ARTICLE

ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ

CoverLogo
259 Views

“အခုလိုလေးရလိုက်တော့ အရမ်းကျေးဇူးတင်တယ် မရှိတဲ့လူတွေ အများကြီးကြားက ရလိုက်တဲ့အတွက် ဝမ်းသာပိတိဖြစ်ရတယ် တနေ့တနေ့ ငိုနေတဲ့ မျက်ရည်တွေလည်းရပ်သွားတယ် ပထမရတာက အကြွေးတွေ ကျေသွားတယ် နောက်ထပ်ရရင်တော့ အရင်းအနှီးရတာပေါ့ တရားမျှတမှုမရှိတဲ့ စက်ရုံမှာတော့ ဆက်လုပ်စရာမလိုတော့ဘူးလေ မီးလောင်ပြီး ကြားကာလ နားထားတာ ၉ လရှိတယ် အဲ့လတွေမှာ ဘယ်စက်ရုံမှ လျှောက်လို့မရတာ တော်တော်များများစက်ရုံတွေက မခေါ်ဘူး အဲ့ ကြားကာလအတွက် ထပ်ရမယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာရမှာပဲ”လို့ မဝါက ဆက်ပြောပါတယ်။

(၁)

“သမိုင်းနဲ့ချီပြောမယ်ဆိုရင် ခုံကောင်စီ က ဘယ်တုန်းကမှ အလုပ်သမားဘက်ကို မရပ်ခဲ့ဘူး အလုပ်ရှင်ဘက်ကတော့ရပ်တယ် အလုပ်ရှင်က ရင်းနှီးမြုပ်နှံမှု နောက်ထပ်မလုပ်နိုင်လို့ စက်ရုံမဖွင့်နိုင်ဘူးဆိုတဲ့စိတ် တခုတည်းနဲ့သူတို့က ဆုံးဖြတ်တာ မဖွင့်နိုင်ရင် သူဒေဝါလီခံမှာပေါ့ ဒေဝါလီ မခံဘူးဆိုကတည်းက ဖွင့်နိုင်လို့ မခံတာလေ ပြီးရင် ဒီလိုနောက်ထပ် စက်ရုံ ၂ ရုံဖွင့်ထားသေးတယ်  ဆိုလာမိုဒါဆိုတာက စက်ရုံသေးသေးလေးဖွင့်တဲ့ရုံမဟုတ်ဘူး တရုတ်မှာ ဂရုကြီးနဲ့နေတာ တခြား နိုင်ငံတွေမှာလည်း စက်ရုံတွေဖွင့်ထားတယ် ကုမ္ပဏီကြီး ဖြစ်တယ် ဒါပေမဲ့ သူတို့က ဘယ်အပေါ်မှာမူတည်ပြီးတွက်ချက်တာလည်း မသိဘူး  သူတို့ရဲ့ဆုံးဖြတ်ချက်က အလုပ်သမားပေါ်မှာ တရားမျှတမှု မဖြစ်လို့ တခြားပရက်ရှာတွေ လုပ်ငန်းရှင်ကို ပေးပြီးတော့ တရားမျှတမှုကို ယူခဲ့တာ တောင်းတာသည် မြန်မာဥပဒေအတိုင်းပဲတောင်းခဲ့တာ နိုင်ငံတကာဥပဒေအတိုင်းသာ ကျမတောင်းတယ်ဆိုရင် အိုတီအပါ နောက်ဆုံးထုတ်လစာ ဖြစ်သွားမှာ”လို့ အလုပ်သမားအရေးဆောင်ရွက်သူ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် STUM တာဝန်ရှိသူက အခုလို မှတ်ချက်စကား ဆိုပါတယ်။

၂၀၂၁ခုနှစ် မတ်လ ၁၄ ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ ရွှေပြည်သာစက်မှုဇုန်  ဒေါ်ဖွားရှင်လမ်းမှာဖွင့်လှစ်ထားတဲ့ ဆိုလာမိုဒါ -၂ ခေါ်  SOLAMODA ( Myanmar Sun View Garment) အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေအနေနဲ့  စက်ရုံရဲ့ အခြေအနေ ပိတ်သိမ်းမှု ရှိမရှိနဲ့ လုပ်ခလစာပေးချေမှုဆိုင်ရာအခြေအနေတွေကို တစုံတရာထုတ်ပြန်ပြောဆို တာ အသိပေးတာလုပ်တာမျိုးမရှိခဲ့ပါဘူး။

မည်သည့်အကြောင်းကြောင့်မီးလောင်သည်ဖြစ်စေ လူအင်အား ၁၂၀၀ ကျော်နဲ့ လည်ပတ်ခဲ့တဲ့ အထည်ချုပ်စက်ရုံက တာဝန်ရှိသူတွေအနေနဲ့ အလုပ်သမားတွေရဲ့ ကျန်ရှိ လုပ်ခလစာပေးချေဖို့ နဲ့ စားဝတ်နေရေးအတွက် စဉ်းစားပေးမှုကင်းမဲ့ခဲ့ပြီး သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ အဲ့ဒီအထည်ချုပ်စက်ရုံမှာ GU, Uniqlo, Best Seller နဲ့အခြားကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာပါ။

 

စက်ရုံမီးလောင်မှုမဖြစ်ခင်ကတည်းက စက်ရုံထဲက ပစ္စည်းတွေကို ကွန်တိန်နာနဲ့ သယ်ယူပြောင်းရွှေ့တာတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

“စက်ရုံအလုပ်သမားတွေပြောချက်တော့ ပစ္စည်းတွေသယ်သွားတယ် အများကြီးပဲ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်ရှုပ်ထွေးတယ် ကြားထဲတောက်လျောက်မှာ စက်ရုံဖွင့်လားသွားမေးတယ် စက်ရုံကမဖွင့်ဘူးပေါ့နော် ဆက်သွယ်လို့ လည်းမရဘူး”လို့ အလုပ်သမားအရေးလှုပ်ရှားသူကပြောပါတယ်။

အဲ့ဒီအချိန်အထိ စက်ရုံမီးမလောင်ခင်မှာ လုပ်ကိုင်ခဲ့တဲ့ ၁၆ ရက်တာလုပ်အားခကို အလုပ်သမားတွေအားလုံးရရှိခြင်းမရှိသေးပါဘူး။ အလုပ်သမားတွေအနေနဲ့ကတော့ မိမိတို့ရဲ့ ကျန်ရှိနေတဲ့ ၁၆ ရက်တာ လုပ်အားခကို ရှင်းပေးဖို့ စက်ရုံပြန်လည်လည်ပတ်ဖို့ရှိ မရှိ ရှင်းလင်းစွာသိရှိလိုပြီး စက်ရုံပိတ်သိမ်းပါကလည်း အလုပ်သမားတွေရဲ့ လုပ်သက်အလိုက် နစ်နာကြေးပေးဖို့ စက်ရုံပိတ်ထားတဲ့ကာလတွေအတွက် ကြားကာလ လုပ်ခပေးချေဖို့ တာဝန်ရှိသူတွေကို လိုက်လံရှာဖွေပြီး စာပို့မေးမြန်းခဲ့ပါတယ်။

“အောစူပါ စူပါ လီတာ ၁၈ ယောက်က HR ကို စာပို့တယ် ဖုန်းဆက်တာ မကိုင်လို့ အိမ်ကို သွားပေးတာ”လို့ STUM အဖွဲ့က ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။နောက် အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေးဦးစီးဌာန( အလရ)ကို လည်းတိုင်ကြားခဲ့ပါတယ်။

အဲ့ဒီ ၁၆ ရက်စာပေးချေဖို့အတွက် အလုပ်သမား ၁၂၀၀ ကို ပြန်လည်ဆက်သွယ်ရာမှာတော့ အလုပ်သမား စုစုပေါင်း ၁၀၆၈ ဦးကိုပဲပြန်လည်ဆက်သွယ်နိုင်ခဲ့ပါတယ်။

(၂)

အသက် ၃၃ နှစ်အရွယ် မဝါ (အမည်လွှဲ) က ဆိုလာမိုဒါ-၂ မှာအထည်ချုပ်လုပ်သားအဖြစ်လုပ်ကိုင်ခဲ့သူတစ်ဦးပါ။

အသက် ၁၆ နှစ်အရွယ်ကတည်းက အထည်ချုပ်လောကကိုစတင်ဝင်ရောက်ခဲ့ပြီး သူမရဲ့ သက်တမ်း ထက်ဝက်ကျော်ကို အထည်ချုပ်လုပ်သားအဖြစ် ရပ်တည်ခဲ့ပေမဲ့ အခုချိန်မှာ အသက်အရွယ်ကြောင့် အထည်ချုပ်စက်ရုံတွေက သူမကို အလုပ်ခန့်ဖို့ ငြင်းဆိုနေကြပါတယ်။

“စက်ရုံစဖွင့်တုန်းက အလုပ်ဝင်ခဲ့တယ်ပေါ့ အဲ့တုန်းကတော့ အသက် ၂၅ လောက်ရှိပြီ ၂ နှစ်လုပ်ပြီး ကြားထဲမှာ ကိုယ်ဝန်ဆောင်လို့ အလုပ်ကထွက်ခဲ့တာ ကိုယ့်သဘောနဲ့ကိုယ်ထွက်လိုက်တာဆိုတော့ ဘာခံစားခွင့်မှမရဘူး”လို့ မဝါက ပြန်ပြောပြပါတယ်။

ကလေးမွေးဖွားပြီးချိန် ကလေးအသက် ၁ နှစ်ခွဲအကြာမှာ အဲ့ဒီဆိုလာမိုဒါ-၂ မှာပဲအလုပ်ပြန်ဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တွေတုန်းကဆိုရင် လုပ်ငန်းခွင်ထဲက ကိုယ်ဝန်ဆောင်အလုပ်သမားတစ်ယောက်အနေနဲ့ လူမှုဖူလုံရေးခံစားခွင့်တွေနဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ အခွင့်အရေးတွေကို သိရှိခြင်းမရှိခဲ့ဘဲ စက်ရုံကို အားနာစိတ်နဲ့ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။

အိမ်ထောင်သည် အမျိုးသမီး အလုပ်သမား တွေအနေနဲ့ ကိုယ်ဝန်ဆောင်ပါက အလုပ်က ထွက်လေ့ရှိကြတဲ့ အခြေအနေဟာ မြန်မာနိုင်ငံက အလုပ်သမားအမျိုးသမီးတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အလုပ်သမားတိုင်းရသင့်ရထိုက်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေကို မဝါ တစ်ယောက် သိရှိခြင်းမရှိလို့ အများနဲ့တန်းတူ မလုပ်နိုင်မှာကို စိုးရိမ်စိတ်နဲ့ သူမဘာသာအလုပ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံက အလုပ်သမားဥပဒေထဲမှာတော့ ကိုယ်ဝန်ဆောင်အလုပ်သမားကို အလေးအပင်မ ရတဲ့ အလုပ်တွေ မခိုင်းဖို့ သက်သာတဲ့ အလုပ်တွေစီစဉ်ပေးဖို့နဲ့ ရှောင်တခင်ခွင့် ဆေးခွင့် အပါအဝင် ကလေးမွေးဖွားခွင့်စတဲ့ အခွင့်အရေးတွေအပြင် လုပ်ငန်းရှင်ဘက်ကလည်း သာလွန်ကောင်းမွန်တဲ့အခွင့်အရေးတွေ ပေးနိုင်ဖို့ ပြဌာန်းထားပါတယ်။

“ကိုယ်ဝန်ရှိရှိချင်း အလုပ်ထွက်လိုက်တော့ဘာခံစားခွင့်မှ မရလိုက်ဘူး ဖူလုံရေးကတ်ရှိတယ် လျှောက်ရမှန်းမသိတော့ အဲ့လိုဖြစ်သွားတာ ဒုတိယကလေးကျတော့ လည်း မသိလိုက်ဘူး စက်ရုံကလည်း မပြောဘူး စက်ရုံမှာတောက်လျှောက်လုပ်ပြီးမွေးကာနီး ကျမှ ၁လ ၂ လ ခွင့်ရတယ်ထင်နေတာ စက်ရုံမှာလုပ်မှ ရတယ်ထင်နေတာ နားနေချိန်လည်းထောက်ပံ့ကြေးတွေ ရတယ်ဆိုတာ မသိလိုက်ဘူး အများစုက စက်ရုံက ထွက်လိုက်ရင် ဖူလုံရေးမရဘူးလို့ထင်နေကြတာ”လို့ မဝါက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

“မွေးခါနီးမှာ မြန်ကူက ၁ သိန်းခွဲရလိုက်တာနဲ့ စုထားတာ ၁ သိန်းနဲ့အဆင်ပြေသွားတာ ဘီပိုးကာကွယ်ဆေးထိုးရတယ် အဆင်ပြေသွားတာပေါ့ မဟုတ်ရင် အကြွေးတင်တာမသက်သာဘူး ၂၀ တိုးနဲ့ ယူရတာ  တစ်သိန်းယူရင်တစ်လ ၂ သောင်းအတိုးပေးရတာပေါ့  မတ်တိုးကတော့ ၃ သောင်းချေးရင် တစ်နေ့ကို ၆ ထောင် မကျေမချင်းဆပ်ရတာ”လို့ သူမကပြောပါတယ်။

ဆိုလာမိုဒါ-၂ စက်ရုံမီးလောင်ပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ကျွမ်းကျင်လုပ်သားဖြစ်တဲ့သူမဟာ အခြားစက်ရုံတွေမှာ နေ့စားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။

“ဆိုလာမိုဒါက လို့ ပြောရင်အလုပ်မခေါ်ဘူး အဲ့တော့ လုပ်ခဲ့တဲ့စက်ရုံနာမည်မပြောရဲဘူး အလုပ်တွေကလည်း နေ့စားပဲရတယ် တပတ်ချင်းရှင်းပေးတာပေါ့ အော်ဒါတွေမရှိတော့ရင် ပြန်ဖြုတ်လိုက်ရော ၃ လလောက်ပဲလုပ်ရတယ်”လို့ ပြောပါတယ်။

တချို့စက်ရုံတွေမှာတော့ နေ့စားကိုမှ ၃၆၀၀ ကျပ်နဲ့ အပတ်ရှင်းပေးတာမျိုးတွေလုပ်ပြီး ၂ ပတ်လောက်သာ လုပ်ကိုင်ခဲ့ရတာမျိုးတွေလည်းကြုံခဲ့ရပါတယ်။

မဝါ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဆိုလာမိုဒါစက်ရုံဟာ မတ်လ ၁၄ ရက်မီးလောင်ပြီးနောက်ပိုင်း ဘာအခြေအနေမှ မသိရတာကြောင့် ခက်ခဲနေတဲ့အချိန်မှာ ကျန်ရှိနေသေးတဲ့လုပ်အားခတွေရှင်းပေးဖို့ အခြားအလုပ်သမားတွေနည်းတူ စောင့်ဆိုင်း မျှော်လင့်ခဲ့ကြပါတယ်။

“ကန်စွန်းရွက်ကြော်တောင်မစားနိုင်ဘူး ကန်စွန်းရွက် တစ်စည်းကို ၇၀၀ ကိုယ့်မိသားစုနဲ့ဆို တနပ်စာကို ၂ စည်းလောက်ကြော်ရတယ် အဲ့နေရာမှာတခြားအသီးအရွက်ကို အရည်သောက်ပုံစံမျိုးလေးချက်တော့ ၂ နပ်စားရတယ် အဲ့လို ချိန်ဆပြီးချွေတာခဲ့တယ် အသားငါးဆိုရင်တော့ ကြက်သား ၅၀၀၀ ဖိုးအစား  ပင်လယ်စာငါးလေးတွေ တစ်ပုံထောင်ကို ၂ထောင်ဖိုးလောက်ဝယ်ပြီး ကျန်တာကို ငရုတ်သီး ကြက်သွန် ဆားတွေဝယ်ပြီး ခြွေတာလိုက်ရတာတွေရှိတယ်”လို့ သူမရဲ့ စားဝတ်နေရေးအခြေအနေကို ပြောပါတယ်။

အရင်က လုပ်ကိုင်ခဲ့တဲ့ စက်ရုံက ပြန်ဖွင့်မယ့်ရက်ကိုစောင့်ဆိုင်းရင်း ဈေးရောင်းတာ နေ့စားအလုပ်လုပ်တာတွေနဲ့ စားဝတ်နေရေးအခြေအနေတွေကို ရုန်းကန်ရင်း ဖြေရှင်းနေခဲ့ရပါတယ်။ အဆောင်လခ မပေးနိုင်တော့တဲ့အဆုံး ဆွေမျိုးအိမ်မှာ အကူအညီတောင်းပြီးသွားနေခဲ့ပါတယ်။

လက်ရှိမှာ အသက်အရွယ်အားဖြင့် ၃၀ ကျော်နေလို့ အခြားအထည်ချုပ်စက်ရုံတွေမှာလည်း အလုပ်လျှောက်ဖို့ မလွယ်တော့တဲ့ သူမဟာ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့နဲ့စားဝတ်နေရေးအတွက်  ရရာနည်းလမ်းရှာဖို့ ကြိုးစားနေပါတယ်။

စက်ရုံမီးလောင်မှုမဖြစ်ပွားခင်အချိန်ထိ အလုပ်လုပ်ကိုင်ပေးခဲ့တဲ့အလုပ်သမားတွေရဲ့ အခြေအနေတွေဟာ ဆိုးဆိုးရွားရွားကြုံတွေ့ခံစားနေကြရပြီး အဲ့ဒီအလုပ်သမားတွေထဲမှာ သေဆုံးသွားသူတွေ လူကုန်ကူးခံရသူတွေ၊  နိုင်ငံရပ်ခြားကို ရောက်ရှိနေသူတွေနဲ့ ပြည်တွင်းမှာပဲ စားရမဲ့ သောက်ရမဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ခံစားခဲ့ကြရပါတယ်။

အခုလို ရုတ်တရက် လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အပေါ်မှာရော ကျန်ရှိလုပ်ခလစာပေးချေရမှာတွေကို မသိကျိုးနွံပြုခဲ့တဲ့ စက်ရုံတာဝန်ရှိသူတွေအနေနဲ့ တစုံတရာထုတ်ပြန်ပြောဆိုတာမျိုးတွေရှိခဲ့ရင် အလုပ်သမားတွေအနေနဲ့ ရှေ့ဆက်လုပ်ဆောင်ရမဲ့အရာတွေကို ရှင်းလင်းစွာ ဆုံးဖြတ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါဟာ ကြုံလာမဲ့ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိတဲ့  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းစုရဲ့ လုပ်ရပ်တစ်ခုအဖြစ်လည်း တွေ့မြင်ခဲ့ရပါတယ်။

စက်ရုံရပ်နားသွားတဲ့ ဖြစ်စဉ်ကြောင့် ကျွမ်းကျင်လုပ်သားတွေအနေနဲ့ နောက်စက်ရုံတွေမှာအလုပ်လုပ်ကိုင်ဖို့ လွယ်ကူပေမဲ့ လုပ်သက်ငယ်အလုပ်သမားတွေအနေနဲ့ အလုပ်လျောက်ရာမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရသလို အသက် ၃၀ ကျော် အလုပ်သမားတွေအနေနဲ့လည်း အသက်အရွယ်ကြောင့် အလုပ်လျှောက်ရတာခက်ခဲခဲ့ပြီး ဆိုလာမိုဒါစက်ရုံလုပ်သားဟောင်းအနေနဲ့ အလုပ်ခေါ်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

“၃၃ ရာခိုင်နှုန်းလောက်က လုပ်ငန်းခွင်ထဲမှာမရှိတော့ဘူး”လို့ အဲ့ဒီအလုပ်သမားတွေကို ဆက်သွယ်ရာမှာ အကူအညီပေးခဲ့တဲ့  STUM တာဝန်ရှိသူက ဆိုပါတယ်။

ဆိုလာမိုဒါလုပ်ငန်းစုက တရုတ်နိုင်ငံရဲ့ အကြီးဆုံးအထည်ချုပ်လုပ်ငန်းစုတွေထဲမှာပါပြီး မြန်မာနိုင်ငံမှာတင် လှိုင်သာယာစက်မှုဇုန်နဲ့ ပဲခူးစက်မှုဇုန်မှာ နောက်ထပ် စက်ရုံ ၂ ရုံလည်ပတ်နေပါသေးတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေအခြေတည်လုပ်ကိုင်မယ်ဆိုပါက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပြီး လုပ်ငန်းပိတ်သိမ်းတာတွေ ပြုလုပ်ပါကလည်း တာဝန်ယူမှုရှိစွာ ဖြေရှင်းလုပ်ဆောင်ရမှာဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေမှာလည်း ရှင်းလင်းစွာဖော်ပြထားပါတယ်။

()

ဆိုလာမိုဒါစက်ရုံကို ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ မသီသီ (အမည်လွှဲ)က စဝင်ကာစမှာ စာရေးမအကူအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ လီတာ ရာထူးနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

သူမက စက်ရုံမီးမလောင်ခင်ထိ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေခဲ့တာပါ။

"အာဏာသိမ်းသွားတဲ့အခါကျတော့ အများနည်းတူ ဆန္ဒပြတယ် ၃ ရက်ပျက်ရင် အလုပ်ထုတ်တယ်ဆိုတော့ ၂ ရက်ပျက်ပြီး ဆန္ဒပြတယ် နောက်ပိုင်း တချို့လူတွေ ကျတော့ မိဘပြန်ခေါ်တာရှိတယ် အဲ့တာနဲ့ ၁၀ ရက်ပိတ်ဖို့တောင်းဆိုခဲ့တယ် စက်ရုံထဲမှာပဲ ဆန္ဒပြတယ် ညှိနှိုင်းမှုလုပ်ခဲ့ကြတယ် ပြီးသွားတော့ ၇ ရက်အချိန်ပေးမယ် ၁၀ ရက်တော့မရဘူးဆိုပြီးပိတ်သွားတယ် ၄ ရက်လောက်ကြာတော့ ဆင်းချင်တဲ့လူကဆင်း မဆင်းချင်တဲ့လူက တပတ်ပိတ်တယ် ဆင်းချင်တဲ့လူကိုတော့မနှောက်ယှက်နဲ့ပေါ့ အရေးကြီးတဲ့ဌာနလောက်ပဲဆင်းကြတယ် တနင်္ဂနွေ နေ့လည်မှာဖြစ်တာ"လို့ စက်ရုံမီးလောင်မှု ဖြစ်ပွားစဉ်အခြေအနေကို ပြောပြပါတယ်။

စက်ရုံမီးလောင်ပြီးနောက်ပိုင်း အလုပ်ရပ်နားခဲ့ရတာကြောင့် နေ့စားအလုပ်တွေဝင်ရောက်လုပ်ကိုင်ပေမဲ့ အသက်ကြီးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ပိုင်းသာအလုပ်လုပ်ကိုင်ခဲ့ရပါတယ်။

"နဂိုတုန်းကတော့အလုပ်ရှိတော့ မပူရဘူး အခုက အသက် ၃၀ ကျော်သွားတာနဲ့ အလုပ်မရတော့ဘူး"လို့ ဆိုလာမိုဒါမှာ လီတာအဖြစ်အလုပ်လုပ်ခဲ့တဲ့သူမကပြောပါတယ်။

ကျွမ်းကျင်လုပ်သားဖြစ်တဲ့သူမဟာ ဝါးတရာစက်မှုဇုန်က စက်ရုံတရုံမှာ အကူအနေနဲ့ အလုပ်လုပ်ကိုင်ရင်း နောက်ပိုင်းမှာ  ဆိုလာမိုဒါစက်ရုံက ကျန်ရှိလုပ်အားခတွေ ပြန်လည်တောင်းဆိုရာမှာ ကိုယ်တိုင်ပါဝင် ခဲ့ပါတယ်။

သူမလုပ်ကိုင်ခဲ့တဲ့ ဆိုလာမိုဒါ စက်ရုံက အခြား စက်ရုံရုံခွဲ ၂ ခုလည်ပတ်နေပြီးအဲ့ဒီစက်ရုံတွေမှာလုပ်သားလိုအပ်ချက်ရှိတဲ့အခါ အရင်စက်ရုံက လူဟောင်းတွေကို အလုပ်ခန့်ဖို့ ငြင်းဆိုခဲ့တာနဲ့ တရားမျှတမှုမရှိတဲ့အခြေအနေတွေကြောင့်  အလုပ်သမား ၁၂၀၀ အတွက် ပါဝင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"၂၀၂၁ ၊  ၅ လပိုင်းမှာ ရုံ ၁ မှာလူ ၁၀၀ ကျော်ခေါ်တယ် ၂ ကလူတွေကို ၁ ယောက်မှ မခေါ်ဘူး တခြားရုံသွားလျှောက်ရင်လည်း မခေါ်ဘူး အဲ့တာနဲ့ နာမည်မတပ်ဘဲ အလုပ်လျှောက်ရတာတွေလုပ်ခဲ့ရတယ် သူတို့က ဒီလိုဖြစ်တာ အလုပ်သမားတွေကြောင့်လို့ မှတ်ယူခဲ့တဲ့ပုံပဲ ညီမတို့ အလုပ်သမားတွေကလည်း မလုပ်ခဲ့တဲ့အပေါ်မှာ တခြားပယောဂကြောင့်လောင်တာဆိုတော့ ကိုယ်တွေဘက်ကို မကြည့်ဘူးဆိုတော့ မတရားဘူးလို့ ထင်တယ်"လို့ သူမကမှတ်ချက်ပေးပါတယ်။

သူမအနေနဲ့ အလုပ်သမား  ၁၂၀၀ ကျော်ရဲ့ ကျန်ရှိလုပ်အားခတွေကို ရရှိဖို့ နဲ့ စက်ရုံအပြီးပိတ်သိမ်းမယ်ဆိုပါက ရသင့်ရထိုက်တဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေတောင်းဆိုဖို့ အလုပ်သမားအရေးကူညီပေးသူတွေနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။

လုပ်အားခတွေရှင်းပေးဖို့ ဘဝတူ အလုပ်သမား ၁၀၀၀ ကျော်ကို ဆက်သွယ်ရာမှာ အကြွေးနွံနစ်နေသူတွေ နိုင်ငံခြားမှာ လူကုန်ကူးခံနေရတာတွေ ကလေးမီးဖွားရင်းသေဆုံးသွားတဲ့သူတွေနဲ့ စစ်ဘေးရှောင်နေရသူတွေ ပလုံကောက်နေရသူတွေနဲ့ ရရာနည်းလမ်းတွေနဲ့ ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေကို တွေ့မြင်ခဲ့ရပါတယ်။

(၄)

မီးလောင်မှုဖြစ်ပွားပြီး ၉ လကျော်ကြာမြင့်ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ လုပ်အားခကျန်ရှိငွေကို အလုပ်သမားတွေကို ပေးချေမယ်လို့ စက်ရုံဘက်က စာထုတ်ပြန်ခဲ့ပါတယ်။ ဒါက စက်ရုံဘက်က ပထမဆုံး တရားဝင် တုန့်ပြန်မှုပဲဖြစ်ပါတယ်။

စက်ရုံပြန်လည်ဖွင့်လှစ်ရန် ရှိမရှိနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးကတစ်ဆင့် ၃ ကြိမ်တိတိ ညှိနှိုင်းခဲ့ကြရာမှာတော့  စက်ရုံပိတ်သိမ်းမယ်လို့ တာဝန်ရှိသူတွေက အကြောင်းပြန်ခဲ့ပါတယ်။ 

“၂၀၂၁ ဒီဇင်ဘာ ၂၇ မှာ စက်ရုံကို ပိတ်မယ်ဆိုပြီးပြောတယ်”လို့ အလုပ်သမားအရေးလှုပ်ရှားသူကပြောပါတယ်။

အဲ့ဒီနောက်မှာတော့ သွေးစည်းညီညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် STUM  နဲ့ ဆိုလာမိုဒါ-၂ အလုပ်သမားတွေဟာ ရသင့်ရထိုက်တဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေရယူဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။အလုပ်သမားရပိုင်ခွင့်တွေဖြစ်တဲ့ နို့တစ်ကြေး စက်ရုံပိတ်သိမ်းမယ်ဆိုပါက လုပ်သက်အလိုက်နစ်နာကြေးနဲ့ စက်ရုံပိတ်သိမ်းမယ်လို့ ကြေညာတဲ့နေ့အထိ ကြားကာလ နစ်နာကြေး ပေးချေဖို့ စတင်တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်ကိုတော့ စက်ရုံတာဝန်ရှိသူတွေက ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြစ်တဲ့ ခုံသမာဓိအဖွဲ့ ကို တက်ရာမှာတော့ နစ်နာကြေးများပေးရန်မလို လို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက် တရားစီရင်ရေး နောက်ဆုံးယန္တရားဖြစ်တဲ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ထပ်မံတောင်းဆိုခဲ့ကြပါတယ်။

“နံပတ် ၁ နို့တစ်ကြေး တောင်းသင်တယ်လို့ ကျမတို့က ယူဆတယ် ဘာဖြစ်လို့လဲဆိုတော့ ၁၄ ရက်နေ့မှာ မီးလောင်ပြီးရင် လကုန်မှာ စက်ရုံမဖွင့်တော့ဘူးလို့ ဆုံးဖြတ် ပြီးကြေညာသင့်တယ် အခုက အဲ့လိုမဟုတ်ဘူး စက်ရုံဖွင့်ရင် အကြောင်းကြားမယ်ဆိုပြီးပြောတော့ အားလုံးက ဖွင့်ဖို့ စောင့်တယ် ဒါကြောင့် ပိတ်သိမ်းရင် နို့တစ်ကြေးပေးရမယ် ကျမတို့တောင်းဆိုချက်က မြန်မာ ဥပဒေအတိုင်းပဲ တောင်းတာပါ အလုပ်သမားလောကမှာ No Work No Pay ပဲအလုပ်သမားတစ်ယောက်က ဒီနေ့အလုပ်မလာရင် ဘာမှမရဘူး အဲ့တာကြောင့် အလုပ်ဆင်းခဲ့တဲ့လူတွေအတွက် အလုပ်ထုတ်နစ်နာကြေးပေးထိုက်တယ် နောက်တခု ကြားကာလ နစ်နာကြေးပေါ့ အလုပ်သမားတွေကို အသိပေးဖို့ နှောင့်နှေးခဲ့တယ် အလုပ်သမားတွေက ဆက်သွယ်ပြီးမေးခဲ့တယ် အလုပ်သမားက အလုပ်မလုပ်ရင် အလုပ်ထုတ်ခံရသလိုပဲ အလုပ်ရှင်က မဖွင့်နိုင်တဲ့အခါမှာ သူတို့အတွက် နစ်နာကြေးပေးရမယ်”လို့ STUM တာဝန်ရှိသူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပကနေ ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုပါက အခြေအနေအကြောင်းအရပ်တွေပေါ်မူတည်ပြီး  အလုပ်သမားတွေအတွက် ၃ လစာအထိ လစာပေးနိုင်ကြောင်း အထောက်အထားတွေပြသရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကတော့ အလုပ်သမားတွေကို လူမှုဂရုနာကြေး လဝက်စာ ပေးချေရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“ဒါဟာတရားမျှတမှုမရှိဘူးလို့ ကျမတို့ဆုံးဖြတ်တယ် တရားမျှတမှုရဖို့ ဆက်ပြီးတော့ တိုက်မယ် လက်တွဲမယ့်သူရှိရင်ပြော ဒီခရီးကကြမ်းတယ်ပေါ့ အချိန်ပေးရမယ် အားတွေလည်း အများကြီးစိုက်ထုတ်ရမယ် ဆိုတော့ အလုပ်သမားတွေက ပါဝင်ခဲ့တယ်”လို့ အကူအညီပေးခဲ့သူကဆိုပါတယ်။

စက်ရုံပိတ်သိမ်းသွားတဲ့အတွက် အလုပ်သမားတွေဟာ မြန်မာနိုင်ငံအလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေရဖို့ နိုင်ငံတကာအဖွဲ့တွေဆီစာပို့တာ အလုပ်သမားတွေရဲ့ အသံတွေကို ဖော်ထုတ်တာ ချုပ်လုပ်တဲ့ ကုန်အမှတ်တံဆိပ်ကို ဖိအားပေးတာနဲ့ Pay Your Workers ကမ်ပိန်းကို စတင်ခဲ့ပါတယ်။

အလုပ်သမားတွေအနေနဲ့  စက်ရုံပိတ်သိမ်းစဉ် ကြိုတင်ပြောကြားဖို့အတွက် နို့တစ်ကြေး တစ်လစာ၊ စက်ရုံပိတ်သိမ်းသည့်အတွက် လုပ်သက်အလိုက်နစ်နာကြေး ၊ စက်ရုံရပ်နားစဉ်ကနေ ပိတ်သိမ်းချိန်အထိ ကြားကာလ လုပ်ခ တို့ ပေးချေဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နို့တစ်ကြေးပေးရန်မလို ကြားကာလ နစ်နာကြေး တောင်းရန် မဖြစ်နိုင်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ကမ်ပိန်းပြုလုပ်တဲ့အလုပ်သမားတွေ ရင်ဆိုင်ခဲ့ကြရပါတယ်။

“ကြားထဲမှာ ဘရန်းဘက်ကနေ လာမေးတာတွေရှိတယ် တစိုက်မတ်မတ်လုပ်နေတာကတော့ WRC သူကနေ တောက်လျောက် ဘရန်း ပရက်ရှာပေးတယ် အမတို့ဘက်ကနေပြီးတော့ CCC ရဲ့ Campaign တခုဖြစ်တဲ့ Pay Your Workers campaign ကို တောက်လျှောက်လုပ်တယ်”လို့ ကူညီပေးသူက ပြောပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်း မှာတော့ တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်မှ အလုပ်သမားတွေနဲ့ အကူအညီပေးသူတွေကို လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အချို့အချက်တွေအတွက် ပြေလည်မှုရရှိခဲ့ပါတယ်။

တွေ့ဆုံညှိနှိုင်းမှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

“ပိုက်ဆံရတော့ အရမ်းဝမ်းသာတယ် ၆ သိန်းကျော်ရတာ အကြွေးတွေ ဆပ်လိုက်ရတော့ တဝက်သက်သာသွားတာပေါ့ အတိုးတွေက အများကြီးပဲ ၃ နပ်စားရမဲ့နေရာ ၁ နပ်ပဲစားရတာ အတိုးဖဲ့ဆပ်နေရလို့ ပိုက်ဆံရလိုက်တော့ အကြွေးတဝက်ကျေတော့ ထမင်းပြန်နပ်မှန်သွားတာပေါ့ တဲ့ပိုက်ဆံနဲ့ ချင့်ချိန်ပြီးတော့ သုံးရတာပေါ့ အတိုးတော့မပေးရတော့ဘူး”လို့ မဝါက ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အချက် ၃ ချက်ပါ နစ်နာကြေး အားလုံးကို ရရှိခဲ့ခြင်းမရှိပေမဲ့ နစ်နာကြေးအချို့ကိုတော့ ရရှိခဲ့ပြီး ဒါဟာ အလုပ်သမားတွေရဲ့ ဇွဲနဘဲရှိရှိ ပူးပေါင်းပါဝင်ခဲ့လို့ဖြစ်တယ်လို့ အလုပ်သမားအရေးကူညီပေးသူက ဆိုပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှု မှာ ဖြေရှင်းရေးယန္တရားအမြင့်ဆုံးဖြစ်တဲ့ ခုံသမာဓိကောင်စီအထိ တင်ပြတောင်းဆိုခဲ့ပေမဲ့ လျစ်လျူရှု့ခံခဲ့ရတဲ့ အလုပ်သမားတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ဖိအားပေးတဲ့ နည်းလမ်းနဲ့ တိုက်ပွဲဝင်ခဲ့လို့ အောင်မြင်မှုရရှိခဲ့တာလို့ ပြောနိုင်ပါတယ်။

“ခုံကောင်စီလမ်းကြောင်းကို လျှောက်တယ်ဆိုတာ ဘယ်လို ဆုံးဖြတ်လဲဆိုတာ သိချင်လို့ ဘရန်းပရက်ရှာနဲ့ပဲ လုပ်တယ်ဆို ခုံကောင်စီရဲ့ လုပ်ရပ်ကို  ချပ် လို့ မရဘူး ခုံသမာဓိဆိုရင် လျော်ကြေးပေးရန်မလိုဆိုပြီး ဆုံးဖြတ်ခဲ့တာ ခုံကောင်စီရဲ့ လဝက်စာမှာလည်း လူမှုဂရုနာကြေးဆိုပြီးပြောတာ”လို့ ကူညီပေးသူကပြောပါတယ်။

အလုပ်သမားတွေရဲ့ ရပိုင်ခွင့် နစ်နာကြေးတောင်းဆိုရာမှာ လူမှုဂရုနာကြေး ပေးရန်ဆိုပြီး ခုံသမာဓိကောင်စီရဲ့ ပြုမူဆုံးဖြတ်ပုံဟာ အလုပ်သမားတွေရဲ့ ဘဝကို တဆင့်နိမ့်သနားစရာဘဝဆိုတဲ့ အထက်စီးဆက်ဆံပုံဖြစ်နေတယ်လို့ ယင်းက ယူဆပါတယ်။

အထည်ချုပ်လုပ်သားတွေ အများဆုံးပါဝင်ပြီး စူပါ လီတာ အောစူပါတွေပါဝင်တဲ့ တောင်းဆိုမှုမှာ စက်ရုံမန်နေဂျာနဲ့ HR တွေက လုပ်ငန်းရှင်ဘက်ကသာ တွင်တွင် ရပ်တည်ပေးခဲ့ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးမှုမရှိခဲ့တာလည်း မှတ်တမ်းတင်စရာဖြစ်ခဲ့ပါတယ်။

“HR တို့ မန်နေဂျာတို့က မြန်မာတွေ ချက်ချင်းပိုင်ရှင်ဘက်ကို တုန့်ပြန်ပေးတာ မရှိဘူး မီးလောင်သွားတဲ့ စက်ရုံရှေ့မှာ ကမ်ပိန်းပုံ သွားရိုက်တယ် ၁၀ ယောက်လောက်နဲ့ပေါ့ စစ်အုပ်ချုပ်ရေးကလည်း ကြေညာထားတော့  ၃ ပုံလောက်ပဲရိုက်ရသေးတယ် နယ်ထိန်းအင်ချပ်နဲ့အဖွဲ့ ရောက်လာပြီး တားတယ် စခန်းကိုလိုက်ခဲ့ရမယ်လို့ ပြောတယ် အဲ့ဒါမျိုးကျ ချက်ချင်းသတင်းပေးမဲ့သူရှိတယ် အလုပ်သမားတွေက စာပို့ပေးပါ အလုပ်ဖွင့်ချိန်မေးရင် ရှာလို့မတွေ့ဘူး သိချင်ရင် ချက်ချင်းသိတယ် မသိချင်ရင် ရှာမရဘူး အလုပ်သမား စာရင်းတောင်းတုန်းကလည်း ပေးလို့ရတာကို မပေးဘူး ညှဉ်းဆဲထားတာပေါ့ ဖူလုံရေးကပေးတဲ့ ပိုက်ဆံကိုလည်း သူတို့ပေးတဲ့ပုံစံမျိုးတွေလုပ်တာပေါ့ မြန်ကူကပေးတာဆိုလည်းအဲ့လိုပဲ အခြေအနေမှန်ကို ဖုံးကွယ်ပြီးတော့ လုပ်ငန်းရှင်ဘက်ကို ရပ်တည်ကြတယ်” ကူညီပေးသူကမှတ်ချက်ပေးပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးလောင်ပျက်စီးသွားတဲ့ ဆိုလာမိုဒါစက်ရုံ ပိတ်သိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အလုပ်သမားအခွင့်အရေးတောင်းဆိုတိုက်ပွဲဝင်မှုအခြေအနေတွေပဲဖြစ်ပါတယ်။

ဆိုလာမိုဒါ -၂ အလုပ်သမားတွေကို အကူအညီပေးပြီး အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ အလုပ်သမားရေးအဖွဲ့ဟာ စစ်ကောင်စီက တရားမဝင်ကြေညာထားတဲ့ အဖွဲ့ ၁၆ ဖွဲ့ထဲမှာလည်းပါဝင်ခဲ့တာကြောင့် ဖိနှိပ်ခံရတာ ခြိမ်းခြောက်တာနဲ့ လှောင်ပြောင် ရှုံ့ချမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပေမဲ့ အလုပ်သမားတွေအနေနဲ့ ယုံကြည်စွာလက်တွဲပြီး အလုပ်ရှင်တွေနဲ့ တန်းတူမှုကို ပြသပေးခဲ့လို့ လုပ်ရကျိုးနပ်ခဲ့တယ် လို့ ကူညီပေးသူက ဝမ်းသာစကားဆိုပါတယ်။

“ဆုံးခန်း တိုင်အောင် သွားမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ကျမတို့ တထပ်တည်းကျခဲ့တယ် ကြံ့ကြံ့ခံခဲ့ကြတယ် ဒါကြောင့် တောင်းဆိုချက် ၃ ချက်ကို ရဖို့ တစ်သံတည်းထွက်တယ် ကျမတို့ ခုံကောင်စီမှာ လူမှုဂရုနာကြေးဆိုတဲ့ခေါင်းစဉ်ကို လက်မခံဘဲ တသံတည်းထွက်ခဲ့တယ် ဒါကြောင့် အောင်မြင်ခဲ့တာ”လို့ ပြောပါတယ်။

အခက်အခဲတွေ အတားအဆီးတွေ ခြိမ်းခြောက်ခံရမှုတွေကိုလည်း ကမ်ပိန်းအလုပ်သမားတွေရော အကူအညီပေးသူတွေပါ အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆူးခင်းလမ်းကို သူတို့ ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

(၅)

"ပျော်ပါတယ် တခြားဒုက္ခရောက်နေတာတွေ စားစရာမရှိတဲ့လူတွေ အသက်ကြီးတဲ့ တကိုယ်ရည်သမားတွေ ကျောထောက်နောက်ခံမရှိတဲ့လူတွေ ရသွားတော့ ကျေနပ်ပါတယ်။ ဆက်ပြီးပူးပေါင်းသွားမယ်။ ဒီကိစ္စ ကြောင့်လည်း စက်ရုံအလုပ်သမားတွေ အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တယ် ညီမတို့ အလုပ်လုပ်ခဲ့တဲ့ တလျှောက်လုံးမှာ မီးလောင်သွားတဲ့အချိန်အပြင်လောကကို မရောက်သေးတဲ့အချိန်ထိ အလုပ်သမားဥပဒေကို ဘာမှသေချာမသိဘူး ရုံးတွေ ကနားတွေ တက်ရမယ်ဆိုတာလည်းဘာမှမသိဘူး အဲ့တာကြောင့်လည်းတိုင်ရပြုရမယ်ဆိုတာမသိဘူးပေါ့ စက်ရုံကတနေကျရင် ပြန်ဖွင့်မှာပါ အဲ့လိုမျှော်လင့်ပြီးတော့ စောင့်နေကြတာ ဒါမဲ့ အခုလို အလုပ်သမားလောကထဲရောက်တဲ့အခါကျတော့ တဆင့်ပြီးတဆင့် အခုလို အောင်မြင်သွားတော့ စိတ်ကျေနပ်တယ်”လို့ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ မသီသီကပြောပါတယ်။

လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေက ဥပဒေတွေ နားမလည်တဲ့အ‌ပေါ် တာဝန်ရှိသူတွေရဲ့ အမြတ်ထုတ်တာခံနေရပြီး အကြောက်တရားတွေနဲ့ အလုပ်လုပ်ကိုင်နေရလို့ အလုပ်သမားတွေရဲ့ ဘဝကို မြှင့်တင်ပေးချင်တယ်လို့ သူမကပြောပါတယ်။

“အလုပ်သမားတွေကတော့ နေ့စဉ်နဲ့အမျှ ဥပဒေကို နားမလည်တော့ ခြိမ်းခြောက်ခံရတယ် အိုတီမဆင်းရင် ဘာလုပ်မယ် ရက်ပျက်ရင် ဂရိတ်ချခံရမယ် မသိကျတော့ လက်ခံတယ်လေ ၁ သောင်း ၂ သောင်းဖြတ်ခံရရင် မပြောရဲဘူး အိုတီဆိုလည်း အာဝါလီမပြည့်လို့ရှိရင် ဆင်းပေါ့ မပြောရဲဘူးဆင်းရတယ်  ဥပဒေကိုသိသွားတော့ အပြင်ကို မတိုင်ရင်တောင်မှ ဆင်းခွင့်မရှိဘူးတို့ ချခွင့်မရှိဘူးတို့ သိသွားတဲ့အခါကျတော့ ပြန်ပြီးတုန့်ပြန်ပိုင်ခွင့်ရှိတယ် အဲ့လိုမျိုးလေးတွေ ဖြစ်သွားတာပေါ့”သူမကပြောပါတယ်။

ဆိုလာမိုဒါ စက်ရုံဘက်ကနေ ပြေလည်သွားတဲ့အချက်တွေအပေါ် အကူအညီပေးခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုန်အမှတ်တံဆိပ်တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်”လို့ သူမကပြောပါတယ်။

မသီသီအနေနဲ့ကတော့ ကျန်ရှိ နဲ့ နစ်နာကြေးတွေရရှိဖို့ အခြားအလုပ်သမား ၁၀၀၀ ကျော်နဲ့အတူမျှော်လင့်နေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စက်မှုဇုန် အလုပ်သမားတွေရဲ့ အခြေအနေဟာ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားတာနဲ့ ရပ်တည်မှုအခက်အခဲမျိုးစုံးကြုံတွေ့ရင်ဆိုင်ခံစားရတာဖြစ်လို့ လုပ်ငန်းတွေကို တာဝန်ယူမှုရှိစွာလုပ်ကိုင်သင့်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာကို အခွင့်အကောင်းယူပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်တာ တည်ဆဲ အလုပ်သမားဥပဒေတွေကို မျက်ကွယ်ပြုပြီး အလုပ်သမားအခွင့်အရေးကို လျစ်လျူရှု့တာ လုပ်အားခတွေ မရှင်းပေးဘဲ ဂုတ်သွေးစုပ် အမြတ်ထုတ်တာနဲ့ လုပ်ငန်းပိတ်သိမ်းပါက တာဝန်ယူမှုတာဝန်ခံမှုရှိစွာ ဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ ဆိုလာမိုဒါ အလုပ်သမားတွေက သက်သေပြနိုင်ခဲ့ပါတယ်။

“ကျမပြောချင်တာကတော့ အလုပ်သမားပြသနာတစ်ခုကို တရားမျှတမှု ဖြစ်တယ်လို့ စိတ်ထဲမှာခံစားရတဲ့အထိ လုပ်တယ် အဲ့အတွက်လည်း ဆုံးခန်းတိုင်အောင် အလုပ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုလိုအပ်တယ် အချိန်တွေတော့ကြာမယ်ပေါ့ မရပ်တန့်သွားဘူး”လို့ STUM  အဖွဲ့ က  အကူအညီပေးသူကပြောဆိုပါတယ်။

ဆုလာဘ်ဖြူ


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023