ARTICLE

ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား

CoverLogo
525 Views

“အငယ်မ”တယောက် ရွာပြန် အခြေချကမှ ရင်တထိတ်ထိတ် စိုးရိမ်စိတ်နဲ့ နေထိုင်ရင်ဆိုင်ရမယ်လို့ မထင်ထားမိ။

ဒီရွာလေးက သူ့ ချစ်မြတ်နိုးရတဲ့ အမျိုးသားရဲ့ ဇာတိ။ မင်္ဂလာဆောင်၊ အိမ်ထောင်ကျခဲ့တဲ့ နေရာ။ အိမ်ထောင်သက် ၁၀ နှစ်ကျော်အတွင်း မှတ်မှတ်ရရ နေရာပါ။ ပဲခူးမြို့အကျော် အမြန်လမ်းဟောင်း အနီးက ရွာကြီး တရွာဖြစ်လို့ အိမ်ကြီး အိမ်ကောင်း၊ သစ်ကြီးဝါးကြီးတွေနဲ့ အေးချမ်းပြီး ပြည့်စုံတဲ့ ရွာတရွာမို့ အခြေပြန်ချဖို့ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။

ရွာရောက်ပြီး တပတ်လောက်အကြာမှာ သူလိုချင်ခဲ့တဲ့  အေးချမ်းမှုတွေ ပျောက်ကွယ် ခဲ့ရပါတယ်။ ဇန်နဝါရီ ဒုတိယအပတ် အစလောက်မှာ ငယ်ထိပ် သွေး တက်ဆောင့် လောက်တဲ့ သတင်းကို သူ ကြားခဲ့ရတာပါ ။

“ကြားကြားခြင်း နားမလည်ဘူး။ နောက်မှ အမျိုးသား ပြန် လာပြီး ပြောကြဆိုကြမှ သဘောက်ပေါက်တယ်။ ငယ်ထိပ် မြွေပေါက်လိုက်သလိုကို ခံစား မိတယ်” လို့ အငယ်မ က ပြော ပြပါတယ်။

ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက နေအိမ်ရှိ အမျိုးသား အားလုံး မဲနှိုက်ဖို့၊ မဲပေါက်သူ ပြည့်သူ့စစ်အဖွဲ့ အတွက် စစ်သင်တန်း တက်ဖို့ဆိုပြီး ရွာပတ် အသံချဲ့စက်နဲ့ လိုက် အော်ခဲ့တာကို အငယ်မ ကြားခဲ့ရတာပါ။ ဒီအကြောင်းကို ရွာသူ ရွာသားတွေအကြား လှုပ်လှုပ်ရှားရှားဖြစ်ပြီး အချင်းချင်း မေးမြန်း တိုင်ပင်ခဲ့တယ်လို့ အငယ်မ က အသံခပ် နိမ့်နိမ့်နဲ့ ပြောပြပါတယ်။

“ကိုယ်တိုင် လမ်းပျောက်သွားသလိုပဲ၊ ကလေးကို ဖခင်မဲ့ ဖြစ်မှာ စိုးရိမ်တာ။ အိမ်မှာလည်း ယောက္ခထီးနဲ့ ယောက်ျားပဲ နှစ်ဦးတည်းရယ်” လို့ မိခင်တဦးလည်း ဖြစ်တဲ့ အငယ်မက ပြောပါတယ်။ 

ယောက္ခထီးဖြစ်သူက အသက်အရွယ်အရ မဲနှိုက်ဖို့ မပါပေမဲ့ အမျိုးသားဖြစ်သူ သေချာပေါက် မဲနှိုက်ရမှာ ဆိုတာ အငယ်မရဲ့ စိတ်ထဲ သိနှင့်နေပါတယ်။ မဲများ ပေါက်ခဲ့ရင်ဆိုပြီး နောက်ဆက်တွဲ ဖြစ်လာမဲ့ အခြေအနေတွေက မတွေးချင်ပေမဲ့ ဖြစ်လာနိုင်တာတွေ လှမ်းမြင်သလို ခံစားရတာပါ ။

“သူက လူလတ်ပိုင်းဆိုတော့ ရွာရောက်ကတည်းက သူ့အဖေ ကိုယ်စား လယ်အလုပ်ရော၊ အိမ်စီးပွားရေးပါ လုပ်တယ်။ ကိုယ်က မြို့အနေများတော့ တောအလုပ်တွေ သိပ်မလုပ် တတ်သေးဘူး၊ သူ့မရှိရင် ဆိုတာမျိုးက အားငယ်သလိုတော့ ဖြစ်ပါတယ်” လို့ အငယ်မက ပြောပါတယ်။

လုပ်သက် ၉ နှစ်ပါးရှိခဲ့ အထည်ချုပ်အလုပ်က လွဲလို့ တခြား အလုပ် မလုပ်တတ်တော့ ကျေးရွာရောက်ခါစ သူ့အတွက် စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။

“ရောက်တာက တပတ်ပဲရှိသေးတယ်။ ပြည်သူ့စစ်အတွက် မဲနှိုက်ရတယ်ဆိုတာ ဘာဆက်လုပ်ရ မလဲဆိုပြီး ခံစားလိုက် ရတယ်။ ငါ့တို့ စီးပွားရှာမရတော့ဘူး။ အလုပ်တွေ မလုပ်ရ တော့ဘူးလား။ သွားလာလို့ မရတော့ ဘူးလားဆိုပြီး ဖြစ် သွားတယ်” လို့ ပြောပါတယ်။

အေးအေးချမ်းချမ်း နေလိုတာကြောင့် ကျေးရွာမှာနေထိုင်ဖို့ ရွေးချယ်မိမှ အငယ်မ “ဆွမ်းခံရင်း ငှက်သင့်” ဖြစ်ရပါပြီ။ 

ပဲခူးတိုင်းကနေ လာရောက် လုပ်ကိုင်တဲ့ အထည်ချုပ် လုပ်သား အရေအတွက်ကို အတိအကျ ပြောဖို့ ခက်ပေမဲ့ တတိယ ဒါမှမဟုတ်ရင် စတုတ္ထအများဆုံး ဖြစ်လိမ့်မယ်လို့ လက်ရှိ ရန်ကုန်မြို့ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုတင်ထွန်းက ပြောပါတယ်။ 

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေမှာ လုပ်သားဦးရေ အများဆုံးက ဧရာဝတီတိုင်းကဖြစ်ပြီး ဒုတိယ ရခိုင် ပြည်နယ်၊ မကွေးနဲ့ ပဲခူးကတော့ တတိယနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး အဲ့နောက်မှာ ကရင်ပြည်နယ် ရှိနိုင်တယ်လို့ ဆက်ပြော ပါတယ်။ ဒီခန့်မှန်းချက်ကတော့ ကိုဗစ်ကာလ အတွင်း အထည်ချုပ် လုပ်သားတွေ အတွက် ဥရောပ သမဂ္ဂက ထောက်ပံ့ခဲ့စဉ်က မြေပြင်ကောက်ယူခဲ့တဲ့ စာရင်းဖြစ်တယ်လို့ သိရပါတယ်။ 
အငယ်မတို မပြောင်းမီ ၂ လ အလိုကတည်းက ပဲခူးတိုင်း အတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ 

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအစမှာ ရွှေကျင်မြို့နယ်က  စစ်ကောင်စီရဲ့အမှတ် (၃၅၁) ခြေမြန်တပ်ရင်း၊ တောင်ခြေရင်း စခန်းကို KNLA နဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တွေက တိုက်ခိုက်ခဲ့သလို ပဲခူးမြိုနယ်နဲ့ ကပ်လျက် ဝေါမြို့နယ်ထဲ က သူရဲသမိန်ရွာရဲစခန်းကို နိုဝင်ဘာ ၂၇ မှာ စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ 

ဒီမတိုင်မီ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း အောက်တိုဘာ ၂၇  ရက် မနက် အစောပိုင်းမှာ ကိုးကန့် တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA)တို့ ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” လို အမည်ပေးပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နမ့်ကျွမ်း ဒေသတွေက စစ်ကောင်စီတပ်တွေနဲ့  လက်အောက်ခံ ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ လအတန်ကြာ ဖြစ်ပွားလာပါတယ် ။ 

မိသားစု သုံးယောက် ရန်ကုန်မြို့က အငယ်မ မိဘပိုင် နေအိမ်မှာ နေထိုင်စဉ်ကတည်းက ဒီတိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာပါ။ လှိုင်သာယာမြို့နယ်ထဲက အထည်ချုပ်စက်ရုံမှာ အငယ်မ လုပ်ကိုင်နေသလို အမျိုးသားကလည်း စက်ရုံတခုမှာ လုပ်ကိုင်ခဲ့ကြတာပါ။ 

“၁၀ လပိုင်း (အောက်တိုဘာ) အလယ်လောက်မှာ  ညပိုင်းသွားလာသူတွေ ပေါ်တာဆွဲတယ် ဆိုပြီးတော့ ကြား တယ်။ စက်ရုံကလည်း အလုပ်သမားတွေ ကြောက်ကြ တာပေါ့။” လို့ အငယ်မက ပြောပါတယ်။ 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲမစမီကတည်းက မလုံခြုံတဲ့ ခံစားမှုမျိုး ခံစားခဲ့ရလို့ ရွာဘက်ကို မိသားစုလိုက် ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပါ။ အလုပ်လုပ်တဲ့ အထည်ချုပ် စက်ရုံမှာ အော်ဒါနည်းပါးလို့ အငယ်မတို့ အလုပ်သမားတွေ မှာ အချိန်ပိုကို ပုံမှန် မလုပ်ရဘဲ ဝင်ငွေ နည်းပါးခဲ့တဲ့အပြင် တခါတရံ ညည့်နက်အောင် လုပ်ကိုင်ရတဲ့ အထည်ချုပ် လုပ်ငန်းရဲ့ သဘောသဘာဝကြောင့် ကိုယ်တိုင်အတွက်နဲ့ ယောက်ျားရဲ့ လုံခြုံရေး အတွက်ပါ စိတ်ပူခဲ့ရတာပါ ။ 

“ဒီနှစ်ကုန်ပိုင်းမှာ စက်ရုံတွေမှာ တရုတ်နယ်စပ်က နေဝင် လာတဲ့ ကုန်ကြမ်းတွေ မဝင်တော့လို့ စက်ရုံပိတ်ထား တာမျိုး ကြုံရတယ်လို့ အလုပ်သမားတွေက ပြောတယ်။” လို့ အမည် မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂချုပ်အဖွဲ့ဝင် တဦးက ပြောပါတယ်။

အောက်တိုဘာလကုန်မှာ ရန်ကုန်မြို့ကနေ ကီလိုမီတာ ၁၀၀၀ ကျော် ဝေးတဲ့ လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် အငယ်မအလုပ်လုပ်တဲ့ စက်ရုံ အခြေအနေ ကလည်း ဆိုးဝါးလာ ပါတယ်။ 
“တခါတရံကို မလုပ်ရတာ၊ မီးစက် ဆီ ပြတ်လို့ဆိုပြီး စက်ရုံပိတ်ရက်တွေ ရှိသေးတယ်။ ၁၂ လပိုင်း(ဒီဇင်ဘာလ) ထဲမှာ စက်ရုံဘက်ကလည်း နို့တစ် မပေးတော့ဘူး၊ လျော်ကြေးပေးမယ်ဆိုပြီး ၊ တခါတည်း ပိတ်လိုက်တယ်။ ”လို့ သူ့တွေ့ကြုံခဲ့ရတဲ့ စက်ရုံအခြေအနေတွေကို ပြောပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ သတင်းတွေ ကြားရတော့ စက်ရုံဘက်ကို ကုန်ကြမ်း မဝင်သလို ဝင်လာတဲ့ ကုန်ကြမ်းက နည်းနည်းပဲမို့ ပင်မစက်ရုံကိုပဲ တာဝန်ရှိ သူတွေက ဦးစားပေး ချုပ်လုပ်ခိုင်းပါတော့တယ်။ ဒါကြောင့် အငယ်မတို့ရဲ့ လက်ခွဲစက်ရုံက ကုန်ကြမ်း လုံးဝမရဘဲ စက်ရုံ ပိတ်ရတဲ့အထိ ဖြစ်လာရတာပါ ။ 

အောက်တိုဘာလဆန်းက စလို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လထဲအထိ အထည်ချုပ်စက်ရုံ ၃၂ ရုံ က လုပ်ငန်းခွဲတွေ ရပ်ဆိုင်းတာ၊ အမည်ပြောင်းဖွင့်လှစ်တာနဲ့ ပိတ်သိမ်းတာ တွေကို သတိပြုမိခဲ့ပြီး စက်ရုံပိတ်သိမ်းတာကြောင့် အလုပ်သမားတွေ နစ်နာမှုရှိလို့ တိုင်ကြားရတဲ့ အထည်ချုပ် စက်ရုံ ၄ ရုံရှိခဲ့တယ်လို့  အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း နောက်တခုက အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အငယ်မ လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံကတော့  အလုပ်သမားတွေ ကျေနပ်လက်ခံတဲ့ လျော်ကြေးကို ပေးပြီး  ပိတ်သိမ်း ခဲ့တာပါ။ ဒီနောက်မှာတော့ မိသားစုသုံးဦး  အငယ်မရဲ့ ယောက်ျားဇာတိ ကျေးရွာဆီ ပြောင်းရွှေ့ ဖြစ်ခဲ့ ပါတယ်။ 

ပဲခူးမြိုနယ်ထဲက ကျေးရွာတရွာကို ရောက်နေတဲ့ ရန်ကုန်မြို့ က အထည်ချုပ် လုပ်သားတဦးလည်း ရှိနေပါတယ်။ အဲဒီ လုပ်သားကတော့ မရွှေသစ်ပါ။ မရွှေသစ်ကတော့ ကလေးမွေးဖို့ ဇာတိကျေးရွာကို ရောက်ရှိနေတာ ၁ နှစ် ဝန်းကျင် ရှိပါပြီ။ မွေးထားတဲ့ သားယောက်ျားလေး အသက် ၃ လသားအရွယ်ပဲ ရှိလို့ သားဖြစ်သူ လန့်နိုးမှာကို စိုးရိမ်ပြီး အသံနှိမ့်ပြီး သူတွေ့ကြုံရတာကို ပြောပြပါတယ်။

“ကျွန်မတို့ကို ရွာတာဝန်ရှိသူတွေက ခေါ်ပြောတယ်၊ အမျိုးသမီး‌တွေပဲ သီးသန့်ခေါ်ပြောတာ။ အမျိုးသားတွေ မဲနှိုက်ရမယ်၊ စစ်သင်တန်းတတ်ရမယ်။ မဲပေါက်တဲ့သူကို ဘေးက ဝိုင်းပြီး ထောက်ပံ့” လို့ ဆိုပြီး ခေါ်ပြောခဲ့ တာလို့ မရွှေသစ်က ပြောပါတယ်။  

ကျေးရွာတာဝန်ရှိသူတွေ ပြောသလို မဲပေါက်တဲ့သူကို မပေါက်တဲ့သူတွေက ဝိုင်းဝန်းထောက်ပံဖို့ ဆိုတာထက် သူ့ယောက်ျား ဖြစ်သူမဲပေါက်ခဲ့ရင် ဆိုတာကို အရင်ဆုံး တွေးမိလိုက်တာပါ။ ကလေးက ငယ်ရွယ်တာကြောင့် နေအိပ်ပြင်ပ အလုပ်လုပ်ဖို့ က‌ မရွှေသစ် အတွက် အဆင်မပြေတဲ့ အခြေအနေပါ။

 ဒီ အခြေအနေမှာ ယောက်ျားက ပြည်သူ့စစ်စုဆောင်းရေး မဲပေါက်သွားခဲ့ရင်ဆိုတာ မတွေးရဲခဲ့ပါဘူး ။ ဒါ့အပြင် မဲပေါက် တဲ့သူကို ပတ်ဝန်းကျင်က ထောက်ပံ့ဖို့ဆိုတာနဲ့ ဘယ်လောက် အချိန်ကြာအောင် ပြည်သူ့စစ်လုပ်ရမယ် ဆိုတာကို မပြောနိုင်တဲ့အကြောင်း ကျေးရွာ တာဝန်ရှိသူတွေက ပြောသွားတာကို မရွှေသစ် မှတ်မိနေပါတယ်။

“ကိုယ်တိုင် အလုပ် မလုပ်နိုင်တဲ့ အခြေအနေမို့ အားငယ်မိတာ။ ယောက်ျား မဲ ပေါက်တယ်ထား။ ဘေးက ဘယ်အချိန်လောက်ထိ ထောက်ပံ့ကြမှာလဲ။ မဲမပေါက်ရင် ရော တခြားသူကို ဘယ်လောက်တောင် ထောက်ပံ့ နေရမလဲ၊ အဲဒါကို ကြောက်နေတာ။” လို့ ပြောပြပါတယ်။

ပဲခူးတိုင်း အတွင်း တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာပြီး နောက်ပိုင်း စစ်တောင်းမြစ် အနောက်ဘက်ခြမ်းက  အငယ်မ နဲ့ မရွှေသစ်တို့ ကျေးရွာတွေမှာ ပြည်သူ့စစ်အတွက် အမျိုးသား တွေ မဲနှိုက်တာတွေကို ဇန်နဝါရီ ပထမအပတ် အကုန်မှာ ပြုလုပ်လာတာ ဖြစ်ပါတယ်။  

ဒီဇင်ဘာလအတွင်းမှာလည်း ကရင်အမျိုးသား လွတ်မြောက် ရေးတပ် (KNLA)၊ PDF တပ်တွေနဲ့ BPLA တပ်တွေက ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မုန်းမြို့ အခြေစိုက် စစ်ကောင်စီတပ်တွေ၊ ဖြူးမြို့နယ်ထဲက ညောင်ပင်သာ ရဲစခန်းနဲ့ လကုန်ပိုင်းမှာ ကျောက်ကြီးမြို့နယ်က နတ်သံကွင်းမြို့ကို ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ဒီဇင်ဘာ ၂၇ ရက် ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နှစ်လပြည့် မှာ တအောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုကို ထိန်းချုပ်ထားနိုင်ပြီး မိုင်းလုံ၊ နမ်းခမ်း၊ နမ့်ဆန်၊ မန့်တုံမြို့တို့ကို သိမ်းပိုက်ထားနိုင်ပါပြီ။  

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြို့တွေဖြစ်တဲ့ မူဆယ်မြို့နဲ့ လောက်ကိုင်မြို့ကို  မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေက ဝိုင်းပတ် ပိတ်ဆို့ထားပြီး ပတ်ဝန်းကျင် ဒေသတွေကို သိမ်းပိုက်ထား ပါတယ်။ မန္တလေး-မူဆယ် လမ်းမကြီး တလျောက်ကို ထိန်းချုပ် ထိုးစစ်ဆင်နေသလို KIA ၊ AA နဲ့ PDF တပ်တွေကလည်း စစ်ကိုင်းတိုင်းထဲက မြို့တချို့ကို သိမ်းပိုက်ထားပြီး ထီးချိုင့် မြို့ကို တိုက်ခိုက် ခဲ့တာပါ ။
ရက္ခိုင်တပ်တော် AA ကလည်း ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကို သိမ်းပိုက်ပြီး မြောက်ဦးမြို့ကိုပါ တိုက်ခိုက် နေပါပြီ။ 

ဒီကာလမှာပဲ စစ်ကောင်စီတပ်တွေ တိုက်ပွဲရှုံးနိမ့်မှုက သိသိသာသာ ပေါ်ထွက်လာပြီး တပ်ရင်းအလိုက် လက်နက် ချမှုပါ ကြုံတွေ့နေရပါတယ်။ 

ပြည်သူ့စစ်စုဆောင်းမှုတွေ မတိုင်မီ စစ်ကောင်စီက ပြစ်ဒဏ် ကျနေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပြီး တာဝန်ထမ်း ဆောင်ခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီလို ပြန်လည်လွှတ်ပေးပြီး စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာတွေက စစ်တပ်မှာ အင်အားနည်းပါးလာလို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သူတွေက သုံးသပ်တာတွေကို မီဒီယာ တွေက ဖော်ပြပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ အခြေအနေတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ အခုလို ဖော်ပြထားပါတယ်။ 

“ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက်ကို ချေမှုန်းထားပြီး စစ်တပ်ရဲ့ အင်အား ၁၂.၅ ရာခိုင်နှုန်းဟာ စစ်မြေပြင် မှာ အင်အား ပြုန်းတီးခဲ့တဲ့အပြင် စစ်တိုက်ဖို့ ငြင်းဆန်တာ၊ တပ်ပြေးမှုတွေကြောင့် ထောင်သွင်း အကျဉ်းချခံ ရတာတွေ အများအပြားရှိ နေနိုင်တယ်လို့လည်း ဆိုပါတယ်။  စစ်ကောင်စီတပ်ရဲ့ အင်အား ဆုတ်ယုတ်မှုတွေကို သိသိသာသာ မြင်တွေ့ရပြီး အင်အားပြန်လည် ဖြည့်တင်းဖို့ ပျူစောထီး၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်မှုထမ်းဟောင်း၊ အသက်မပြည့်သေးသူတွေ၊ တပ်ဖွဲ့ဝင်ရဲ့ ဇနီးမယားတွေ၊ Non-CDM တွေကိုပါ လက်နက်ကိုင် စေပြီး စစ်ပွဲမှာ အသုံးချဖို့ စစ်ကောင်စီက အားထုတ်နေတယ်” လို့ ဖော်ပြခဲ့ပါတယ်။ 

ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၉ ရက် က ပြောကြားပြီး ရက်ပိုင်းအတွင်း ပဲခူးတိုင်းအတွင်းမှာ ပြည်သူ့စစ်အတွက် မဲနှိုက်ခေါ် ယူတာတွေကို ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
 
“သူတို့က မဲနှိုက်လို့ ပေါက်တဲ့သူကို စစ်သင်တန်းကို ပို့မယ်၊ နောက် သူတို့(စစ်တပ်) နောက်လိုက်ခိုင်းမယ်၊ စစ်တိုက် ရမယ်လို့ ပြောတာ။ သင်တန်းက ဘယ်နှစ်ရက်ကြာမယ်၊ သူတို့နောက်ကို ဘယ်လောက် ကြာကြာ လိုက်ရမယ်ဆိုတာ မပြောပါဘူး” လို့ မရွှေသစ်က ပြောပါတယ်။

ပဲခူးတိုင်းအတွင်းက မရွှေသစ်တို့ ကျေးရွာက ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၀၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ခြေတရာ ဝန်းကျင် (ဒေသအခေါ်) အပိုင်း တပိုင်းကို ပြည်သူ့စစ်အတွက််  လူ ၈ ယောက်အထိ မဲနှိုက် ရွေးချယ် ခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်မ သား မျက်နှာငယ်ရမှာကို ပဲ စိုးရိမ်တာ။  ရွာမှာတော့ မငတ်နိုင်ဘူး ၊ လယ်အလုပ်တွေကတော့ အမျိုးသား လည်း လုပ်တယ်၊ ကိုယ်တိုင်လည်း လုပ်တတ်တယ်၊ ရပ်တည်နိုင်တယ်။ အဓိကကတော့ ကလေး ဖခင်မဲ့ ဖြစ်မှာပဲ စိုးရိမ်တာပါ” လို့ အထည်ချုပ်လုပ်သားဟောင်း မရွှေသစ်က ပြောပါတယ်။

မရွှေသစ်ကတော့ ကလေးငယ်ရွယ်တာရယ်၊ လုံခြုံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့ဆီ သွားရောက် အလုပ်လုပ်ဖို့ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မှတ်ယူနေပါတယ်။ ဒါ့အပြင့် ရန်ကုန်မြို့က အလုပ်သမားတွေရဲ့ လုံခြုံရေးကလည်း ကျေးရွာတွေနဲ့ သိပ်ကွာခြားမှာ မဟုတ်လို့ ယူဆထားပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း အထည်ချုပ်လုပ်ငန်းခွင်ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အလုပ်သမားတချို့ကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တာတွေ ရှိခဲ့တာကို မီဒီယာတွေက ဖော်ပြခဲ့ ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်သား ၄၅၀,၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ စက်ရုံ  ၅၃၀ ကျော် ရှိတယ်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်း (MGMA) က ၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားပါတယ်။ 

လက်ရှိ တရုတ်လုပ်ငန်းရှင်ပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံ ၃၀၆ ရုံရှိတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) က ထုတ်ပြန် ထားပါတယ်။ အထည်ချုပ်ကဏ္ဍအတွက် လိုအပ်တဲ့ ကုန်ကြမ်း စုစုပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက တင်သွင်း နေရတယ်လို့လည်း ISP Myanmar ရဲ့ Covid 19 နှင့် မြန်မာလုပ်သား ဈေးကွက်မှာ ဖော်ပြပါ တယ်။ 

 “၂၀၂၄ ဇန်နဝါရီလကုန်မှာတော့ စက်ရုံတွေ ပြန် လည်ပတ်တာတွေ့ရတယ်၊ အချိန်ပိုတွေလည်း ပြန်ခေါ် တာတွေ ရှိလာ ပါတယ်။”လို့ အမည်မဖော်လိုတဲ့ တခြား အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တဦး က ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက်မှာ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့  တတိယ အကြိမ်ဆွေးနွေးမှုကနေ  ဟိုင်ဂင် သဘောတူညီချက် ရရှိပြီး ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား  ယာယီအပစ်ရပ်ဖို့  သဘောတူခဲ့ကြပါတယ်။ အပစ်ရပ်ဖို့ သဘောတူညီချက်ရရှိခဲ့ပေမဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား ထိစပ်နေတဲ့ နယ်စပ် မိုင်ပေါင်း ၁၄၀၀ နီးပါးရဲ့ အများစုကို တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ်ထားနိုင်ပါပြီ ။ 

အငယ်မတို့ နေထိုင်တဲ့ ပဲခူးတိုင်းထဲက ဇရပ်ကြီးမြို့ကို  ဖေဖော်ဝါရီ ၁၁ ရက်မှာ NUG ရဲ့ PDF တပ်တွေနဲ့ KNLA တပ်တွေပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရက်မတိုင်မီ ဖေဖော်ဝါရီ ၁၀ ရက်  ညပိုင်းမှာပဲ ၂၀၁၀ က ပြဋ္ဌာန်းခဲ့တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက အသက်သွင်း ထုတ်ပြန်ပါတယ်။ 

ဥပဒေထဲမှာ ဖော်ပြချက်အရ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် အတွင်း လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ စစ်မှု ထမ်းရမှာ ဖြစ်ပါတယ်။ 

“စစ်မှုထမ်းဥပဒေနဲ့မှ ပိုဆိုးသွားတယ်၊ အိမ်က နှစ်ယောက်မှာ တယောက်ကတော့ သေချာပေါက်ပါဖို့ ဖြစ်နေ တယ်” လို့ အငယ်မက စိုးရိမ်တကြီး ပြောပါတယ်။

အသက်အရွယ်အပိုင်းအခြားအရ စစ်မှုထမ်းရမဲ့ အရေအတွက် ၁၄ သန်းဝန်းကျင် ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၁၉ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိ သူက လုပ်သားအင်းအား ၂၂ သန်းကျော်ရှိတယ်လို ပြောဆိုထားတာကြောင့် လုပ်သားအင်အား သုံးပုံနှစ်ပုံ က စစ်မှုထမ်းရမဲ့ အသက်အပိုင်းခြားထဲ ပါဝင်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က တိုင်းပြည် အခြေခံအုတ်မြစ်ကို မီးရှို့ခြင်းလို့ ဆိုပြီး ကန့်ကွက်ရှုတ်ချခဲ့တဲ့ အပြင် အတင်းအဓမ္မ စစ်မှုထမ်းခြင်းဟာ အဓမ္မ စေခိုင်းခြင်း ဖြစ်တယ်လို့ ခေါင်းစဉ်တပ် ကြေညာချက် ထုတ်ပြန်ပါတယ်။ 

 “နိုင်ငံရေး၊ စစ်‌ရေးပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်နေတဲ့ အခြေအနေ မျိုးမှာ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက နိုင်ငံသား တွေကြားထဲ ပြဿနာတွေပိုကြီးပြီး ပြည်တွင်း စစ်မီး တောက်ကြီးက ပိုပြီးတောက်လောင်၊ အချင်းချင်း အမုန်း တရားတွေပဲ ကြီးထွားနိုင်တဲ့ အခြေအနေပါ” လို့ BBC သတင်းဌာနကို ဥပဒေပညာရှင်တဦးက ပြောထားပါတယ်။ 

စစ်တပ်ကလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေအတိုင်း စစ်အင်အား စုဆောင်းမှုတွေကို ဧပြီလကုန်ပိုင်းမှာ စတင်မယ် လို့ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်မှုထမ်း ဥပဒေ ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မြို့က မိဘတွေက အငယ်မကို ပြန်လာခဲ့ဖို့ ခေါ်လို့ သူ့ အတွက် ရွေးချယ်ရ ကျပ်နေပါတယ်။ သူ့အနေနဲ့ကတော့ အမျိုးသားနဲ့ ယောက္ခမတွေအတွက် သူ့ စိုးရိမ် နေတာပါ။ ယောက္ခမ နေအိမ်မှာ နေထိုင်ဖို့ ရောက်လာပြီးမှ လုံခြုံရေးကြောင့် ပြန်သွားဖို့ဆိုတာ မမျှတဘူးလို့လည်း အငယ်မ က မြင်နေပါတယ်။ 

“ဥပဒေအတိုင်းဆို သူတို့က ခေါ်ချင်သလို ခေါ်မှာ၊ ကံဆိုး ကံကောင်းပဲ။ ဘာမှတော့ မမှန်းတတ်ဘူး။ ယောက္ခမ တွေကတော့ လုံခြုံတဲ့ နေရာမှာ နေဖို့ ပြောပါ တယ်” လို့ ပြောပါတယ်။

ဟိုက်ဂင် သဘောတူညီချက်ရပြီး ရန်ကုန်မြို့က စက်ရုံတွေမှာပုံမှန်နီးပါး လည်ပတ်တာကြောင့် လုပ်ဖော်ကိုင်ဖက် တချို့ကလည်း ပြန်လာဖို့ခေါ်တာကို အငယ်မ ကြုံရပါတယ်။ သူ့အတွက် နေထိုင်စား သောက်ရေးအတွက် စိုးရိမ် ပူပန်မှုတော့ ရှိ မနေပါဘူး။ ဝင်ငွေရှိဖို့နဲ့ သား အတွက် စောင့်ရှောက်ဖို့အတွက် ရင်ဆိုင်ဖို့ကို စိတ်ပိုင်း၊ ရုပ်ပိုင်း ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေကို သတင်းတွေမှာ ဖတ်ကြည့်တယ်။ နားလည်တဲ့ သူတွေကိုလည်း မေးကြည့်တယ်။  ဥပဒေကို ပြန်အသုံးချနိုင်မယ်ဆိုရင် လွတ်ကင်းနိုင်မယ်ထင်တယ်။ ကျွန်မလည်း ကျန်းမာရေး ကောင်းတယ်၊ ရွာမှာဆို ဆေးလိပ် လိပ်လို့ ရနိုင်တယ်။ ရန်ကုန်မှာလည်း စက်ရုံပြန်ဝင် လို့ရ တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တဲ့ ကျောက်ဖြူဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရေနက် ဆိပ်ကမ်း အနီး AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြန်မာအထည်ချုပ်ကဏ္ဍမှာ တရုတ် လုပ်ငန်းရှင် အများစု ပိုင်ဆိုင်တဲ့ အခြေအနေမို့ ယိမ်းယိုင်ဖို့ အခြေအနေမရှိဘူးလို့ အမည်မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ကုန်းလမ်းအပြင် ရေလမ်း၊ လေကြောင်းလမ်းတွေက အထည်ချုပ် လုပ်ငန်းသုံးပစ္စည်းတွေက ဝင်တာတွေရှိတယ်၊ အလုပ်သမားတွေကို ပေးရတဲ့ လုပ်ခလစာကနည်းတဲ့အပြင် အထည်စံချိန်တိုးတောင်းတာတွေရှိနေလို့ လုပ်ငန်းရှင်တွေက တွက်ခြေကိုက်နေတုန်းပဲ” လို့ ပြောပါတယ်။

နိုင်ငံရေးအခြေအနေတွေ ဘယ်လို ဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်ပေမဲ့ တရုတ်လုပ်ငန်းတွေက အနည်းနဲ့အများ ဆက်လက် လည်ပတ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။ အထည်ချုပ်လုပ်ငန်းတွေက နိုင်ငံအတွက် ဝင်ငွေရရှိမှု ထိပ်ဆုံးမှာရှိနေတဲ့အပြင် ဒီလုပ်ငန်းရဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကြပါတယ်။ 

စစ်မှုထမ်းဖို့ခေါ်ယူရာမှာ ရရှိထားတဲ့ စာရင်းတွေအရ အမျိုးသား ၆ သန်းကျော် ၊ အမျိုးသမီး ၇ သန်းကျော် ရှိတယ် လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးက ပြောဆိုခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၀ ရက်ညမှာတော့ အမျိုးသမီးတွေကို စစ်မှုထမ်းအတွက် ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ထုတ်ပြန် ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဘယ်လိုပဲရှိရှိ ကြုံလာမဲ့ ကိစ္စတွေအတွက် ရင်ဆိုင်ဖို့ အငယ်မ စဉ်းစား ထားပါတယ်။ 

“စိုးရိမ်တဲ့ ကိစ္စတွေရှိသေးတယ်။ ကလေးရှေ့ရေး။ ယောက္ခမ တွေ အတွက်ရောပဲ။ နောက်ဆုံးတွေးထားတာက ယောက္ခမ၊ မိဘတွေကို သွေးချင်းမောင်နှတွေနဲ့ အတူ စောင့်ရှောက်မယ်။ ဝင်ငွေ နည်းလမ်းတွေ စဉ်းစားထား တယ်။ အားလျှော့တာမျိုး မရှိဘူး ဆိုတာပဲ” လို့ ပြောပါတယ်။ 

မြန်မာစကားပုံ “ဆွမ်းခံရင်း ငှက်သင့်” ဆိုတာ ဆွမ်းခံ ထွက်စဉ် အလိုလို ငှက်ဖျားသင့်တယ်လို့ ပြောဆိုတာဖြစ်ပြီး  ရိုးရိုး ပြုမြဲပြုမူ နေထိုင်စဉ် အလိုလို အမှုကိစ္စ ဖြစ်ပေါ်တဲ့အကြောင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ အငယ်မမှာ လည်း ရန်ကုန်မြို့မှာ လုံခြုံရေးနဲ့ ဝင်ငွေအခြေအနေကြောင့် အေးချမ်းတဲ့ ကျေးရွာဘက်ဆီ ပြောင်းရွှေ့ နေထိုင်မှ မိသားစု တကွဲတပြားဆီ ကြုံဆုံရမဲ့ အမှုကိစ္စ ပေါ်ပေါက်ခဲ့ရပါပြီ ။ 

“မိသားစု တကွဲတပြားဆိုတာ ဘယ်သူတွေမှ ကြုံချင်တာ မ ဟုတ်ဘူး ။ စစ်မှုထမ်းဥပဒေက ဘယ်နေရာပဲ နေနေ၊ ဘယ် နေရာ ရောက်ရောက်  မိသားစုတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေပါ ” လို့ အငယ်မက ဆက်ပြောပါတယ်။

PDF Download

Myanmar Labour News


Related posts

Cover
ရှင်သန်ရေးအတွက် ဖိနှိပ်ခံ  အထည်ချုပ်လုပ်သားများ
Jun 30, 2024
Cover
ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ
Jun 27, 2024
Cover
ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေး တိုက်ပွဲ
Jun 26, 2024
Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024
Cover
သောက မိခင်
Jun 04, 2024
Cover
ပျောက်ဆုံးသွားသော လုပ်အားရှင်များ
May 28, 2024
Cover
ကိုရီးယားအိပ်မက် မက်ကြသူများ
May 27, 2024