NEWS

မိမိနှစ်သက်သည့်ကိုယ်စားလှယ်ကို မဲပေးပါက ပယ်မဲဖြစ်သွားသည့် စက်ရုံတွင်းက WCC ရွေးကောက်ပွဲ နှင့် ချိုးဖောက်ခံနေရသည့် အလုပ်သမားရေးရာ အခြေအနေများ

CoverLogo
1.5K Views

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က  Lucky Fortune အထည်ချုပ်လုပ်ငန်းခွင်အတွင်းမှာ WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး မဲပေးရာတွင် အလုပ်ရှင်သဘောကျရွေးချယ်ထားပြီးသော အလုပ်သမားကိုယ်စားလှယ်မှ အပ ကျန်သည့် ကိုယ်စားလှယ်ကို မဲပေးပါက ပယ်မဲဖြစ်သွားပြီး မိမိနှစ်သက်သော အလုပ်သမားကိုယ်စားလှယ်ကို ရွေးချယ်မဲပေးခွင့်မရရှိခဲ့ဘူးလို့ ကျေနပ်မှုမရှိတဲ့အ လုပ်သမားတွေက ပြောဆိုပါတယ်။

ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် ၄ မှာ လုပ်သားပေါင်း ၁၁၀၀ ကျော်နဲ့လည်ပတ်နေတဲ့ စက်ရုံက (EC) စာချုပ်အရ  မြန်မာနိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ချုပ်လုပ်တဲ့ အမှတ်တံဆိပ်တွေကတော့ ZARA၊ PULL&BEAR၊ Find-Out၊ STRADIVARI US၊ Sinsay၊ FieldCore စတဲ့ ဂျာကင်နဲ့ ဘောင်းဘီတွေ ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအဖွဲ့အစည်း (အလုပ်သမားသမဂ္ဂ) ဖွဲ့စည်းထားတာမရှိဘဲ   WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ကိုတော့ အခုလိုမဲပေးရွေးချယ်ပွဲပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပရာမှာ အလုပ်ရှင်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး မဲပေးခြင်း လုပ်ငန်းစဉ်များကို သေချာရှင်းပြတာမျိုးမရှိဘဲ အလုပ်သမားများ ရွေးချယ်တဲ့ ကိုယ်စားလှယ် ရွေးချယ်ခံရခြင်းမရှိဘဲ ဖယ်ထုတ်ခံရကာ အလုပ်ရှင် ရွေးချယ်ပေးထားတဲ့ အလုပ်သမား ကိုယ်စားလှယ် ၃ ဦးကိုသာမဲထည့်စေပြီး အခြားကိုပေးပါက ပယ်မဲဖြစ်သွားတယ်လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ အရ WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ဖွဲ့စည်းလိုက်ပေမယ့် လုပ်ငန်းခွင်အတွင်းက အလုပ်သမားရေးရာ ကိစ္စရပ်တွေကိုင်တွယ်ဖြေရှင်းရမယ့်အစား ရွေးချယ်ပွဲ ပြီးတဲ့နေ့မှာပဲ အလုပ်ရှင်စိတ်တိုင်းကျဖွဲ့စည်းထားတဲ့ WCC က အချိန်ပိုအိုတီဆင်းဖို့ အလုပ်သမားတွေကို အတင်းအကြပ်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

WCC ကို အလုပ်သမားများရဲ့  လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေး နှင့် ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် နှင့် နစ်နာမှုများရှိပါကတောင်းဆို မှုများပြုလုပ်နိုင်ရန် အလုပ်သမား ၃၀ ဦးနှင့်အထက်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ မဖြစ်မနေဖွဲ့စည်း ဖို့ လုပ်ငန်းခွင်အငြင်းပွားမှုဖြေရှင်းရေး ဉပဒေမှာ ပြဌာန်းထားတာပါ။

"အခုတော့ WCC က အလုပ်ရှင် ဘက်က ရွေးထားတဲ့ WCC ဖြစ်သွားတာပေါ့ အရင်ကတည်းက နားရက်မရှိ အိုတီဆင်းနေရတဲ့ အခြေအနေမှာ WCC ရှိရင် မှန်ကန်လိမ့်မယ်ထင်ခဲ့တာပေါ့ အခုတော့ အလုပ်သမား ကိုယ်စားလှယ်ဆိုတဲ့ အမည်တပ်လိုက်တာပေါ့ " လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့စံချိန်ထက်ပိုတောင်းတာ စံချိန်မပြည့်ပါက ကြီးကြပ်းသူများမှ အော်ဟစ်ဆဲဆိုတာမျိုးတွေလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

" စံချိန် မိနစ် ၄၀ မှာ ဘောင်းဘီ အထည် ၆၀ ထိတောင်းတယ် ဂျာကင်ဆိုရင် ၅၀ တောင်းတဲ့စံချိန်မရမှာစိုးလို့ အလုပ်ချိန်မှာ ရေမသောက် အပေါ့မသွားဘဲ လုပ်ရတယ် မရတာရှိရင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခံရတယ်" လို့ အမည်မဖော်လိုတဲ့ အထည်ချုပ်လုပ်သားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အောနိုက် အောလင်း ( ညလုံးပေါက်) အချိန်ပိုအိုတီ ခေါ်တာ တနင်္ဂနွေ နေ့မှာ အချိန်ပိုအိုတီခေါ်တာ မျိုးတွေ ပြုလုပ်နေတာဖြစ်ပြီး ပိတ်ရက် မရဘူးလို့ ဆိုပါတယ်။

" အချိန်ပိုအိုတီတွေသာ ခေါ်တာ အများစုက အချိန်ပိုကြေးမရဘူး မဆင်းလို့လည်းမရဘူး  လူတစ်ယောက်နားမခံနိုင်အောင်ကိုပြောတာ ကိုယ်ဝန်ဆောင်တွေလည်း ဆင်းရတာပဲ မဆင်းရင် ဖယ်ရီမပေးဘူး ဒီတိုင်းပြန်လို့ပြောတာ နောက်ပြီး အငြိုးထားပြီးဆက််ဆံတယ် ခွဲခြားဆက်ဆံတာတွေလုပ်တယ် နောက်ထပ်သူတို့ကို မဆန့်ကျင်ရဲအောင်ပေါ့" လို့ အခက်တွေ့နေတဲ့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အခက်အခဲတွေနဲ့ လုပ်ကိုင်နေရပြီး ပိတ်ရက်အနားယူခွင့်မရှိပေမယ့် အလုပ်အကိုင်တည်မြဲရေးအတွက် သည်းခံလုပ်ကိုင်နေရတာဖြစ်တယ်လို့ အမည်ကို ထုတ်ဖော်ပြောဆိုဖို့ ပါ အခက်တွေ့နေတဲ့  အလုပ်သမားတွေက ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူရွယ်လုပ်သား များ ခိုင်းစေတာရှိပြီး စစ်ဆေးရေးလာပါက ပုန်းအောင်းခိုင်းတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်တွေ ခံစားခွင့်မရှိပဲ အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး ၅၂၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် စုစုပေါင်း ၁၅၂၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံနေရမှုများကို ဖြေရှင်းပေးဖို့ လိုလားနေပြီး တနင်္ဂနွေနေ့မှာ အလုပ်သမားတွေ သဘောဆန္ဒအရသာ ခိုင်းစေဖို့ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ဖို့ ကိုယ်ဝန်ဆောင်အလုပ်သမားတွေအိုတီမဆင်းပါက ဖယ်ရီပေးဖို့ သန့်ရှင်း‌သော သောက်သုံးရေ လုံလောက်စွာ ထားပေးဖို့ နဲ့  ဉပဒေပါ ခွင့်ရက် ပိတ်ရက်ခံစားခွင့်တွေ ရရှိလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026