမှ ည ၁၂ နာရီအထိ နေ့စဉ်ဆင်းပေးနေရတာလို့ ပြောပါတယ်။ အချိန်ပိုကို ငြင်းဆန်ခွင့်မရှိဘဲ မဆင်းမနေရ ဖိအားပေးဆင်းခိုင်းကာ ငြင်းဆန်ပါက အငြိုးအတေးထားတာ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။
 
လက်ရှိပေးချေနေတဲ့နှုန်းထားအရ  ဒေးကြေး(၅၈၀၀)ကျပ်၊ ထောက်ပံ့ကြေး (၁၀၀၀)ကျပ် အချိန်ပိုအိုတီကြေး တစ်နာရီကို (၁၇၀၀)ကျပ် ရက်မှန်ကြေး (၃၀၀၀၀)ပေးထားပြီး တစ်လျှင် အချိန်ပိုအိုတီနာရီ (၁၀၀)ကျော်အထိ လုပ်ကိုင်ရပေမယ့် လုပ်ခလစာ ၄ သိန်းဝန်းကျင်သာရရှိတာကြောင့် လောက်ငှမှုမရှိဘူးလို့ ပြောပါတယ်။

"ဒီလောက်နေ့ရော ညရောအလုပ်ချိန်တွေ အများကြီးဆင်းပြီး အလုပ်လုပ်တာတောင် မလောက်ငှဘူး စကစက ထောက် ပံ့ကြေး နောက်ထပ် ၁၀၀၀ ကျပ်တိုးပေးရမယ် ပြောထားပေမယ့် အလုပ်ရှင်ဘက်မှ မတိုး ပေးလို့ အဲ့ဒီထောက်ပံ့ကြေး တိုးပေးဖို့ တောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။

"တောင်းဆိုနေတုန်းက ဦးဆောင်ပြီး ဖြေရှင်းဆွေးနွေးပေးမယ့် ခေါင်းဆောင်မရှိ‌တော့  အလုပ်သမားတွေအတွက် အဆင်မပြေလိုက်ဘူး စက်ရုံဘက်က ပြောတာတော့ အခုလုပ်တာက ဥပဒေနဲ့မညီဘူး ဆန္ဒပြချင်ရင် အပြင်ထွက်ပြကြ လုပ်ငန်းခွင်ထဲမှာ ပြလို့ မရဘူးဆိုပြီး ပြောတာ၊ ပြီးတော့ သူတို့စက်ရုံ သူတို့ပေးသလောက်ပဲရမယ် မကျေနပ်ရင် အလုပ်ထွက် ဆက်ပြီးဆန္ဒပြနေရင် အဆိုးမဆိုနဲ့ ဆိုပြီးပြော‌တော့ အလုပ်သမားတွေက ကြောက်ပြီး အလုပ်ထဲပြန်ဝင်ခဲ့ရတယ်" လို့ အလုပ်သမားကရှင်းပြပါတယ်။

အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီ ဝန်ကြီးဌာနက တိုးပေးလိုက်တဲ့ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို အလုပ်ရှင်က တိုးမပေးလို့ တောင်းဆိုရတာလို့ ပြောပါတယ်။

"ဆန္ဒပြနေတဲ့ကြားထဲက အတင်းအဓမ္မ အလုပ်သမားတစ်ချို့ကို အလုပ်ရှင်ဘက်မှ အောနိုက်ဆင်းခိုင်းသေးတယ် နေ့စားအလုပ်သမား ၁၀၀ကျော်လောက်ခိုင်းပြီး အလုပ်နား ရက်လည်းမပေးသလို  အလုပ်တစ်ရက်ပျက်တာနဲ့  တစ်ခါထဲအလုပ်မှ ထုတ်ပစ်တာ"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်တောင်းခံမှုအနေနဲ့ အလုပ်သမား ၄၀ ခန့်ရှိတဲ့ စက်လိုင်းတစ်လိုင်းလျင် တနာရီအထည် ၄၀ ချုပ်ရပြီး စံချိန်မပြည့်ပါက အောစူပါတွေက ရိုင်းစိုင်းစွာပြောဆိုခိုင်းစေလျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ စကစက ထောက်ပံ့ကြေး ၁၀၀၀ ကျပ်တိုးပေးရန် စာထုတ်ထားသည့်အတွက် အလုပ်ရှင်ဘက်မှ ၎င်းထောက်ပံ့ကြေး ၁၀၀၀ကျပ်ကိုပေးရန်။
၂။ အလုပ်ရှင်ဘက်မှ ညဘက် ၁၂နာရီအထိ အချိန်ပိုအိုတီဆင်းခိုင်းခြင်းကို ဖိအားပေးပြီးဆင်းခိုင်းခြင်းမပြု လုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အကြောင်းပြချက်မရှိပဲ ဥပဒေမဲ့အလုပ်ထုတ်ခြင်း မပြုလုပ် ရန်
၄။ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်များကိုသာ အလုပ်ရှင်ဘက်က တောင်းခံရန်။
၅။ စူများမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများကိုအပြုလုပ်ရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ပြောပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026