ARTICLE

"လုပ်အားရှင်တို့အတွက်  အခြေခံလုပ်ခလစာတိုက်ပွဲ"

CoverLogo
635 Views

အလုပ်သမားဝန်ကြီးဌာနက တရားဝင် သတ်မှတ်ထုတ်ပြန်တာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်တွေဘက်က  အနည်းဆုံး လုပ်ခလစာတိုးမြှင့်ပေးချေဖို့ ဇူလိုင်လလောက်ကစပြီး ဒေးကြေး(အနည်းဆုံးလုပ်ခလစာ)တွေ တိုးပေးနေပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ အဲဒီအခြေအနေဟာ အလုပ်သမားတွေအတွက် ထူးခြားတဲ့သက်ရောက်မှု ရှိမလာခဲ့ပါဘူး။

လုပ်ငန်းရှင်တွေဘက်က အနည်းဆုံးအခကြေးငွေ နှုန်းထားကို ကျပ်(၅၈၀၀)ထိ တိုးမြှင့်ပေးတာတွေ ရှိနေပေမယ့် လက်ရှိမှာတော့ ဒါဟာ ဆန်ချောတစ်ပြည်ဈေးထက်ကို နည်းနေတဲ့ လုပ်ခလစာ ဖြစ်ပါတယ်။ 

စားအုန်းဆီ တစ်ဆယ်သားကို ကျပ်တစ်ထောင်ကျော်နဲ့ ကြက်သွန်နီတစ်ဆယ်သား ကျပ်(၃၅၀)လောက် ဖြစ်နေတဲ့ခေတ်မှာ အလုပ်သမားတစ်ယောက်ရဲ့ဝင်ငွေက ထမင်းဝအောင်စားရဖို့ လုံလောက်ရဲ့လားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက တဖြေးဖြေး မြင့်တက်နေတဲ့ကုန်ဈေးနှုန်းဟာ ကျပ်နှစ်သောင်းတန်ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ထိန်းမရတဲ့ အခြေအနေကို ဖြစ်လာပါတယ်။ 

မဖြစ်မနေ ဝယ်ယူစားသောက်နေရတဲ့ ဆန်ဈေး၊ ဆီဈေးဟာလည်း အလုပ်သမားတွေ တစ်ရက်တာရရှိတဲ့ အခြေခံလုပ်အားခထက် မြင့်တက်နေပါတယ်။

အရင်က ဆန်ကြမ်းတစ်ပြည်ဈေးနှုန်းက ကျပ်(၁၅၀၀)ဝန်းကျင်သာရှိခဲ့ပေမယ့်  လက်ရှိမှာတော့ ကျပ်(၃၅၀၀) ကနေ (၄၀၀၀) ကျော်အထိ မြင့်တက်လာနေပြီဖြစ်ပါတယ်။ 

အရင်က တစ်ပြည်ကို ကျပ်(၂၄၀၀)ဝန်းကျင်သာရှိခဲ့တဲ့ ဆန်ချောကတော့ လက်ရှိအချိန်မှာ တစ်ပြည်ကိုကျပ်(၄၀၀၀) ကနေ (၆၀၀၀) ကျော်အထိ ရှိနေပါတယ်။

တစ်ရက်ကို အခြေခံလုပ်အားခ(၄၈၀၀ ကျပ်)သာ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကတောင် အခြေခံလုပ်အားခထက် မြင့်တက်နေတာဖြစ်တဲ့အတွက် အလုပ်သမားတွေ ရှေ့ဆက်ပြီး ရပ်တည်နိုင်ဖို့က မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ပြည်တွင်းအလုပ်သမား တွေအတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြဋ္ဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစားမခွဲခြားဘဲတစ်နာရီကို ကျပ်(၄၅ဝ)နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ စတင်သတ်မှတ်ခဲ့တာပါ။ 

အဲဒီလို သတ်မှတ်ရာမှာ အလုပ်သမား (၁၅)ယောက်ထက် နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂)နှစ်ကိုတစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာရေးဆွဲပြဋ္ဌာန်းထားပါတယ်။ 

ဒါ့ကြောင့် (၂၀၁၈)ခုနှစ်မှာတော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈) နာရီစာ(တစ်ရက်) လုပ်အားခကို ကျပ်(၃၆၀၀)ကနေ ကျပ်(၄၈၀၀)အထိ တိုးမြှင့်ခဲ့ပါတယ်။

လက်ရှိမှာတော့ တတိယအကြိမ်ပြန်လည်သုံးသပ်ရမယ့်အချိန်ကာလကို ကျော်လွန်နေပြီဖြစ်ပေမယ့် အဲဒီလုပ်ငန်းစဉ်ကို စတင်နိုင်ခြင်း မရှိသေးပါဘူး။

ဒီအခြေအနေမှာ လုပ်ငန်းရှင်တွေဘက်က အချိန်ကိုက်ဆိုသလို ဒေးကြေးတွေကို တိုးပေးလာတာပါ။  

စက်ရုံတစ်ချို့မှာ တိုးမြှင့်ပေးတယ်ဆိုတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားဟာလည်း တူညီမှု မရှိသလို ကျပ်(၅၂၀၀)ကနေ (၅၈၀၀)အထိပေးနေပြီး အချိန်ပိုလုပ်အားခကိုလည်း ကျပ်(၁၃၀၀) ကနေ (၁၅၀၀) အတွင်း ပေးချေနေတယ်လို့ သိရပါတယ်။ 

အလုပ်ရှင်တွေတိုးပေးတဲ့ လုပ်ခလစာဟာ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီမှုမရှိပါဘူး။ 

ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာပေးချေဖို့ကို ကြိုတင်ငြင်းဆန်ပြဖို့ တိုးပေးထားတယ်ဆိုတာကိုပြဖို့ အနည်းငယ်တိုးပေးတဲ့အခြေအနေပဲ ဖြစ်ပါတယ်။

လုပ်ခလစာတိုးလာတယ်ဆိုတဲ့ နောက်ကွယ်မှာ အလုပ်သမားတွေအတွက် စားဝတ်နေရေး ပိုမိုကြပ်တည်းလာတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

“တစ်ချို့နေ့တွေဆို ထမင်းတောင် ချက်မစားဖြစ်လိုက်ဘူး”လို့ မိသားစုကို လစဉ်ထောက်ပံ့နေရတဲ့ မနွယ်နွယ်က လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဆိုပါတယ်။

သူတို့လို စက်ရုံအလုပ်သမားတွေအတွက် တစ်ချို့နေ့တွေမှာ ထမင်းဟင်း ချက်မစားတာဟာ အရင်ကတည်း ရင်းနှီးနေတဲ့ အပြုအမူပါ။ 

တစ်နေကုန် လုပ်ငန်းခွင်က ပင်ပန်းလာလို့ ချက်မစားဘဲ အတူနေ မိန်းကလေးတွေ စုပေါင်းပြီး အပြင်စာ(ဆိုင်မှာရောင်းချတဲ့အစားသောက်) ဝယ်ယူစားသောက်တာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

“အရင်ကတော့ ပါးစပ်အရသာခံတာလေ။ ပင်ပန်းတော့ မချက်တော့ဘူး။ အဆောင်ကလူတွေ အကုန်စုပြီး စားချင်တာတွေလေးတွေ မျှစားကြတာ။ အခုကျတော့ အဲ့လိုမစားနိုင်တော့ဘဲ အငတ်ခံရတာ။ ထမင်းကြမ်းကျန်တာနဲ့ ရေနဲ့မျှောချလိုက်တယ်”လို့ သူက ဆိုပါတယ်။

မလောက်ငှတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားကြောင့် အလုပ်သမားတွေဟာ အလုပ်ရှင်တွေဘက်က ဖိအားပေးခေါ်ယူနေတဲ့ အချိန်ပိုနာရီတွေကိုလည်း မဖြစ်မနေ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 

အဲဒီလို အချိန်ပိုတွေ လုပ်ကိုင်နေရင်းနဲ့ကို အငတ်ဘေးဆိုက်တော့မယ့် အခြေအနေတွေ ရှိလာကြတာလည်းဖြစ်ပါတယ်။

ဒီလိုအချိန်ပို ခေါ်ယူနေတာနဲ့ ပတ်သက်ပြီး “မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံတချို့က အလုပ်သမားတွေဟာ တရက်ကို ၁၅ နာရီကျော်လုပ်ကိုင်နေရပြီး အိပ်ချိန်အနည်းငယ်သာရှိတယ်”လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း Myanmar Labour News ကို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။   

“H&M ချုပ်တဲ့ စက်ရုံတရုံက အလုပ်သမားတွေပြောတာက အလုပ်စချိန် မနက် ၆ နာရီ လို့ ပြောတယ်။ တကယ် အလုပ်စချိန်က ၇နာရီခွဲဖြစ်ရမယ်။ အလုပ်သမားတွေကတော့ စက်ရုံတောင်းတဲ့ အထည်စံချိန်ကို ပြည့်ဖို့၊ ညဉ့်နက်သန်းခေါင် အချိန်ပိုတွေ ဆင်းပြီး လုပ်နေရတယ်။ စက်ရုံထဲမှာနေထိုင်တဲ့ အလုပ်သမားတွေဆိုရင် ပိုဆိုးတယ်။ တချို့ဆို မနက် ၃ နာရီထ အလုပ်လုပ်တယ်ဆိုတာတွေ တွေ့ရ။ တချို့လည်း မနက် ၃ ခွဲလောက်ထိ လုပ်ရတယ် ဆိုတာမျိုးတွေ တွေ့တယ်။ တနေ့ကို အလုပ်ချိန် နာရီ ၁၅ နာရီထက်ကျော်ပြီး အိပ်ချိန် ၄ နာရီ လောက်ပဲ ရှိတာကိုတွေ့ရတယ်” လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ 

ဒါဟာ စားဝတ်နေရေးအတွက် ပြည်တွင်းက စက်ရုံ အလုပ်ရုံအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေပါပဲ။

တစ်ရက် (၈) နာရီ အလုပ်ချိန်နဲ့ စားလောက်အောင် ခေတ်နဲ့လျော်ညီတဲ့လုပ်ခလစာ သတ်မှတ်နိုင်ဖို့ကို စစ်အာဏာရှင် လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနကတော့ စိတ်ဝင်စားမှု မရှိသေးပါဘူး။  

တရိပ်ရိပ် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကို အလုပ်သမားဝန်ကြီးကတော့ အခုချိန်ထိ မျက်ကွယ်ပြုထားဆဲပါ။

“တစ်ရက်ကို ဒေးကြေးကတစ်သောင်းလောက်ရမှ လူလိုနေရမှာ။ တကယ်ဆို အချိန်ပိုဆိုတာက ကိုယ့်ဆန္ဒရှိမှ ဆင်းမယ်။ ပိုက်ဆံပိုလိုချင်ရင် ဆင်းပေါ့။  အခုကျ အပိုသုံးရဖို့ မပြောနဲ့ အချိန်ပိုတွေ မနားတမ်း ဆင်းတာတောင် စားဖို့အနိုင်နိုင် ဖြစ်နေတယ်။ အဲဒါကြောင့် အချိန်ပိုမဆင်းဘဲ စားဖို့လောက်တဲ့ လစာလေးတော့ လိုချင်တယ်”လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

ဒါတွေဟာ ပြည်တွင်းက စက်ရုံအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေပါပဲ။ 

အချိန်ပိုတွေ ဆက်တိုက် လုပ်ကိုင်နေပေမယ့် စားဝတ်နေရေးက ပိုမိုခက်ခဲလာတာ ဖြစ်ပါတယ်။ 

ခေတ်နဲ့ လျော်ညီတဲ့ အနည်းဆုံး အခကြေး ငွေနှုန်းထားတစ်ခု မသတ်မှတ်နိုင်သရွေ့တော့ ဒီအခြေအနေက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

အလုပ်သမား ဝန်ကြီးဌာနကလည်း အလုပ်ရှင်တွေဘက်က တိုးပေးလိုက်တဲ့ လုပ်အားခ ကျပ်တစ်ထောင်ဟာ လက်ဖက်ရည် တစ်ခွက်ဖိုးတောင် မရတော့တာကိုလည်း သတိပြုမိဖို့ လိုအပ်နေပါတယ်။ 

ပြည်တွင်းက အလုပ်သမားတွေ စားဝတ်နေရေး လုံလောက်မှု ရှိစေဖို့ဟာ အလုပ်သမားဝန်ကြီးဌာနရဲ့ မူဝါဒတွေ၊ သတ်မှတ်ချက်တွေက အဓိကကျနေတာပဲ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေမှာတော့ အလုပ်လုပ်နိုင်တဲ့ လူငယ် လူရွယ်တွေဟာ ပြည်တွင်းမှာ မဖြစ်သာလို့ လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေကို ရောက်ရှိနေပြီး ပြည်ပ နိုင်ငံအသီးသီးက အလုပ်အကိုင် အခွင့်အလမ်း တွေ ကို ပိုမိုအားထားလာကြရပါတယ်။

ပြည်တွင်းကအလုပ်အကိုင်တွေကိုသာ အားထားလုပ်ကိုင်နေကြရတဲ့ လုပ်အားရှင် အလုပ်သမားတွေအတွက် ဖူလုံတဲ့လုပ်ခလစာ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တွေရရှိဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

လုပ်ငန်းခွင်ထဲမှာ အနည်းဆုံးအခကြေးငွေ တိုးပေးဖို့တောင်းဆိုခဲ့တဲ့ အလုပ်သမားအချို့လည်း အကျဥ်းထောင်ထဲကို ရောက်ရှိနေရပြီး အဲ့ဒီလို အဖက်ဖက်က ခြိမ်းခြောက်ခံရမှုတွေကြောင့် အလုပ်သမား တွေကြားထဲ အကြောက်တရားနဲ့ ရင်ဆိုင် နေရတာကိုလည်းတွေ့မြင်နေရပါတယ်။

ဒီအခြေအနေမှာ အပြည့်အဝတာဝန်ရှိနေတဲ့  အလုပ်သမား ဝန်ကြီးဌာန အနေနဲ့   ဖမ်းဆီးထားတဲ့ အလုပ်သမားတွေကို ပြန်လွှတ် ပေးဖို့၊ အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာမလုပ်ဖို့ ၊ ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာ သတ်မှတ်နိုင်ဖို့ကို အချိန်မဆွဲဘဲ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

#MyanmarLabourNews 


Related posts

Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023
Cover
လုပ်အားခခေါင်းပုံဖြတ်မယ့် စစ်ကောင်စီရဲ့ ခြေလှမ်းများ
Aug 14, 2023
Cover
ငွေပုံပေး၍ ကျွန်လမ်းခင်းနေရသူများ
Aug 07, 2023