သရဖီ ရေးသည် (မတ်လ ၈ ရက်၊ ၂၀၂၆) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်းပါး
ခုလိုအချိန် မတ်လ ဆိုရင် အမျိုးသမီးတွေ နဲ့ ကျားမရေးရာ အခန်းကဏ္ဍ လူ့အခွင့်အရေး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စတွေ အကြောင်း လူတွေ ပိုသိပီး အတူတကွ ပါဝင်လှုပ်ရှားလာအောင် နေ့တစ်ရက် သတ်မှတ်ပြီး အခမ်းအနားတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသမီးအများစု အတွက် မိရိုးဖလာယဥ်ကျေးမှု အရ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဘောင်တွေ နဲ့ ခေတ်သစ်လုပ်ငန်းခွင်ရဲ့ ဖိအားတွေကြားထဲမှာ ဘယ်လို ရုန်းကန်နေ ကြလဲ ဆိုတာကို ပြန်လည်သုံးသပ် ချင်ပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားနည်းပြီး ရှေးရိုးအစွဲ ကြီးတဲ့ နိုင်ငံမျိုးမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ မြှင့်တင်ဖို့ ဆောင်ရွက်နေရတဲ့ အကြံပေးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တော့ ကျား၊ မ တန်းတူညီမျှမှုလှုပ်ရှားမှု ဆိုတာ အစိုးရနဲ့ လုပ်ငန်းခွင်တွေ နဲ့ သာ သက်ဆိုင်တဲ့ ဥပဒေ မူဝါဒတစ်ခုတင်မကဘဲ ကိုယ့်အိမ်ကနေ စတင်လို့ရတဲ့ ကိုယ်ပိုင်တော်လှန်ရေးတစ်ခုလည်း ဖြစ်တယ်လို့ မြင်မိပါတယ် ။
အိမ်တွင်းက တိတ်တဆိတ်တော်လှန်ရေး
ကျွန်မ အနေနဲ့ ရှေးရိုးစွဲတဲ့ မြန်မာမိသားစုတစ်ခုမှာ အငယ်ဆုံးသမီးအဖြစ် ကြီးပြင်းလာရတဲ့အတွက် "မျိုးဆက် အလိုက် အတွေးအခေါ် အယူအဆ ကွာဟမှု" ကို လက်တွေ့ခံစားရပါတယ် ။ အသက် ၈၀ နီး ကျွန်မရဲ့ဖခင်ဟာ အမျိုးသားတွေကပဲ ဦးဆောင်ရမယ်ဆိုတဲ့ ရှေးရိုးအယူအဆကို အခိုင်အမာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ၇၀ ကျော် ကျွန်မရဲ့မိခင်ကလည်း "မိန်းကလေး” ဆိုတဲ့ အတွေးခေါ် သတ်မှတ်ချက်နောက်မှာ ကန့်သတ်၊ တားမြစ်ထားတဲ့အမူအကျင့်အတွေးအခေါ်တွေ နဲ့ အမြဲတမ်း ပုံသွင်း ဆုံးမ လေ့ရှိပါတယ် ။
ကျား၊ မ တန်းတူညီမျှရေးကို တက်ကြွစွာ ဟောပြောနေတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မရဲ့မိဘတွေကို စိတ်အားထက်သန် စွာနဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးပါတယ် ။ ဒါပေမယ့် အဲ့လို ကြိုးစားတိုင်း အိမ်တွင်း ပြသနာတက်လေ့ရှိတယ်။ တစ်ခါတစ်ရံ မိဘနဲ့သားသမီးကြားမှာ တင်းမာမှုတွေဖြစ်ပြီး မိသားစုဆက်ဆံရေးတောင် ပျက်လုနီးပါး ဖြစ်ခဲ့ရတယ် ။ နောက်ပိုင်းတွေမှာ တော့ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အခွင့်အရေးကို ကာကွယ်ရင်း မိသားစုဆက်ဆံရေးကိုထိန်းသိမ်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေ ရင်း မိသားစုအတွင်း သဟဇာတ ဖြစ်အောင် နေရပါတယ် ။
ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်မယ့်အစား မိဘတွေရဲ့ အတ္တနဲ့ စိုးရိမ်စိတ်တွေကို နားလည်ပေးပြီး "နူးညံ့တဲ့နည်းလမ်း" နဲ့ ကိုယ့်အခွင့်အရေး ကို ရှာဖွေခဲ့ပါတယ်။ သူတို့စီက အသိအမှတ်ပြုမှု ကို အတင်းအကျပ် ပြောပြ တောင်းဆိုတာမျိုး မလုပ်တော့ဘဲ သွယ်ဝိုက်ပြီး အပေးအယူ လုပ်ရပါတယ် (Give to Gain) ပါ။ ဒီအတွေ့အကြုံကနေ ကျွန်မရလိုက်တဲ့ သင်ခန်းစာကတော့ "အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ဆိုရင် စာနာနားလည်မှု အပြန်အလှန်ထားရှိဖို့ လိုအပ်သလို၊ ရေရှည်တည်တံ့ဖို့အတွက် ဆိုရင်တော့ မိသားစုအတွင်း အသိအမှတ်ပြု လေးစားရမယ့် ဘောင်သတ်မှတ်ချက်လေးတွေ ရှိဖို့လိုတယ်" ဆိုတာပါပဲ ။
မြန်မာ့ နိုင်ငံရဲ့ လက်ရှိ လုပ်ငန်းခွင် အခြေအနေ
မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ (၈၅) ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ် ။ သူတို့ဟာ နိုင်ငံစီးပွားရေးရဲ့ ကျောရိုးဖြစ်ပေမယ့် တစ်ဖက်မှာလည်း ဝန်ထုပ်ဝန်ပိုးကို နှစ်ဆ ထမ်းထားရသူတွေပါ။ လုပ်ငန်း သဘောသဘာဝ အရ ဖိစီးမှုများလွန်းလို့ မိသားစုအတွက်ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ်အတွက် ဖြစ်စေ အချိန်မပေးနိုင်ကြပါဘူး ။
ဒီလိုအခြေအနေတွေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ကျွန်မတို့တွေ နေ့တိုင်းတွေ့နေရပါတယ်
- ကျန်းမာရေး ထိခိုက်မှုများ - အလုပ်ချိန် ရှည်လျားလွန်းတာကြောင့် အာဟာရချို့တဲ့တာနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေ ကြုံရပါတယ် ။ ဒါကြောင့် ရာသီလာစဉ် ကိုက်ခဲတာ၊ ရာသီမမှန်တာတွေ ဖြစ်လာပါတယ် ။ ကျွန်မကိုယ်တိုင်လည်း ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံမို့ စာနာမိပါတယ် ။
- အိမ်ထောင်ရေးနဲ့ အလုပ် - ပြောင်းလဲလာတဲ့ ခေတ်မှာ အမျိုးသမီးအများစုဟာ အလုပ် ဒါမှမဟုတ် မိသားစုဘဝ တစ်ခုခုကိုပဲ ရွေးချယ်ရမလို ဖြစ်နေကြပါတယ် ။ ထောက်ပံ့ပေးမယ့် ဥပဒေ၊ စနစ် နဲ့ အသိုင်းအဝိုင်း ယဉ်ကျေးမှုတွေ အားနည်းတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ဖိအားတွေကြားထဲကနေ အိမ်မှုကိစ္စတွေကို လည်း စီမံခန့်ခွဲဖို့ ဖြစ်လာပါတယ် ။ အမျိုးသမီး အချင်းချင်းတောင် လင်ယူမယ်ဆို အလုပ်မလုပ်နဲ့၊ အလုပ်လုပ်မယ် ဆိုရင် လင်မယူ နဲ့ လေ ဆိုတာက ရပ်ကွက်ထဲ ကြားဖူးနေကျ စကားပါ။ ဘာလို့လဲ ဆိုတော့ နှစ်ခုစလုံး လုပ်ရင် တာဝန်တွေ ပေါ့လျှော့တယ်လို့ အမြင်ရှိကြလို့ပါ။
- လုံခြုံမှုမရှိခြင်း - ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့လည်း အလုပ်ဖိအားကြားထဲ မွေးလာမယ့် ကလေးစရိတ် အတွက် အလုပ်ကို ဆက်လုပ်တဲ့အခါ လုပ်ငန်းခွင်မှာ ခွင့်ယူဖို့ ခက်ခဲတာ၊ ခွင့်ယူမိရင်လည်း အခြား လုပ်ဖော်ကိုင်ဖက် တွေ ငြိုငြင်ခံရတာ၊ နဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု မရတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတာ၊ ဖျက်ချတာမျိုးအထိ ကြုံရတဲ့ စိတ်မကောင်းစရာ သတင်းတွေကိုလည်း ကြားနေရပါတယ် ။
- ရင်သွေးငယ် စောင့်ရှောက်မှု - ကုမ္ပဏီမှာ လုပ်နေတဲ့ ကျွန်မ တို့ အနီးနား မိတ်ဆွေ၊ ပညာတတ် ဝန်ထမ်းအသိုင်း အဝိုင်းထဲမှာလည်း အလုပ်သွားနေချိန် ကလေးကို စောင့်ရှောက်မှု တစ်ချက်လေး သတိလွတ်တာနဲ့ ရင်သွေးငယ် ရက်တစ်ရာ ပြည့်သိပ်မကြာခင်မှာ တိမ်းပါးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေက လည်း ရှိဆဲပါ။
ဥပဒေကြောင်းအရ လိုအပ်ချက်များ
မြန်မာနိုင်ငံရဲ့ လက်ရှိ ၁၉၅၁ ခုနှစ် စက်ရုံအလုပ်သမားဥပဒေ ဟာ အထည်ချုပ်ကဏ္ဍ လိုမျိုး ကုန်ထုတ်လုပ်မှုနဲ့ ဒီခေတ်ရဲ့ ဖိစီးမှုများတဲ့ အလုပ်နေရာတွေမှာ အမျိုးသမီးတွေရဲ့ မျိုးပွားကျန်းမာရေး လိုအပ်ချက်တွေကို အသိအမှတ်ပြုပီး ဥပဒေအရ ကာကွယ်ပေးထားတာမျိုး မရှိသေးပါဘူး ။ လူမှုဖူလုံရေးဥပဒေအရ လစာနဲ့ မီးဖွားခွင့် (မမွေးခင် ၆ ပတ်၊ မွေးပြီး ၈ ပတ်) ရနိုင်ပေမယ့် ဒါဟာ မိခင်နဲ့ ကလေး ကျန်းမာရေးအတွက် လုံလောက်မှု မရှိသေးပါဘူး ။ အထူးသဖြင့် ကလေးနို့တိုက်ဖို့ ရင်သွေးငယ်စောင့်ရှောက်ဖို့ အချိန်၊ ရာသီလာစဉ် ခွင့်ရက်ပေးဖို့ တွေအတွက် ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းပေးထားတာ မရှိပါဘူး ။ ကမ္ဘာ ကျန်းမာရေး အဖွဲ့ WHO က ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ စောင့်ရှောက်မှုအပြည့်အဝ ပေးနိုင်ဖို့ အတွက် အလုပ်လုပ်နေကြရတဲ့ မိခင်တွေကို လစာပြည့် မီးဖွားခွင့် ပေးခြင်ကြောင့် မိခင်ရော ကလေးပါ ရလာမယ့် အကျိုးကျေးဇူး တွေ ကို လူတွေ သိအောင် လုပ်နေတာတွေ ရှိနေသော်လည်း လက်တွေ့ အကောင်အထည်ဖော်ဆောင်မှုတွေမှာတော့ လိုအပ်ချက် တွေ ရှိနေဆဲပါ။
ဒီလို ဥပဒေလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွက်အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေရှိထားပြီးသား ဖြစ်ပါတယ်။
- ILO ပြဋ္ဌာန်းချက် အမှတ် ၁၈၃ (မီးဖွားမှု ကာကွယ်စောင့်ရှောက်ရေး) - ဒီ ပြဌာန်းချက်က မီခင် နဲ့ ကလေး ကျန်းမာရေး အတွက် ခေတ်မီ စံနှုန်း တစ်ခုပါ၊ မီးဖွားခွင့် ကို အနည်းဆုံး ၁၄ ပတ် ပေးရမယ့်အပြင်၊ ကိုယ်ဝန်ဆောင်စဉ် အလုပ်ထုတ်ခံရမှုကနေ ကာကွယ်ပေးပြီး အလုပ်ပြန်ဝင်ရင်လည်း မူလရာထူးအတိုင်း ရစေရပါမယ် ။
- ILO ပြဋ္ဌာန်းချက် အမှတ် ၁၅၆ (မိသားစုတာဝန်ရှိသော အလုပ်သမားများ) - ဒါကတော့ မိသားစု ပြုစုစောင့်ရှောက် တာ တစ်ဖက် ၊ အလုပ်တဖက် လုပ်နေရတဲ့ အလုပ်သမားတွေ အတွက်ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံ မှုမရှိဘဲ အလုပ်အကိုင်နှင့် မိသားစုတာဝန်တွေကြားမှာ ပဋိပက္ခမဖြစ်စေဘဲ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အဆင်ပြေအောင် လုပ်ငန်းခွင် အတွင်း ပြင်ပ ကလေးထိန်းကျောင်း၊ စင်တာတွေ၊ ပြောင်းလွယ်ပြင်လွယ် ရှိတဲ့ အလုပ်ချိန်တွေ ဖန်တီးပေးဖို့ တောင်းဆိုထားပါတယ် ။
အိမ်နီးချင်းနိုင်ငံများဆီက သင်ခန်းစာယူခြင်း
လက်ရှိ အခြေအနေမှာ ကျွန်မတို့ရဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ အမျိုးသမီးတွေကို အသိအမှတ်ပြုပြီး ကာကွယ်စောင့်ရှောက်တာဟာ စီးပွားရေးအရလည်း အကျိုးရှိတယ်ဆိုတာကို လက်ခံလာကြပါပြီ။ ဒါကြောင့်မို့
ဗီယက်နမ် မှာ ဆိုရင် ၂၀၁၉ အလုပ်သမား ကုဒ်အရ မီးဖွားခွင့် ၆ လ (၂၄ ပတ်) အထိ ပေးထားပါတယ်၊ လာမယ့် ၂၀၂၆ ဇူလိုင်မှာ ပြဌာန်းတဲ့ ဥပဒေအရ ဒုတိယ ကလေးထပ်ယူရင် ခွင့် နောက်တစ်လ တိုးပေးမယ့် အစီအစဉ်လည်း ရှိထားပါတယ်။ ဒါ့အပြင် အမျိုးသမီးဝန်ထမ်း အများအပြား ခန့်ထားတဲ့ လုပ်ငန်းတွေကို အစိုးရက အခွန်လျှော့ပေါ့ပေးတာမျိုးတွေ လုပ်ဆောင်ပေးပါတယ် ။
ဖိလစ်ပိုင် မှာတော့ ၂၀၁၉ မီးဖွားခွင့် ဥပဒေအရ မီးဖွားခွင့် ၁၀၅ ရက် (၁၅ ပတ်) ကို လစာအပြည့် ခံစားခွင့်ရှိပီး လိုအပ်ပါက နောက်ထပ် ရက် ၃၀ ကို လစာမဲ့ ခံစားခွင့် ပေးထားပါတယ်။ ဒါအပြင် တစ်ဦးတည်းသော မိခင် (solo mother) တွေအတွက် နောက်ထပ် ၁၅ ရက် ကို လစာနဲ့ ခံစားခွင့် ပိုပေးထားပါတယ် ။
အင်ဒိုနီးရှား ကို ကြည့်ရင်တော့ သူတို့ နိုင်ငံရဲ့ မိခင်နဲ့ ကလေးမွေးဖွားခြင်း ဆိုင်ရာ ဥပဒေ ၂၀၂၄ အရ မီးဖွားခွင့် ၃ လကို လစာနဲ့ ခံစားခွင့်ပေးထားပါတယ်၊ အင်ဒိုနီးရှားဥပဒေ အမှတ် ၁၃ (၂၀၀၃) အပိုဒ် ၈၁ အရ ရာသီလာစဉ် ကိုက်ခဲလို့ အလုပ်မဆင်းနိုင်ရင် တစ်လကို ၂ ရက် လစာမဖြတ်ဘဲ ခွင့်ပေးထားပါတယ် ။
- ထိုင်း နိုင်ငံမှာတော့ ၂၀၂၅ ခုနှစ် ဥပဒေအသစ်အရ မီးဖွားခွင့်ကို ၁၂၀ ရက်အထိ တိုးမြှင့်ထားပြီး၊ ဖခင်များအတွက်
- လည်း ကလေးစောင့်ရှောက်ဖို့ ခွင့်ရက် ၁၅ ရက်နဲ့ အမျိုးသမီးတွေအတွက် ရာသီလာစဉ် ခွင့်ရက် ၁ ရက်စီ ပေးထားပါတယ် ။
ကျွန်မတို့အားလုံးရဲ့ တာဝန်
ဒီလိုမျိုး အခြေအနေတွေကို အားလုံး သိရှိ ပြီ ခြုံငုံကြည့်ပြီးတဲ့ နောက် မှာတော့ ကျွန်မ တို့ အနေနဲ့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အစိုးရ၊ အလုပ်ရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးကို တောင်းဆိုချင်တာလေး ရှိပါတယ် ။
အမျိုးသမီးတွေကို နိုင်ငံသာမက ကမ္ဘာ စီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ အလုပ်သမားတွေအဖြစ် သာမကဘဲ မိသားစုရှိတဲ့၊ ကျန်းမာရေးလိုအပ်ချက်ရှိတဲ့ လူသား၊ အနာဂတ် မျိုးဆက်တွေကို မွေးထုတ် စောင့်ရှောက်မှု ပေးနိုင်တဲ့ ပုခက်လွဲသော လက်ပိုင်ရှင်တွေအဖြစ် မြင်ပေးဖို့ လိုပါတယ် ။
လူမှုတရားမျှတပြီး တည်ငြိမ် သဟဇာတ ဖြစ်ကာ ရေရှည်ဖွဲ့ဖြိုး တိုးတက်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခု တည်ဆောက် ရယူဖို့ အတွက် မိရိုးဖလာ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်ချုပ်ခြယ်လွန်းတဲ့ အတွေးအခေါ်တွေ ကြားမှာ မိန်းကလေးတစ်ယောက်ကို "နောက်ဆုတ်နေဖို့၊" ဖိအားပေးတာမျိုး၊ စိတ်ရော ကိုယ်ပါ ရုန်းမထနိုင်လောက်အောင် ပင်ပန်းဝန်ပိစေတာမျိုး မဖြစ်စေဘဲ ရပ်ရွာ၊ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေကြား သူ့တိုကို ပံ့ပိုးစောင့်ရှောက်ပေးမှု နဲ့ လုပ်ငန်းခွင် ဆိုင်ရာ ပြည်တွင်းဥပဒေစနစ် နဲ့ အကာအကွယ်ပေးကြ ဖို့ တိုက်တွန်းလိုပါတယ် ။
ရည်ညွှန်း
WHO – Providing Maternity Leave (Myanmar language) Media Centre
Maternity leave and paternity leave policy in Vietnam
Philippine labour law and employment – Maternity leave
Indonesia: Law on the maternal and child welfare
Menstrual Health: In East Asia and the Pacific
Thailand New Labour Protection Act (No.9) Key Amendments









