ARTICLE

ဝင်ငွေ၊ ထွက်ငွေ အချိုးမညီတဲ့ မီးဖိုချောင်ထဲက တိုက်ပွဲများ

CoverLogo
172 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်းမှာ ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့ ပြဿာနာကို ပြည်တွင်းမှာနေထိုင်သူတိုင်း အနည်း နဲ့အများဆိုသလို ရင်ဆိုင်နေကြရပါတယ်။ လူလတ်တန်းစားတွေနဲ့ လက်လုပ်လက်စား ပြည်သူတွေကတော့ စားဝတ်နေရေးအခက်အခဲကို အဓိကရင်ဆိုင်နေရပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေဟာ နောက်ဆက်တွဲ အာဏာသိမ်းတာကို ရင်ဆိုင်ရချိန်မှာတော့ ပြန်လည်ဦးမော့ဖို့ မစွမ်းနိုင်တော့ပါဘူး။ လက်ရှိချိန်မှာတော့ ဆင်းရဲ ကြပ်တည်းမှုဆိုတဲ့ စကားရပ်ဟာ ပြည်သူအများစုလက်ဝယ် ရောက်ရှိလို့နေပါပြီ။

ပြည်တွင်းမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရတော့ မေလ(၁၆)ရက်မှာ ပြင်ပမှာရောင်းချနေတဲ့ ဒေါ်လာပေါက်ဈေးဟာ တစ်ဒေါ်လာကိုကျပ်လေးထောင် ကျော်လာသလို အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းက လည်း ကျပ်သိန်း(၅၀) ကျော်သွားပါတယ်။ 

ဒါပေမယ့် စစ်အာဏာရှင်လက်အောက်မှာ လည်ပတ်နေတဲ့ ဘဏ်တွေ နဲ့ ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ အရောင်းအဝယ်ဈေးနှုန်းတွေကတော့ တစ်ဒေါ်လာကို ကျပ်(၃၀၀၀) ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း(၄၀)အောက်သာ ရှိနေပါတယ်။ ဒါဟာ စာရွက်ပေါ်က ကိန်းဂဏန်းတွေနဲ့ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေရဲ့ ကွာဟချက်တွေပါပဲ။ ဒီလိုရွှေဈေးတွေ၊ ဒေါ်လာဈေးတွေ မြင့်တက်လာတဲ့ နောက်ဆက်တွဲ  ကုန်ဈေးနှုန်း တက်လာတာကိုလည်း ပြည်သူတွေဟာ ဆက်လက်ခံစားရဦးမှာပါ။

“အရင်ကတော့ ရွှေဈေးတို့၊ ဒေါ်လာဈေးတို့ဆိုတာ စိတ်ကိုမဝင်စားတာ။ ကိုယ်တွေနဲ့ အလှမ်းဝေးတယ်လေ။ အခုကျ ရွှေဈေး၊ ဒေါ်လာဈေးတက်တယ်ဆိုရင် သတင်းတွေဖတ်ရင်း ရင်တွေပူလာတယ်”လို့ ပုဂ္ဂလိကဝန်ထမ်း တစ်ဦးဖြစ်တဲ့ မမာလာ (အမည်လွှဲ)က ပြောပါတယ်။

ကျပ်လေးသိန်းကျော်သာဝင်ငွေရှိတဲ့ သူ့လစာဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှု မစတင်ခင်ကတော့ စုဆောင်းနိုင်တဲ့ အခြေအနေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ တစ်လစာအသုံးစရိတ်ကို ကာမိအောင် မနည်းစိစစ်နေရတယ်လို့ သိရပါတယ်။

“အရင်ကဆို အိမ်ကိုလည်း ပို့နိုင်တယ်။ အိမ်ကမလိုလို့ မပို့နဲ့ဆို ကိုယ့်ဘာသာစုလို့ရတယ်။ အခုကျ အဆောင်ခ၊ ရေဖိုး၊ မီးဖိုး၊ ဝိုင်ဖိုင်ဖိုးနဲ့တင် တစ်သိန်းကျော်လောက်ကုန်တယ်။ ကျန်တာလေးက တစ်လလုံး လမ်းစရိတ်နဲ့ သာရေး၊ နာရေးအတွက် သုံးရတာရှိတယ်။ နောက်ထမင်းချိုင့်ထည့်ရတာနဲ့ဆို နှစ်သိန်းကျော်လောက်ကုန်တယ်။ တစ်ချို့လတွေဆို ပိုက်ဆံချေးရတာတောင် ရှိတယ်”လို့ သူက ဆိုပါတယ်။ ဒါဟာ လစာလေးသိန်းကျော်ရတဲ့ ဝန်ထမ်းတစ်ဦးရဲ့ တစ်ကိုယ်ရည်အသုံးစရိတ်ပါပဲ။ 

ပြည်တွင်းမှာ အလုပ်သမားအများစုဟာ လုပ်ခလစာအနေနဲ့ မြန်မာကျပ်သုံးသိန်းဝန်းကျင်သာ ရရှိကြတာဖြစ်ပြီး စက်ရုံအလုပ်သမားတွေ ကတော့ အချိန်ပိုနာရီတွေ နေ့စဉ်လုပ်ကိုင်မှသာ ကျပ်လေးသိန်းကျော် ရရှိနိုင်တာ ဖြစ်ပါတယ်။ အများစုကတော့ ကျပ်သုံးသိန်းပတ်လည်နဲ့သာ ရပ်တည်နေရတာပါ။

ဒီအခြေအနေမှာ တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်နေတဲ့ ကုန်ဈေးနှုန်းဟာ ခေတ်ကာလကြီးရဲ့ဝင်ငွေကို လှောင်ပြောင် နေပါတယ်။ သင်္ကြန်ပြီးကာလကတည်းက တက်လာတဲ့ ကုန်ဈေးနှုန်းဟာ လက်ရှိမှာတော့ ပြန်လည်ကျဆင်းမယ့် အရိပ်အယောင်ကို မတွေ့ရပါဘူး။ အခြေခံလူတန်းစား အများစုကတော့  ဖောင်စီးရင်းရေငတ်သလို အလုပ်လုပ်ရင်း အငတ်ဘေးဆိုက် နေကြပါပြီ။

“သမီးနှစ်ယောက်အပ်တဲ့လစာက ရက်(၂၀)ကျော်လောက်ဆို မလောက်တော့ဘူး။ ကလေးတွေကိုလည်း ပြောမ ထွက်ဘူး။ တစ်ခါတစ်လေ လကုန်ရက်ရောက်မှာ ကြောက်လာတာ။ ကလေးတွေအပ်တဲ့လစာလေးနဲ့ တစ်ကယ်ကို မစီစဉ်တက်တော့ဘူး။ ဒီကြားထဲ ကိုယ်ကသွေးတွေတိုး၊ နေမကောင်းဖြစ်ရင် သေသွားရင်ကောင်းမယ်တောင် တွေးမိတယ်” လို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်မိုး(အမည်လွှဲ)က ပြောပါတယ်။

ဒေါ်မိုးရဲ့ ခင်ပွန်းဖြစ်သူကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ပေမယ့် အသက်ကြီးတာကြောင့် ရေရှည်တော့ မလုပ်နိုင်ပါဘူး။ မောင်အငယ်ဆုံးလေးကတော့ အတန်းပညာသင်ကြားနေတုန်းဖြစ်လို့ အထည်ချုပ် စက်ရုံက သမီးနှစ်ယောက်ရဲ့ဝင်ငွေကပဲ အိမ်အတွက် အားကိုးရာ ဖြစ်နေပါတယ်။ သမီးနှစ်ယောက်ရဲ့ဝင်ငွေက တစ်လကို ကျပ်(၇)သိန်းနီးပါး ရရှိနေပေမယ့် အိမ်ငှားနေရတဲ့ သူတို့မိသားစုအတွက်တော့ ကျပ်တစ်သိန်းကျော်က နေထိုင်စရိတ်အတွက် လစဉ်ကုန်ကျနေတာပါ။

“အန်တီက တစ်လစာဆန်၊ ဆီ၊ ငရုတ်၊ကြက်သွန် ဝယ်ထားတယ်။ နောက်ပြီး ကြာဇံစက်ရုံမှာ အကြေလေးတွေ ဝယ်တယ်။ အသားတုတို့၊ ဈေးပေါတဲ့ ငါးခြောက်လေးတွေ ဝယ်ထားတယ်။ အပြင်စာတော့ လုံးဝမစားဖြစ် တော့ဘူး။ မနက်ပိုင်းဆို ထမင်းကြမ်းကိုအဓိက စားတယ်။ တစ်ခါတလေ ဈေးကခေါက်ဆွဲလေးဝယ်ပြီး အိမ်မှာပဲ သုပ်ကျွေးတယ်။ ကလေးတွေ ထမင်းချိုင့်ဆိုလည်း ဟန်မပျက်လေးသာထည့်ရတယ်။ တစ်ခါတလေ ကိုယ့်မှာ ဟင်းတောင် မစားရဘူး”လို့ တစ်လစာ အိမ်စရိတ်အတွက် ကြိုတင်ပြင်ဆင်ပုံကို သူကပြောပါတယ်။

ရေဖိုး၊ မီးဖိုး၊ ဧည့်စာရင်းကြေး၊ မီးကင်းကြေးစတာတွေပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ သူတို့ရဲ့ လစာ ဝင်ငွေက ခေတ်ကာလကို အမီမလိုက်နိုင်တော့ပါဘူး။ ဒါ့အပြင် ဆေးဖိုးဝါးခနဲ့ သွားလာရေးအသုံးစရိတ်တွေကလည်း မဖြစ်မနေကုန်ကျရမဲ့ စရိတ်စကတွေဖြစ်နေပြီး ဆေးရုံ ဆေးခန်းသွားရောက်ပြသဖို့ အခွင့်အရေးနည်းပါးလာနေပြီဖြစ်ပါတယ်။

ပြည်တွင်းမှာ ပေးချေနေတဲ့ လုပ်ခလစာနှုန်းထားအရတော့ အိမ်ထောင်စုတိုင်းဟာ အလားတူပြဿာနာကို ရင်ဆိုင်နေရတာပါပဲ။

သင်္ကြန်ကာလပြီးနောက်မှာ ပြည်တွင်းရဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းတာဟာ ဆိုးဆိုးဝါးဝါးကို ဖြစ်လာခဲ့ပါတယ်။ ကုန်ဈေးနှုန်း အဆမတန် မြှင့်တက်လာတာ၊ ဈေးကွက်တွင်းမှာ ကုန်ပစ္စည်း ပြတ်လပ်တာ၊ စားဝတ်နေရေး မလုံ လောက်တာတွေဟာ နေ့စဉ်ဆိုသလို တိုးလာနေပါတယ်။ ဒီလိုစစ်အုပ်ချုပ်ရေး ကြန့်ကြာနေသရွေ့တော့ အိမ်ထောင်စုတိုင်းအတွက် လူတန်းစေ့ နေနိုင်၊ စားနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။ 

“ကျွန်မတို့က အလုပ်လုပ်နေရင်း ငတ်တော့မှာလေ”လို့ ပြောတဲ့ မဝေဝေ(အမည်လွှဲ)ရဲ့ စကားသံက ခေတ်ကာလ ရဲ့ ပုံရိပ်တစ်ခုကို ထင်ဟပ်နေပါတယ်။ 

သူကတော့ ရပ်ကွက်တွင်းမှာ ကုန်စုံဆိုင်သေးသေးလေး ဖွင့်လှစ်ထားသူပါ။ ကိုဗစ်ကာလမတိုင်ခင်က ဖွင့်လှစ်ထားတဲ့ သူရဲ့ဆိုင်လေးကတော့ ကိုဗစ်နဲ့ အာဏာသိမ်းမှုတွေကြောင့် ပြုတ်ပေါင်းလည်း များနေပြီလို့ ဆိုပါတယ်။ ဝယ်ရင်းဈေးထက် အမြတ်တင်ရောင်းရင်းနဲ့ အရင်းပြုတ်တဲ့ အခြေအနေကို အရောင်းအဝယ် လုပ်ကိုင်သူအများစု ရင်ဆိုင်နေရတာပါ။ အရောင်းသွက်တဲ့ ပစ္စည်းလေးတွေ ဝယ်မရတော့တာ၊ ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာနဲ့ ဈေးရောင်းသူတွေ များလာတဲ့အခါမှာတော့  ဆိုင်ငယ်လေးတွေအများစုဟာ ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။

“ရောင်းတုန်းကတော့ ဝယ်ဈေးထက် တင်ရောင်းတာပါပဲ။ အမြတ်ကျန်အောင်ပေါ့။ ဒါပေမယ့် ပြန်ဝယ်တော့ အရင်းတောင် ထပ်ထည့်ရတယ်။ အခုက ဈေးရောင်းတဲ့သူက များလာတယ်။ နောက်ပြီး ဈေးတွေကလည်း တက်တယ်။ အခုဆို ကော်ဖီတစ်ထုပ် (၃၅၀) ရောင်းရတယ်။ ဆန်ဈေး၊ ဆီဈေးကစပြီး တစ်ကိုယ်ရည်သုံး ပစ္စည်းတွေအထိ ဈေးတက်တယ်”လို့ မဝေဝေက ပြောပါတယ်။

ဒီလို ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဝယ်ယူသူနည်းသွားသလို ဆိုင်ရှင်တွေလည်း အရင်းတွေ ကြီးလာတာကြောင့် ထပ်မထည့်နိုင်သူတွေလည်း ရှိလာပါတယ်။ ဆိုင်တစ်ချို့လည်း ပိတ်သိမ်းသွားကြရပါတယ်။ဒါတွေဟာ စစ်အာဏာရှင်လက်ထက်မှာ အခြေခံပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ အခြေအနေတွေဖြစ်ပါတယ်။။ စားသုံးသူရော၊ တစ်နိုင်တစ်ပိုင်ရောင်းချသူတွေပါ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ 

ပြည်သူတွေကတော့ စားဝတ်နေရေးအတွက် ဝယ်ယူဖို့ကော၊ ရောင်းချဖို့ပါ အခက်အခဲတွေ ရှိနေပေမယ့် တာဝန်ရှိသူလူကြီးဆိုသူတွေကတော ကုန်ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးတွေ လုပ်ဆောင်နေတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ တခမ်းတနား ဖော်ပြပြီး ပြည်သူတွေကို လိမ်လည်နေပါတယ်။ 

ကုန်ဈေးနှုန်းမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ၊ အခက်အခဲတွေကို အဖြေရှာဖို့တော့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ မရှိသေးပါဘူး။“အောက်ခြေမှာ ဘာတွေဖြစ်နေလဲ မသိဘဲတော့ မနေပါဘူး။ ဒါပေမယ့် ကောင်းလာအောင် ဘယ်လိုလုပ်ပေး ရမလဲ ဘယ်သူမှ မတွေးဘူး။ ခေတ်ပျက်တုန်း ဘယ်လိုရှာမလဲ၊ ဘယ်လိုခိုးမလဲဘဲ တွေးနေတာ။ အာဏာသိမ်းတာက အချိန်ကြာလာလေ အောက်ခြေပြည်သူတွေပဲ ဒုက္ခရောက်လေပဲ”လို့ ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ဟာ တစ်ကိုယ်ရည် သက်တမ်းရှည်ရေးအတွက်ပဲ စဉ်းစားနေပြီး အောက်ခြေပြည်သူတွေရဲ့ အသံတွေကိုတော့ မျက်ကွယ်ပြုနေပါတယ်။ ကုန်ဈေးနှုန်း မတည်ငြိမ်သေးသရွှေ့ နစ်မွန်းလာမယ့် ဘဝတွေကို တော့ အရေးတယူ ထည့်သွင်းစဉ်းစားမှု မရှိပါဘူး။ ခေတ်ပျက်မှာ ပြည်သူတွေဟာ အလုပ်လုပ်ရင်း အငတ်ဘေး ဆိုက်နေကြပါပြီ။ 
နိုင်ငံ့စီးပွားရေး ကြပ်တည်းလာလေ တော်လှန်ရေးကို မေ့လျော့လာလေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က ပြည်သူတွေကို ဒုက္ခတွင်းထဲ အရောက်တွန်းပို့နေသလိုပါပဲ။ 

၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အင်မတန်ဆိုးရွားတဲ့အခြေအနေကို ဆိုက်ရောက်လာနေပြီဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးစတဲ့ အခြေအနေတွေ အောက်ဆုံးကို ရောက်ရှိနေပြီး တစ်ပူပေါ်နှစ်ပူဆင့်ရတဲ့ အောက်ခြေပြည်သူတွေရဲ့အသံကို မျက်ကွယ်ပြု နေတဲ့ အုပ်ချုပ်သူဆိုသူတွေရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။


Related posts

Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024
Cover
သောက မိခင်
Jun 04, 2024
Cover
ပျောက်ဆုံးသွားသော လုပ်အားရှင်များ
May 28, 2024
Cover
ကိုရီးယားအိပ်မက် မက်ကြသူများ
May 27, 2024
Cover
လုပ်ငန်းခွင်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ဖိအားပေး အလုပ်ထွက်စေခြင်း
May 24, 2024
Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024