NEWS

လစာတိုးပေးရေးတောင်းဆိုတဲ့ အလုပ်သမား တွေကို  Erdos အထည်ချုပ်စက်ရုံ က အလုပ်ဌာန ပြောင်းရွှေ့

CoverLogo
1.3K Views

လုပ်ခလစာ ၅၆၀၀ ပြန်တိုးပေးဖို့တောင်းဆိုခဲ့တဲ့ အလုပ်သမား ၆ ဦးကို Erdos Myanmar အထည်ချုပ် စက်ရုံက  အလုပ်ဌာန ပြောင်းရွှေ့ခဲ့တယ်လို့ ကိုယ်တိုင် ပြောင်းရွှေ့ခံရတဲ့ အလုပ်သမား အမျိုးသမီးတဦးက ပြောပါတယ်။ 

“စက်ရုံက အလုပ်ပြန်ဆင်းဖို့ ခေါ်တော့ သွားဆင်းလိုက်တယ်။ စက်ရုံထဲမှာ လုပ်ငန်းခွင်ထဲရောက်တော့ ကျွန်မတို့ ထဲက ငါးယောက်ထဲက တယောက်ကို စက်လိုင်းက helper (အကူ) နေရာကို ရွှေ့လိုက်။ ကျန်တဲ့သူတွေကိုလည်း တခြားဌာနတွေကို ရွှေ့တယ်။ နေရာရွှေ့ဖို့ ပြောတာကတော့ အောစူပါ ပါ ။ ဒါက လုပ်ခလစာ ပြန်တိုးပေးဖို့ ပြောလို့ အညှိုးနဲ့ လုပ်တာ ” လို့ ပြောင်းရွှေ့ခံရတဲ့ အလုပ်သမားအမျိုးသမီး မချို(အမည်လွဲ) က ပြောပါတယ်။ 

လစာထုတ်တဲ့နေ့မှာ အလုပ်သမားအမျိုးသမီး ၆ ယောက်ဟာ စက်ရုံမှူးဆိုသူ အမျိုးသမီး၊ အောစူပါတို့နဲ့ တွေ့ဆုံ တောင်းဆိုခဲ့ပေမဲ့  စက်ရုံမှူး အမျိုးသမီးက ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခံခဲ့ရတယ်လို့ မချိုက ဆက်ပြော ပြပါတယ်။

“၄၈၀၀ ပဲ ရှင်းလို့ သွားပြောတော့ စုစုပေါင်း ခုနှစ် ယောက် ၊ စက်ရုံမှူးက အော်ဟစ်တာနဲ့ ခြောက်ယောက်ပဲ ကျန်တော့တာ။ စူပါကိုလည်း နင် ဘာအသုံးကျလဲဆိုပြီးလည်းပြောတယ် ၊ စက်ရုံပိုင်ရှင် တရုတ်နဲ့ ပေးစားပြီး ရိုင်းစိုင်းတဲ့ စကားတွေ ပြောတယ်၊ နောက် အထည်တွေထဲ သဲ ပါလို့ ဖြတ်တယ်ဆိုပြီး ပြောတယ်။ ” လို့ ပြောပြပါတယ်။  

ဒီအမျိုးသမီးတွေဟာ စက်တင်ဘာ ၅ ရက်မှာ စက်ရုံဘက်က လစာကို ကျပ် ၄၈၀၀ နဲ့ တွက်ပေးခဲ့တာ ကြောင့် ၅၆၀၀ ရရှိဖို့ လှိုင်သာယာ အလုပ်သမားရုံးကို တိုင်ကြားခဲ့တာလို့ ပြောပါတယ်။ 

စက်တင်ဘာ ၇ ရက် နေ့လယ် ၁ နာရီမှာ နှစ်ဖက်ဖြေရှင်းပေးဖို့ အလုပ်သမားရုံးဘက်က ချိန်းဆို ပေးခဲ့ပေမဲ့ အလုပ်သမားအမျိုးသမီး ၆ ယောက်ကို  ၅၆၀၀ ကျပ်ပြန်ပေးမှာ ဖြစ်ပြီး အလုပ်ပြန် ဆင်းဖို့  စက်ရုံရဲ့ HR မန်နေဂျာ ဖုန်းဆက် အကြောင်း ကြားခဲ့တယ်လို့ ပြောပြပါတယ်။

အလုပ်ပြန်ဆင်းတဲ့နေ့မှာတော့ အမျိုးသမီး ၆ ဦးလုံး အလုပ်နေရာ ပြောင်းရွှေ့ ခံရပြီး အဲဒီ ထဲက တဦးကတော့ လိုင်းစူပါ ဖြစ်တာကြောင့် ဌာန တခုရဲ့ စာရေးမအဖြစ် ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။

“ရုံးကို မသွားတော့ဘဲ  ချိန်းတဲ့နေ့ မနက်မှာပဲ အလုပ်ပြန်ဆင်းတယ်၊ လုပ်ငန်းခွင်ထဲရောက်တော့ ရာထူးတွေ ကလည်း နိမ့်တဲ့သူ နိမ့် နဲ့ အလုပ်တွေလည်း ပြောင်းခိုင်းတယ်။ ပြောင်းပေးတဲ့လုပ်ငန်းတွေကလည်း ကျွန်မတို့ မကျွမ်းကျင်ဘူး ။ ကျွန်မ တို့ကို အလုပ်ခန့်ထား တော့လည်း QC ကျွမ်းကျင်ဆိုပြီးခန့်ထားခဲ့တာ ၊ အထည်တွေထဲ သဲ ပါတယ်ဆိုပြီး ပြောရအောင်လည်း ကျွန်မတို့ဌာနက စစ်ပြီးရင် နောက်ထပ် ၂ ဆင့် စစ်ပြီးမှ ပါကင် ထည့်တာ။ “ လို့ မချိုက ဆက်ပြော ပါတယ်။  

အလုပ်နေရာ ရာထူးပြောင်းရွှေ့ခံရတဲ့ အမျိုးသမီးအားလုံးဟာ ကျွမ်းကျင်အဆင့်နဲ့ အလုပ်ခန့်ထားခံရတာဖြစ်ပြီး သတ်မှတ် လုပ်ခ အတိုင်းရရှိခဲ့တယ်လို့ ပြောဆိုပါတယ်။

လုပ်ငန်းသဘောအရ QC နောက်ဆုံးအဆင့် စစ်ဆေး လုပ်ကိုင်ရတာဖြစ်ပေမဲ့ စစ်ဆေးပြီးစီးတဲ့ အထည်တွေကို QA ဆိုတဲ့ အဆင့်နဲ့ စက်ရုံက ခန့်ထား တရုတ်အမျိုးသမီး က ထပ်မံစစ်ဆေး တယ်လို့လည်း သိရပါတယ်။ 

“ကျွန်မတို့ တာဝန်ရှိအပိုင်းမှာ အပြစ် ဖြစ်တယ်ဆိုတာ မရှိခဲ့ပါဘူး ။ ဒါပေမဲ့ အပြင်စက်ရုံတွေ ပို့လိုက်တဲ့ အထည် တွေကို စစ်ပေးရတာရှိတယ် ။ အဲ့အလုပ်တွေကို အောအလင်းတွေ ဆင်း၊ တနင်္ဂနွေပါ အလုပ်ဆင်းပြီး လုပ်ရတယ်။ အပြင်ထည်တွေကို စက်ရုံမှူးနဲ့ အောစူပါ ဆိုသူတွေက အမွှေးပဲ ညှပ်ပေးလိုက်၊ ဒီတိုင်းပဲ ထည့်ပေးလိုက်ဆိုပြီး ခိုင်းတယ်။

ပြဿနာ ဖြစ်ပြီဆိုရင် သူတို့ ခိုင်းခဲ့တဲ့ပုံစံတွေကို မေ့ပြီး၊ အပြစ်အားလုံး ကျွန်မတို့ အဖွဲ့ကို ပုံချလိုက်တာ ပဲ” လို့ မချိုက ပြောပါတယ်။

Erdos Myanmar စက်ရုံဟာ အချိန်ပို နေ့စဉ် ညနက် ၁၂ နာရီအထိ လပေါင်းများစွာ ခိုင်းစေနေတဲ့ စက်ရုံဖြစ်ပြီး တိုင်ကြားမှုတွေရှိနေပေမဲ့ အလုပ်သမားဝန်ကြီးဌာနက ဝင်ရောက်စစ်ဆေးမှု လုံးဝ မရှိသေး တဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

စက်ရုံအတွင်းဌာန အပြောင်းအရွှေ့တွေဟာ EC စာချုပ်ပါအတိုင်း ဖြစ်ဖို့လိုပြီး အလုပ်သမား သဘောမတူဘဲ ဌာန ပြောင်းရွှေ့လို့ မရဘူးလို့ အလုပ်သမားကူညီရေးဆောင်ရွက်နေသူ မအေးအေးက ပြောပါတယ်။

“ စက်ရုံအတွင်း ဌာန အပြောင်းအရွှေ့မှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြားညှိနှိုင်းရမယ်။ အလုပ်သမားဘက်က သဘောမတူဘူးဆိုရင်တော့ ပြောင်းရွှေ့လို့မရဘူး ပေါ့” လို့ မအေးအေးက ပြောပါတယ်။ 

Erdos Myanmar စက်ရုံဟာ အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာစာချုပ် EC ကိုလည်း ချုပ်ဆိုထားတာ မရှိသလို လက်မှတ်ထိုး ရတာမျိုးလည်း မရှိဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမျာ စက်ရုံ အလုပ်သမားတွေက တညီတညွတ် တည်း ပြောဆိုထားပါတယ်။  

ကျွမ်းကျင် အဆင့်လို့ဆိုပြီး ခန့်ထားတာဖြစ်တဲ့အတွက် တခြားဌာနေတွေကို ပြောင်းရွှေ့တာဟာ ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့တာ ဖြစ်တယ်လို့ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်မှုတွေ ရှိနေတယ်လို့  ပြောင်းရွှေ့ခံရတဲ့ အလုပ်သမား အမျိုးသမီးတွေက ပြောပါတယ်။ 

“အခုဆို ကျွန်မတို့ဌာန Final QC မှာ အထည်တွေပုံနေတယ်၊ အလုပ်သမားတွေလည်း ထပ်ခေါ်ထားတယ်။ ခေါ်နေ တယ်။ ကျွန်မတို့ကို အလုပ်ဌာနကို ပြောင်းခိုင်းပြီး ၊ ကျွန်မတို့ နေရာမှာ လူသစ်တွေ ခန့်မယ် ။ ဒါ ကျွန်မတို့ကို စိတ်ညစ်အောင်လုပ်ပြီး အလုပ်ထွက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါ၊ ပြောင်းလုပ်ရတော့ ဟိုလူကြည့် ဒီလူကြည့်နဲ့ ပျက်ရယ်ပြုသလိုဆိုတော့ စိတ်ထဲ ဘယ်လိုမှ အဆင်မပြေတာပါ ။ “ လို့ မချို က ပြောပါတယ်။ 

Erdos Myanmar စက်ရုံဟာ Erdos (Myanmar) Knitwear Company Limited အမည်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတာလို့ သိရ ပါတယ်။ 

စက်ရုံဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းမှာ ရှိပြီး SNI ကုန်အမှတ်တံဆိပ် သိုးမွှေးထည်တွေ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ်။ 

Photo - ပုံဟောင်း (Erdos Myanmar စက်ရုံ)


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026