NEWS

မန်စီ Dehong Jialin အထည်ချုပ် နေရပ်ပြန်မဲ့ အလုပ်သမားအား ပြန်ခွင့်မပေးဘဲ၊ ယွမ်သုံးသောင်း လျှော်ကြေးတောင်း

CoverLogo
631 Views
 
ညီမက တရုတ်ပြည်မှာ အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ ညီမ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြချင်လို့ပါ ။ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြို့နယ်၊ ဖာထီစက်မှုဇုန် မှာပါ ။ ယွီနန်ကျားလင် 德宏佳林 (Dehong Jialin) ဆိုတဲ့ စက်ရုံမှာ အထည်ချုပ်အနေနဲ့ လုပ်ခဲ့တာပါ ။ (စက်ရုံမှာ အမည် ရေးမထား၊ ယူနီဖောင်းတွင် ရေးထား)
ညီမ ကြုံသလို မဖြစ်အောင်၊တတ်နိုင်ရင် တရုတ် အထည်ချုပ်တွေမှာ မလုပ်ကြဖို့ပါ။ အလုပ်သမားနဲ့ စက်ရုံတွေ အားလုံး မတူပေမဲ့ ၊ ဆိုးဝါးတဲ့ အဖြစ်တွေ မကြုံစေချင်လို့ပါ။
စက်ရုံက ပြီးခဲ့နှစ် ၈ လပိုင်းမှ ဖွင့်ထားတာပါ။ တနှစ်မပြည့်တဲ့ စက်ရုံပါ။ မြန်မာလူမျိုး ၂၀၀ ဝန်းကျင် အလုပ် လုပ် နေပါတယ်။ စက်ရုံက အလုပ်အားလုံးမှာ မြန်မာလုပ်သားတွေပဲ လုပ်ပါတယ်။
စက်ရုံမှာ တစ်နာရီ တခါ သတ်မှတ် အထည် စံချိန်အတိုင်း ချုပ်ရပါတယ်။ စက်ရုံမှာသန့်ရှင်းရေးဆိုပြီး သီးသန့် ဝန်ထမ်း ခန့်ထားတာမရှိပါဘူး။ သန့်ရှင်းရေးကု တစ်နာရီ တခါ လိုင်းထဲမှာပဲ ကိုယ်တိုင် လုပ်ရပါတယ်။
အလုပ်မအားလို့ ၊ စက်ချုပ်နေလို့ စက်ခုံတွေ သန့်ရှင်းရေး မလုပ်မိတာမျိုး၊ တခြားပစ္စည်းတွေ မသိမ်းမိတာမျိုးဆို ပိုက်ဆံ(ဖိုင်းကြေး) ဖြတ်ပါတယ်။ တရုတ်ပိုက်ဆံ ပေးရတာပါ။ အစားအသောက် ကျွေးတယ်ဆိုပေမဲ့ ညီမတို့ အတွက် အဆင်မပြေပါဘူး။
အရသာကြောင့် မဟုတ်ပါဘူး၊ အပြင်အဆင် ၊ အသုံးဆောင်တွေနဲ့ သန့်ရှင်းမှုတွေက ညီမတို့ မြန်မာတွေအတွက် အဆင်မပြေတာပါ။
စက်ရုံမှာ ည ၉ ခွဲအထိ လုပ်ရပါတယ်။ စံချိန်ပြည့်အောင် ချုပ်ရပါတယ်။ စံချိန်မပြည့်ရင် မပြန်ရပါဘူး။ စံချိန်မပြည့်လို့ ဆက်ချုပ်ရရင် အချိန်ပိုခလည်း မရပါဘူး။
ညီမတို့က စက်ရုံတိုက်ရိုက်ခေါ်ခဲ့တာပါ၊ ပွဲစားနဲ့ မဟုတ်ပါဘူး ။ ခေါ်ပေးတဲ့ အမကိုယ်တိုင် မလုပ်နဲ့တော့ ညီမထက် စောပြီး မြန်မာပြည်ကို အရင် ပြန်သွားပါတယ်။ သူလည်း သည်းမခံနိုင်တော့ဘူး ထင်ပါတယ် ရှင့်။ သူလို ညီမ ကြုံမယ်လို့ မထင်ခဲ့ဘူး။ ညီမ စက်ရုံနဲ့ အသားကျအောင် ကြိုးစားနေခဲ့ပါတယ်။
ဒီလိုနေတုန်း မြန်မာနိုင်ငံက အိမ်မှာ မဖြစ်မနေပြန်ရမဲ့ မိသားစု ပြဿနာဖြစ်ပါတယ်။
ဒါနဲ့ ညီမ စက်ရုံကနေ နုတ်ထွက်ခွင့်တောင်းပါတယ်။ စက်ရုံက ညီမတို့ကို ပြန်မလွှတ်ပါဘူး။
မြန်မာပြည်ပြန်မယ်ဆိုရင် စက်ရုံက ယွမ် ၃၀၀၀၀ တောင် ညီမဆီက တောင်းပါတယ်။ လျှော်ကြေးဆိုပြီး တောင်းတာပါ။
မိသားစုကိစ္စနဲ့ ပတ်သက်ပြီး ပြန်ခွင့်မပေးဘူး ဆိုပြီး ပြောပါတယ်။ ဒါဆို ဘယ်လို ကိစ္စနဲ့ ပြန်ခွင့်ရမလဲ။ ညီမတို့က တသက်လုံး အလုပ်လုပ်ပေးရမလိုဘဲ။
ညီမက တော်တော်တောင်းတောင်းပန်ပန် ပြန်ခွင့်ပေးဖို့ ပြောခဲ့တာပါ။
စက်ရုံက အလုပ်နားမယ်ဆို အဲ့ဒီရက်အတွက် လစာဖြတ်ပါတယ်။ ဖျားနာလို့ ရက်ပေါင်း ၂၀ လောက် နားမိတဲ့ ညီမလေး တယောက်ဆိုရင် လစာ တပြားမှ မကျန်ဘဲ ဖြတ်တာကို တွေ့ဖူးပါတယ်။
ညီမတို့ အထည်ချုပ် လုပ်ငန်းလုပ်ဖို့ ခေါ်တုန်းက စာချုပ်နဲ့ မဟုတ်ပါဘူး။ အကြွေးကျေရင် ပြန်လို့ရတယ်လို့ ပြောခဲ့တာပါ။ နောက် စက်ရုံမှာ တလစာ လစာအပေါင်ထားရပါတယ်။ တလပိုင်းလစာက နှစ်လပိုင်းကုန်မှ ရတာမျိုးပါ။
ညီမထွက်ခွင့်တောင်းတော့ အကြွေး ယွမ် ၁၀၀၀ လောက်ပဲ ရှိတာပါ။ လစာက ၂၀၀၀ ဝန်းကျင်ရမှာမို့၊ ပြန်စာရိတ်နဲ့ ဆို အိမ်အတွက် ဘာမှ မဝယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ညီမ ပြန်ခွင့်မရခဲ့ဘူး၊ နောက်ထပ် တလ ထပ်စောင့်ခဲ့ရတယ်။ မိသားစု ပြဿနာမှာ ညီမ အရှုံး ဖြစ်ခဲ့တာပါပဲ။
ညီမ ရန်ကုန်ပြန်ရောက် လူလည်း လှဲတော့တာပဲ။ လူမှုရေးအဆုံးအရှုံးတွေကြောင့် စိတ်ဒဏ်ရာရတာကနေ ထူထူထောင်ထောင် ဖြစ်အောင် မနည်းလုပ်ခဲ့ရတာ။
တရုတ် စက်ရုံ ပို့ပေးမယ်ဆိုပြီး ခေါ်နေတာတွေ လူမှုကွန်ရက်နဲ့ TikTok မှာ ဆက်တွေ့နေရလို့ ညီမလို အဖြစ်ကြုံမှာ စိုးရိမ်လို့ အခုစာကို ရေးလိုက်တာပါ ရှင့် ။ ကျေးဇူးပါ အကို။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026