NEWS

ယာဥ်မောင်းလုပ်သားတွေကို အလုပ်ချိန် ၁၀ နာရီကျော်မှ အချိန်ပိုကြေးပေးမည်ဟု IHI Infrastructure Systems Co., Ltd. တာဝန်ရှိသူတွေပြောဆို

CoverLogo
1K Views

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စီမံကိန်းတချို့ကို အကောင်အထည်ဖော်နေတဲ့ ဂျပန် ကုမ္ပဏီ  IHI Infrastructure Systems Co., Ltd. ကုမ္ပဏီ တာဝန်ရှိသူတွေက ဝန်ထမ်းတချို့ကို တနေ့ အလုပ်ချိန် ၁၀ နာရီကျော်မှ အချိန်ပိုကြေး ပေးမယ်ဆိုပြီး ကုမ္ပဏီရဲ့ တာဝန်ရှိသူက ပြောဆိုထားတယ်လို့ ဝန်ထမ်းတဦးက ပြောဆိုပါတယ်။ 

“ကုမ္ပဏီက ယာဉ်မောင်းတွေ တနေ့  ၁၃ နာရီလောက် အလုပ်ချိန်ရှိတယ် ။ တနေ့ အလုပ်ချိန် ၁၀ ကျော်မှ အချိန်ပို ကြေးပေးမယ်ဆိုတာ့ သူတို့အတွက် အများကြီး နစ်နာတာပေါ့ ။ ယာဉ်မောင်းဆိုတာက သူများ အသက်ကို ကာကွယ် ပေးနေရတာမျိုး ။ အချိန်မရွေး အလုပ်လိုအပ်ချက်အရ မောင်းပေးရတော့ ထမင်း စားချိန် နားချိန် ဆို တာလည်း သီးသန့်မရှိဘူး။ အလုပ်သဘောအရ မမောင်းရရင် နားနေမှာပေါ့ ။ ဒါကို မမောင်းရတဲ့ အချိန်တွေရှိ တယ်ဆိုတဲ့သဘောနဲ့ အလုပ်ချိန် ၁၀ နာရီကျော်မှ အချိန်ပိုလို့ သတ်မှတ်မယ်ဆိုတော့ နေ့တိုင်း ၂ နာရီ အလကား လုပ်ပေးရ နေရတာမျိုး ဖြစ်နေတာ ။ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ ကားပေါ်က ဆင်းတာနဲ့ နားလို့ရပြီ ။ သူတို့ ကတော့ မောင်းနေရတုန်း ။ “ လို့  ကုမ္ပဏီ အလုပ်သမားတဦးက Myanmar Labour News ကို ပြော ပါတယ်။ 

IHI Infrastructure Systems Co., Ltd. ဟာ အတ္တရံ နဲ့ ဇာသပြင် တံတားစီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဂျပန်ကုမ္ပဏီတခုဖြစ်ပြီး အဲဒီ စီမံကိန်းကုမ္ပဏီရဲ့ ယာဉ်မောင်းတွေကို Admin အဖွဲ့တာဝန်ရှိသူက အလုပ်ချိန် ၁၀ နာရီကျော်မှ အချိန်ပိုကြေးပေးမယ်လို့ ပြောဆို ထားတာလို့ သိရပါတယ်။  

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေမှာ တနေ့ အလုပ်ချိန် ၈ နာရီသတ်မှတ်ထားပြီး၊ တနေ့ အလုပ်ချိန်ထက် ကျော်လွန်ပြီး လုပ်ကိုင်ရတဲ့ အချိန်အတွက် အချိန်ပိုကြေး နှစ်ဆ ပေးရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ 

ကုမ္ပဏီက ယာဉ်မောင်းတွေဟာ မနက် ၇ နာရီက စတင်ကာ လုပ်ငန်းခွင် ဝင်ရောက်ရပြီး ည ၈ နာရီဝန်းကျင်မှာသာ ပြီးစီးကြတယ်လို့ Myanmar Labour News ကို  ကုမ္ပဏီဝန်ထမ်း တဦးက ပြောပြပါတယ်။ 

ကုမ္ပဏီအလုပ်ချိန်ကတော့ မနက် ၇ နာရီခွဲကနေ ၅ နာရီခွဲအထိ ဖြစ်တယ်လို့ အဲဒီ ဝန်ထမ်းက ပြောပြပါတယ်။ 

“ကျွန်တော်တို့လည်း အဲလို စီမံကိန်းတွေမှာ မောင်းဖူးတယ်။ အခုလို သတ်မှတ်တာက လူရယ်စရာကြီးပဲ။ မြန်မာ နိုင်ငံရဲ့ အလုပ်သမားဥပဒေမှာ တရက် အလုပ်ချိန်ကို ၈ နာရီ သတ်မှတ်ထားတယ်။ ယာဉ်မောင်းမို့ ၁၀ နာရီလုပ် ရမယ်လို့လည်း ခွဲခြား မထားဘူး။ အားလုံး အတူတူပဲ လေ။ အလုပ်ချိန် ၈ နာရီကျော်တာနဲ့ အချိန်ပိုခ ပေးရမယ် တနာရီ လုပ်ခရဲ့ ၂ ဆ ရ ရမယ် ။ အခု ကျွန်တော်မောင်းတဲ့ ကုမ္ပဏီက အရက်ထုတ်တာ။ ဝန်ထမ်းကြိုဖို့  မနက် ၁ နာရီ  ၊ ညနေ ၁ နာရီ အချိန်ပို ပေါင်းပေးထားတယ်။ ဒီထက်နောက်ကျရင် ထပ်ပေါင်းပေးသေးတယ်။ “ လို့ ပုဂ္ဂလိက ကုမ္ပဏီတခုမှာ ယာဉ်မောင်း အဖြစ် လုပ်ကိုင်နေသူ တဦးက ရှင်းပြပါတယ်။ 

တံတားစီမံကိန်းမှာ ဆောင်ရွက်နေတဲ့ အဲ့ဒီကုမ္ပဏီမှာ ရုံး ယာဉ်မောင်း ၁၀ ယောက် ဝန်းကျင် လုပ်ကိုင်နေပြီး ယာဉ်တွေကို အလှည့်ကျ မောင်းနှင်နေရတယ်လို့ ကုမ္ပဏီဝန်ထမ်း တဦးက ပြောပါ တယ်။ 

“ယာဉ်မောင်းတွေက ကားတွေကို အလှည့်ကျ မောင်းရ တယ်။ ပြီးတော့ တလကို ၇ ရက် အလှည့်ကျ နားရတယ်။ အဲလို မောင်းရ နားရလို့ အချိန်ပို မပေးတာလားတော့ မသိဘူး ။ ဒါပေမဲ့ အလုပ်ချိန် ၁၀ နာရီကျော်မှ အချိန်ပို ကြေး ပေးမယ်ဆိုတာက ဥပဒေနဲ့လည်း မကိုက်ညီဘူး ။ အလုပ်ချိန်ဆိုတာက ဥပဒေမှာ သတ်မှတ်ပေး ထားပြီးသား၊ ဘယ်သူမှ ပြင်လို့လည်းမရဘူးလေ” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။ 

Admin အဖွဲ့ဟာ အစမ်းခန့်ဝန်ထမ်းဆိုပြီး လစာ သတ်မှတ်ချက်ထက် လျှော့ပေးတာတွေ ရှိတယ်လို့လည်း ဝန်းထမ်းတချို့က ပြောပါတယ်။ 

“အသစ်ဝင်တဲ့ ကလေးတွေဆို အစမ်းခန့်ဆိုပြီး လစာသတ်မှတ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကို လျှော့ပေးတယ် ။ ဘာသဘောလဲတော့ မသိဘူး။ ဆောက်လုပ်ရေး ကုမ္ပဏီဆိုတာ ကျွမ်းကျင်မှုမရှိရင် ဘယ်လို လာလုပ်မလဲ ။ ကျွမ်းကျင်လို့ လာလုပ်ကြတာလ ။ ဒါကို အစမ်းခန့်ဆိုပြီး လစာ ၁၀ ရာခိုင်းနှုန်းကို ဘယ်ဥပဒေနဲ့ ဖြတ်တောက် နေလဲ မသိဘူး” လို့ ဝန်းထမ်းတဦးက Myanmar Labour News ကို ပြောပါတယ်။ 

ကုမ္ပဏီဘက်က အချိန်ပို၊ အလုပ်ချိန်  သတ်မှတ်ချက်နဲ့ အစမ်းခန့်ကာလ ဖြတ်တောက်မှုတွေကို စာချုပ်မချုပ်မီ ကြိုတင်ပြောဆိုတာတွေရှိတယ်လို့ ဝန်ထမ်းတချို့က ပြောပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေမှာတော့ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ စာချုပ်မှန်သမျှ ပျက်ပြယ်တယ်ဆိုပြီး ရေးသားထားတယ် လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ တဦးက အခုလိုရှင်းပြပါတယ်။ 

“အလုပ်အကိုင်ခန့်ထားရေး EC စာချုပ်ပဲ ဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမား တဖက်နဲ့ တဖက် တောင်းဆိုတဲ့ အချက်တွေကို စာချုပ် ချုပ်ကြတာပဲ ဖြစ်ဖြစ် ၊ အဓိက လိုက်နာဖို့လိုတာက အလုပ်သမားဥပဒေနဲ့ အဲဒီဥပဒေရဲ့ ဆိုလိုရင်းတွေနဲ့ ဆန့်ကျင်ဘက် မဖြစ်ဖို့ လိုအပ်တယ်။ နောက် အလုပ်သမား ဥပဒေထဲမှာလည်း ဥပဒေနဲ့ ဆန့်ကျင် တဲ့ အကြောင်းအရာတွေက ပျက်ပြယ်တယ်ဆိုပြီး ရေးထားတယ်။ “ လို့  ပြောပါတယ်။ 

IHI Infrastructure Systems Co., Ltd.ဟာ ဂျပန်ကုမ္ပဏီ တခုဖြစ်ပြီး မြန်မာနိုင်ငံ သာကေတ စက်မှုဇုန်နဲ့ မြောင်းတကာစက်မှုဇုန်တွေမှာ တံတားတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို စက်ရုံဖွင့် လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီဝန်ထမ်းတွေက Myanmar Labour News ကို ပြောကြားထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026