NEWS

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ နှင့်တွေ့ဆုံမေးမြန်းခြင်း

CoverLogo
925 Views

"ကျွန်တော်တို့ အလုပ်သမားသမဂ္ဂတွေဟာ မည်သည့်စစ်အာဏာရှင်စနစ်ကိုမှ လက်မခံပါ" 
ဦးမောင်မောင် (ခ) ပြည်သစ်ညွန့်ဝေ 
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ နှင့်တွေ့ဆုံမေးမြန်းခြင်း


ရန်ကုန်မြို့ မှာ ဧပြီလ ၂၀ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို စစ်တပ်က ကားနဲ့တိုက် အကြမ်းဖက်ဖြိုခွင်းပြီး လူငယ်တချို့  ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM)အဖွဲ့ဝင်အမျိုးသမီး ၁ ဦး နဲ့ မြန်မာနိုင်ငံကုန်ထုတ် နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် - IWFM အဖွဲ့ က ၁ ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး Myanmar Labour News သတင်းဌာနက မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ  ဦးအောင်မောင်ကို တွေ့ဆုံမေးမြန်းခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

Myanmar Labour News -  မနေ့က အလုပ်သမားအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး နိုင်ငံအဖွဲ့အစည်းတွေ တိုင်ကြားမယ်လို့ ပြောတယ် ၊ ဘယ်လို သက်ရောက်မှု ရှိနိုင်လဲခဗျ။

ဦးမောင်မောင် - ကျွန်တော့်က မောင်မောင် (ခ) ပြည်သစ်ညွန့်ဝေ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်က မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်မားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ ဒါ့အပြင် Myanmar Labour Alliance ကို ၂၀၁၉ မှာ စတင်တည်ထောင်ခဲ့တဲ့ Co-Founder တဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ CTUM ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အား မတရား အာဏာသိမ်းယူခဲ့တဲ့ အချိန်ကစပြီ ဒီကနေ့အချိန်အထိ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပြည်တွင်း ပြည်ပက  ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေ၊ အလုပ်သမား ပြည်သူများနဲ့အတူ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ နည်းလမ်း မျိုးစုံနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင် နေပါတယ်။ ကျွန်တော်တို့ မနေ့က ဧပြီလ (၂၀) ရက်မှာက ကြေညာချက် ထုတ်ပြန်ထားတဲ့အတိုင်း ကျွန်တော်တို့ အဖွဲ့ဝင်တွေကို အကြမ်းဖက်စစ်အုပ်စုက မတရား ကားနဲ့ တိုက်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေကို ခံခဲ့ရပါတယ်။ ဒီလို အကြမ်းဖက် နည်းလမ်းတွေနဲ့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ အပါအဝင် အလုပ်သမားတွေက ဒီမိုကရေစီတော်လှန်ရေးအတွက် ရရာ နည်းလမ်းတွေနဲ့ ဦးဆောင် နေကြတဲ့ သူတွေကို မတရားရိုက်နှက် ဖမ်းဆီးတာတွေကို ကျွန်တော်တို့အနေနဲ့ လက်မခံဘူး။

ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေ အဖွဲ့အစည်းတွေကိုလည်း ဒီအကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ ချိုးဖောက်မှုတွေကို တိုင်ကြားပြီး ဆက်လက် လုပ်ဆောင်သွားပါမယ်။ ဒီလိုတိုင်းကြားလုပ်ဆောင်တဲ့အခါမှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုရင် တော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေက အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးနိုင် ပါတယ်။

 ဥပမာ - အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ကနေ တဆင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို ဒီလိုချိုးဖောက်မှုတွေဟာ ဒီမိုကရေစီအခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများတွေဖြစ်တဲ့ အတွက် အရေးယူဆောင်ရွက်မှု အပိုင်းကို ဆောင်ရွက် တာ မျိုးတွေလုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ၂၅ ရက်နေ့က ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) 344 ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်ကတည်းက လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် (Freedom of Association – FoA, C-87) နဲ့ အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေး ပြဌာန်းချက် (Forced Labour Convention – 29) တို့ကို သိသိသာသာ ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်၊ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများကို အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ စတဲ့ ကျူးလွန်မှုတွေ လုပ်ဆောင်နေတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry) ဖွဲ့စည်းပြီး ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒါကြောင့် ဒီလို ကျွန်တော်တို့ အဖွဲ့ဝင်တွေ အကြမ်းဖက်တဲ့ နည်းလမ်းတဲ့ လုပ်ဆောင်ခဲ့တဲ့ ချိုးဖောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ case တခု အနေနဲ့ ပါဝင် အရေးယူဆောင်ရွက်နိုင်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါက နည်းလမ်းတခုပါ။ နောက်ထပ်နည်းလမ်းတခုကတော့ ဒီလိုအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ တဆင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) က ချမှတ်ထားတဲ့ ဥပဒေတွေအရ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ပြစ်မှုတွေ ၊ စစ်ဥပဒေကို ချိုးဖောက်မှုတွေ အစရှိတဲ့ အရေးယူဆောင်ရွက်ဖို့ဆိုတာတွေ လုပ်ဆောင်သွားနိုင်ပါတယ်။

Myanmar Labour News  - ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ဖမ်ဆီးတာ အလုပ်သမားအဖွဲ့အစည်းထဲက ဘယ်နှစ်ယောက်ရှိပါပြီလဲ။

ဦးမောင်မောင် - ကျွန်တော်တို့ CTUM ဟာ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုလို့ခေါ်တဲ့ Myanmar Labour Alliance မှာ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၇) ရက်မှာ ပထမဦးဆုံး ကျွန်တော်တို့အဖွဲ့ဝင် စီနိုဟိုက်ဒရိုမြန်မာ သတ္တုတွင်း အလုပ်သမားအဖွဲ့အစည်းက ကိုချမ်းမြေ့ကျော်ဟာ စစ်အုပ်စုရဲ့ မတရားသဖြင့် သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် မတ်လ (၂) ရက်မှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်အရ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ အလုပ်သမား အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းများတွေကို မတရားအသင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ CTUM ရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် (၂၇) ဦးအား ဖမ်းဝရမ်းထုတ်တာတွေ၊ နိုင်ငံကူး လက်မှတ်တွေကို ပယ်ဖျက်တာတွေ၊ သမဂ္ဂခေါင်းဆောင်တွေ အဖွဲ့ဝင်တွေကို ဖမ်းဝရမ်း ထုတ်တာတွေ၊ ဖမ်းဆီးတွေ၊ ထောင်ချတာတွေ၊ မတရား ညှင်းပန်း နှိပ်စက်တာတွေ၊ မီးရှို့သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီလိုချိုးဖောက်မှုတွေအပြင် ကျွန်တော့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့မှာ နိုင်ငံသားအဖြစ်ကနေ ရပ်ဆဲခဲ့ပါတယ်။ ကျွန်တော်တို့ CTUM အပါအဝင် အလုပ်သမားသမားသမဂ္ဂအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့တာ စုစုပေါင်း (၁၁၈) ဦးရှိနေပါပြီ၊ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အရေအတွက်ကတော့ စုစုပေါင်း (၃၀) ရှိပါတယ်။ ဒါက ကျွန်တော်တို့ CTUM က ရရှိထားတဲ့ သတင်းတွေအရဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီ မရောက်တဲ့ သတင်းများလည်း ရှိနိုင်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို စစ်အုပ်စုဟာ ကျူးလွန်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများကြားမှာ အကြမ်းဖက်စစ်အုပ်စုဟာ အသိအမှတ်ပြုခြင်းမခံရပါဘူး။ ဒါ့အပြင် ဒီအကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်မှုတွေကို ခံနေရပါတယ်။ ဆက်လက်ပြီးလည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများရဲ့ အရေးယူ ဆောင်ရွက်ခြင်းတွေကို ခံနေရအုံးမှာပါ။

Myanmar Labour News - ဒီလို အကြမ်းဖက်ပြီး ဖမ်းဆီးတာဟာ အလုပ်သမားထုရဲ့ လှုပ်ရှားမှုတွေ အပေါ်သက်ရောက်မှု ရှိနိုင်လား။

ဦးမောင်မောင် - ဒီလိုဖမ်းဆီးတာ အလုပ်သမားလှုပ်ရှားမှုတွေ အပေါ်သက်ရောက်မှု ရှိနိုင်လားဆိုရင် သက်ရောက်မှု တွေ အများကြီးရှိနေပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးကတည်းက အလုပ်သမားသမဂ္ဂ တွေ ဟာ အလုပ်သမားသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့မရတော့ဘူး ဒါက အဆိုးရွားဆုံး ဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အများကြီး ထိခိုက်နေတယ်။ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေ အပါအဝင် အလုပ်သမား ၁.၆ သန်း ဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေ ဟာဆိုရင်ဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသဖြင့် အလုပ်ထုတ်ခံရတာတွေ ဝန်ထမ်းအိမ်ယာတွေက အတင်းအကျပ် ပြောင်းရွှေ့ခိုင်းမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကြည့်မယ်ဆိုရင်လည်း စီးပွားရေးဟာ ချွတ်ခြုံကျနေ တယ်။ မြန်မာနိုင်ငံက FDI ကျဆင်းသွားပါတယ်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ 2021 ခုနှစ်မှာ (၁၈.၄) ရာခိုင်းနှုန်း ကျဆင်းခဲ့ပါတယ်။ UNDP ကလည်း  “COVID-19၊ အာဏာသိမ်းမှု အခြေအနေတွေကြောင့် လူပေါင်း ၁၂ သန်း အထိ ဆင်းရဲတွင်းနက်စေနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါကြေင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး (၂၅) သန်းအထိဟာ ၂၀၂၂  ခုနှစ် အစောပိုင်းမှာ ဆင်းရဲ နွမ်းပါးမှု မျဉ်းအောက် နေထိုင် လာရနိုင်ပါတယ်” လို့ သုံးသပ်ထားပါတယ်။ ဒါတွေက သက်ရောက်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုက ရပ်တန့်မသွားပါဘူး။ ပိုပြီး ပြင်းပြင်း ထန်ထန်နဲ့ ရှေ့ဆက် တော်လှန်တိုက်ပွဲဝင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Myanmar Labour News -   ဆန္ဒပြလို့ အဖမ်းခံရတာ၊ သေဆုံးတဲ့  CTUM အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ဘယ်လောက်ရှိနေပြီလဲ။ 
ဦးမောင်မောင် - ဖမ်းဆီးခံရတဲ့ အထဲမှာ အများဆုံးက အမျိုးသားတွေဖြစ်ပါတယ်။ အမျိုးသမီးတွေ စုစုပေါင်း (၁၀) ဖမ်းဆီးခံခဲ့ရပါတယ်။

Myanmar Labour News -  အခုလို အကြမ်းဖက် ဖမ်းဆီးမှာပေါ် ဘယ်လိုတုန့်ပြန်မလဲ ဘယ်လိုမျိုး မှတ်ချက်ပေးချင်ပါလဲ။ 
ဦးမောင်မောင် - ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပဲ ဘယ်လိုတုန့်ပြန်မလဲဆိုရင် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးတာ တွေ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ITUC)၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (GUFs)၊ အပြည်ပြည်ဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းပြီး သံတမန်နည်းလမ်း တွေကို သုံးပြီးတော့ အကြမ်းဖက်စစ်အုပ်စုရပ်တည်လို့ မရအောင် အကြမ်းမဖက်တဲ့ နည်းလမ်း ၊ ရတဲ့ နည်းလမ်းမျိုးစုံနဲ့ တော်လှန် တိုက်ပွဲဝင်နေအုံးမယ်။ 

ဒါ့အပြင် ကျွန်တော်တို့ အလုပ်သမားသမဂ္ဂတွေဟာ မည်သည့်စစ်အာဏာရှင်စနစ်ကိုမှ လက်မခံပါ။ စစ်အာဏာရှင်ရှိနေသမျှကာလပတ်လုံး ကျွန်တော်တို့ ပြည်သူများ၊ အလုပ်သမားများဟာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရအုံးမှာ ဖြစ်တယ်။ ဒီမိုကရေစီ အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရအုံးမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးရဲ့ အနာဂါတ် လူမှုဘဝတွေ အေးချမ်းသာယာဖို့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြက်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အစွမ်းကုန် ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင်သွားအုံးမှာ ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

 


Related posts

Cover
အမျိုးသားတွေ ပြည်ပ‌ရွှေ့ပြောင်းအလုပ်လုပ်ခွင့် ပိတ်ပင်မှု လက်ခံနိုင်ဖွယ်မရှိဟုဆို
May 02, 2024
Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024
Cover
"ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ"
May 01, 2024
Cover
အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်ခိုင်ဇာအောင် အလုပ်သမားအခွင့်အရေးအကြောင်း ဘာတွေပြောသလဲ။
Apr 30, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024