ARTICLE

ပျောက်ဆုံးနေသည့် အနာဂတ်များ

CoverLogo
55 Views

မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ တိုင်းပြည်အနာဂတ်  လူငယ်လူရွယ်ကလေးသူငယ်တွေဟာ အမှောင်ထု ထဲကို တွန်းပို့ခြင်း ခံနေကြရပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ အတွင်းမှာ ကလေးသူငယ်ပေါင်း ၇,၄၀၂ ဦးခန့်က စစ်သားအဖြစ်နဲ့ စုဆောင်းခံရတာ၊ ၁၁,၉၆၇ ဦးက သတ်ဖြတ်ခံရတာ၊ ၁,၉၈၂ ဦးက လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံရပြီး၊ ၄,၅၇၃ ဦးက ဖမ်းဆီးခံရကာ၊ ၂,၃၇၄ က ကျောင်းတွေဆေးရုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းနဲ့ ၇,၉၀၀ ကျော်က လူသားခြင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ရမနေဘူးလို့ ဖော်ပြထားပါတယ်။

တကယ့်လက်တွေ့မှာ တော့ ဒီထက်မက အရေအတွက်တွေ များနေနိုင်ပါတယ်[1]။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုတဲ့ ၁၇ နိုင်ငံစာရင်း မှာ မြန်မာနိုင်ငံ က အာဖဂန်နစ္စတန်၊ ရုရှား၊ ဆူဒန်နှင့် ယီမင်တို့နှင့်အတူ ထိပ်တန်းမှာ ပါဝင်နေဆဲပါ[2]

ကလေးစစ်သားတွေ ဘာကြောင့်ဖြစ်လာရသလဲ 

မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှုက ဟိုးယခင် ဆယ်စုနှစ်များစွာ ကတည်းကရှိခဲ့တဲ့ ပြဿနာတစ်ခု ပါ။ ကာလရှည်ကြာ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ် ၊ နိုင်ငံရေး မငြိမ်သက်မှုတွေ နဲ့ ဆင်းရဲမွဲတေမှု က အဓိက အကြောင်းရင်းတွေလို့ ပြောလို့ရပါတယ်။ 

စာရေးသူရဲ့ ဖခင်ဖြစ်သူက သူ့အသက် ၁၇ နှစ် နဲ့ စစ်မှုထမ်းအဖြစ် အသက်တစ်နှစ် လိမ်ခဲ့ပြီး ဆန္ဒအလျှောက် ဝင်ခဲ့တာပါ။ ၁၉၆၀ ဝန်းကျင်မှာ အလုပ်အကိုင် ရှားပါးတာနဲ့   ပြည်ပကျူးကျော်မှု ရှိနေတဲ့ အခြေအနေကြောင့် စစ်မှုထမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းတွေမှာ နိုင်ငံရေး စစ်ရေးအခြေအနေအရ စစ်မှုထမ်းအတွက် စုဆောင်းမှုတွေက ပုံစံအမျိုးအမျိုး ရှိလာပါတယ်။ အသက်အရွယ် မစိစစ်ဘဲ  စုဆောင်းမှုတွေ ၊ ဆန္ဒမပါဘဲ စစ်မှုထမ်းခိုင်းတာ တွေက ပိုပိုပြီးများလာတာပါ။  

တချို့က အလိုမတူဘဲ အဓမ္မ စုဆောင်းခံရတာ[3]၊ တချို့က တော့ လိုလိုလားလားကို ဝင်ကြတာပါ။

တိုင်းရင်းသား ဒေသတွေမှာလည်း စံနှုန်းနဲ့ မညီတဲ့ စုဆောင်းမှုတွေ ရှိနေပြီး  လူငယ်တချို့ကတော့ စစ်မှုထမ်းတာက  သမိုင်းပေးတာဝန် တော်လှန်ရေး အတွက် ဖြစ်တယ်လို့ ခံယူထားကြတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ အသက် ၁၈ နှစ်မပြည့်သေးတဲ့လူငယ်တွေဟာ မြန်မာစစ်တပ်အပြင် လက်နက်ကိုင် အဖွဲ့မျိုးစုံမှာ အကြောင်းမျိုးစုံနဲ့ အများအပြား ရောက်နေကြပါပြီ။ 

မြန်မာနိုင်ငံတွင်း ကလေး စစ်သား စုဆောင်းခံရခြင်း ရဲ့ အဓိက အကြောင်းအရာတွေ ကို လူ့အခွင့်အရေး မဂ္ဂဇင်း (Human Rights Magazine) က ၂၀၂၄ ခုမှာ အခုလိုဖော်ထုတ်ထားပါတယ်[4]။ 

၁။ အလွန်အမင်း ဆင်းရဲမွဲတေခြင်း (Extreme Poverty)

ဒါဟာ အဓိက အချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မိသားစု စားဝတ်နေရေး အလွန်ခက်ခဲတဲ့အခါ ဒါမှမဟုတ် မိဘမဲ့ ဖြစ်သွားတဲ့အခါ ကလေးတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် "ထမင်းဝဝစားရမယ်" ဆိုတဲ့ မက်လုံးနဲ့ စစ်ထဲဝင်တာကို နောက်ဆုံးရွေးချယ်စရာတစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်ကြရပြီး ဝင်ရောက်ကြရပါတယ်။ တစ်ခါတလေမှာ မိဘဆွေးမျိုး တွေကိုယ်တိုင်က အပိုဝင်ငွေရဖို့ ဒါမှမဟုတ် ပါးစပ်တစ်ခု လျော့သွားဖို့ အတွက် ကလေးကို စစ်ထဲထည့်လိုက်တာမျိုးတွေ ရှိပါတယ်။

၂။ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း(Lack of Opportunity)

ကျောင်းတွေ ပိတ်ထားရတာ၊ ကျောင်းမတက်နိုင်တာနဲ့ အသက်အရွယ်အရ အလုပ်အကိုင် မရရှိနိုင်တာတွေကြောင့် လေလွင့် လူငယ် (NEET - Not in Education, Employment, or Training) တွေဟာ စစ်သားစုဆောင်းသူတွေအတွက် အလွယ်ကူဆုံး ပစ်မှတ်တွေ ဖြစ်လာပါတယ်။ အားလပ်နေတဲ့အချိန်မှာ သူတို့ကို "အလုပ်ပေးမယ်၊ လစာကောင်းကောင်းပေးမယ်" လို့ လိမ်လည်စည်းရုံးပြီး စစ်ထဲခေါ်သွားတတ်ကြပါတယ်။

၃။ အဓမ္မ စုဆောင်းခြင်းနှင့် ပြန်ပေးဆွဲခြင်း (Forced Recruitment & Abduction)

ဒါက ၂၀၂၄ နောက်ပိုင်း ပိုပြီး အတွေ့ရများလာရတဲ့ အခြေအနေပါ။ လမ်းမပေါ်မှာ သွားလာနေတဲ့ ကလေးတွေကို မှတ်ပုံတင် စစ်ဆေးသယောင်နဲ့ ဖမ်းဆီးတာ၊ ဘူတာရုံနဲ့ ကားဂိတ်တွေမှာ လိမ်လည်ခေါ်ဆောင်တာ ဒါမှမဟုတ် ကျေးရွာတွေ၊ မြို့နေ အခြေခံလူတန်းစားတွေ အနေများတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေ ကို ဝင်ရောက်ပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ဖြစ်ပါတယ်။

၄။ လုံခြုံမှုနှင့် ကာကွယ်မှု ရှာဖွေခြင်း (Search for Safety)

ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုရဲ့ လက်အောက်မှာရှိနေခြင်းက ရန်သူ့ရန်ကနေ ကာကွယ်ပြီးသားဖြစ်မယ်၊ ပိုပြီး လုံခြုံမယ်လို့ ကလေးသူငယ် တွေက ထင်မှတ်တာ၊ မလုံခြုံတဲ့ အခြေအနေတွေကြောင့် ဆန္ဒအလျှောက် စစ်မှုထမ်းဖြစ် ဝင်ရောက်တာမျိုးလည်း ရှိတတ်ပါတယ်။

၅။ စနစ်တကျ လိမ်လည်လှည့်ဖြားခြင်း (Systematic Deception)

စစ်သားစုဆောင်းသူတွေဟာ ကလေးတွေကို "စစ်သားဖြစ်ရင် လူရာဝင်မယ်၊ ရဲရင့်သူဖြစ်မယ်၊ ဂုဏ်ရှိမယ်" ဆိုတဲ့ မှားယွင်းတဲ့ ဝါဒဖြန့်မှုတွေနဲ့ စည်းရုံးတတ်ကြပါတယ်။ ကလေးတွေရဲ့ မရင့်ကျက်သေးတဲ့ စိတ်ဓာတ်ကို အသုံးချပြီး သူရဲကောင်းဖြစ်ချင်တဲ့ စိတ်ဓာတ်သွင်းပေးကာ စုဆောင်းကြခြင်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က ဖော်ပြခဲ့တာမို့ လက်ရှိ အခြေအနေနဲ့က ကွာခြားတာကို တွေ့ရမှာပါ။ နိုင်ငံအတွင်းက လက်နက်တပ်ဖွဲ့တိုင်း စစ်ရေးပြအခမ်းအနားတွေ အကြီးအကျယ်ပြုလုပ်လာသလို တပ်ဖွဲ့ဝင် အရေအတွက်က အချိန်တိုတွင်းမှာ များပြားလာတာကို တွေ့ရမှာပါ။ 

မြန်မာစစ်တပ်က စစ်သားစုဆောင်းမှုက တစ်ကြိမ်ကို အရေအတွက် ၅၀၀၀ နှုန်းနဲ့ ဆယ်ကြိမ်အထက်ရှိလာပါပြီ။ ဒီစုဆောင်းမှုက မြို့ပြလူငယ်တွေ အပေါ်လည်း ရိုက်ခက်မှု ကြီးမားပါတယ်။ စစ်မှုထမ်းကြေးတောင်းခံတာ နဲ့ ခြိမ်းခြောက်မှုက မိသားစုဝင်တွေပါ ထိခိုက်ရပါတယ်။ 

တိုင်းရင်းသား ဒေသတချို့မှာလည်း အတင်းအကျပ် စစ်မှုထမ်းစေတဲ့ အကြောင်းအရာတွေကလည်း မီဒီယာတွေမှာ ဖော်ပြတာတွေ တွေ့ရပါတယ်။ 

ကလေးစစ်သား အသုံးပြုခံရခြင်းရဲ့ လက်တလောနဲ့ ရေရှည် ဆိုးကျိုးများ 

စာရေးသူ ရဲ့ ဖခင်က လိုလိုလားလား အသက်မပြည့်ပဲ စစ်မှုထမ်းဝင်ခဲ့ပေမဲ့ ကံကောင်းထောက်မလို့  ရှေ့တန်းထွက် လက်နက်ကိုင်ရတဲ့ အခြေအနေတော့ မကြုံခဲ့ပါဘူး။ ဒါပေမယ့် ဒီအင်စတီကျူးရှင်းရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေး အလေ့အကျင့် တွေက မိသားစုအထိကို ရိုက်ခတ်ခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ၂၀၂၄ အစီရင်ခံစာ အရ   ဒီလို ကလေးစစ်သားအဖြစ် အသုံးပြုခံရခြင်း က ကာယကံရှင်အတွက်သာမက သူ့ရဲ့ မိသားစုနဲ့ လူမှုအသိုက်အဝန်းအတွက်ပါ ရေရှည်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

ကလေးသူငယ်တစ်ဦးချင်းစီအပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ

  • ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ အသက်အန္တရာယ်: ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ရိုက်ပါဝင်ရတဲ့အခါ မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် အသက်ဆုံးရှုံးခြင်း ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်း (Maiming) တို့ကို ခံစားရပြီး တစ်သက်တာ သေရာပါအထိ မြင်သာထင်သာ ဒဏ်ရာတွေ ကျန်ခဲ့ရပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ (Psychological Scars): စစ်ပွဲအတွင်းမှာ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့မြင်ရခြင်းနဲ့ ကျူးလွန်ရတာတွေကြောင့် လူမမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေ နက်နက်ရှိုင်းရှိုင်း ရကြပါတယ်။ စစ်မှုထမ်းပြီး အရပ်သားဘဝကို ပြန်လည်ရောက်ရှိချိန်မှာ ဒီစိတ်ဒဏ်ရာတွေ ကြောင့် ပုံမှန် သာမန်လူလိုမျိုး တုန့်ပြန်မှုတွေမဖြစ်တတ်ဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းရပါတယ်။
  • ပညာရေးနှင့် အနာဂတ် ဆုံးရှုံးခြင်း: ကလေးသူငယ်ဘဝအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပညာသင်ကြားခွင့်ကို ဆုံးရှုံးရတဲ့အတွက် သူတို့ရဲ့ အနာဂတ်နဲ့ ဘဝတိုးတက်မှု အခွင့်အလမ်းတွေကို ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွားပါ တယ်။ စစ်တပ်အတွင်း အထက်ကအမိန့်ကို နာခံတတ်ဖို့ကလွဲပြီး အခြား အတတ်ပညာ တစ်စုံတစ်ရာ သင်ကြားခွင့် မရရှိခဲ့ကြပါဘူး။
  • အကြမ်းဖက်မှုနှင့် လွဲမှားတဲ့ အသိအမြင်များ: တပ်ဖွဲ့အတွင်း လေ့ကျင့်မှုတွေနဲ့ စစ်မြေပြင် အတွေ့အကြုံ တွေကြောင့် ပြဿနာများကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းလိုတဲ့ စိတ်နဲ့အကျင့်ပဲ ကိန်းအောင်းနေကြပါတယ်။

ဒီနေရာမှာ စာရေးသူကိုယ်တိုင် ဖခင်ဖြစ်သူကို သုံးသပ်ကြည့်တော့  အခုလို အပြုအမူတွေကို တွေ့ရပါတယ်။  ကိစ္စသေးသေးလေးတွေကို ဒေါသတကြီး တုန့်ပြန်တတ်ပါတယ်။  မပူးပေါင်းတတ်ဘူး၊ ပြသနာကို အဖြေရှာတဲ့နေရာမှာ စိတ်ဖိစီးမှု အနည်းငယ် ရှိတာနဲ့ ဒေါသထွက်တယ်။ လက်ပါဖို့ ဝန်မလေးဘူး။ ဒီတော့ သူတို့ကိုယ်တိုင် ပတ်ဝန်းကျင်နဲ့ အဆင်မပြေပဲ အများစုက အထီးကျန်နေလေ့ ရှိပါတယ်။  

လူမှုအသိုက်အဝန်းအပေါ် သက်ရောက်တဲ့ ဆိုးကျိုးများ

  • လူမှုရေးအရ ကွဲကွာခြင်း (Social Disintegration): စစ်သားအဖြစ် စုဆောင်းခံရတာကြောင့် မိသားစုများနှင့် ကွဲကွာရပြီး ရပ်ရွာအတွင်းရှိ လူမှုဆက်ဆံရေး ပျက်သွားပါတယ်။

စစ်သားဘဝက အပြင်ရောက်တဲ့အခါ သူတို့ရဲ့ အပြုအမူကြောင့် လူမှုအသိုက်အဝန်းက လက်မခံဘဲ ဖယ်ကျဉ်တာ ခံရနိုင်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ အုပ်ချုပ်မှုအပိုင်းမှာ ဝင်ဆန့်ရန် ခက်ခဲစေသည်။

စက်ရုံတစ်ချို့မှာ စည်းကမ်းထိန်းသိမ်းဖို့ဆိုပြီး စစ်မှုထမ်းတွေကို (HR သို့မဟုတ် Admin) ခန့်တဲ့ အခါမျိုးမှာဆို ခန့်ထားခံရသူ အများစုက အလုပ်သမားတွေနဲ့ အဆင်မပြေ ကြတာကို တွေ့ရပါတယ်။  

  • မျိုးဆက်သစ် အရည်အသွေး ကျဆင်းခြင်း: ကလေးသူငယ်ဆိုတာ နိုင်ငံ့အနာဂတ်အတွက် အင်အားစုတွေပါ။ သူတို့ တွေ ပညာသင်ကြားရမယ့်အစား သေနတ်ကိုင်ရတဲ့ အတွက် နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်နိုင်မည့် အသိပညာ၊ အတတ်ပညာရှင်တွေ နည်းပါးလာပြီး ရေရှည်မှာ နိုင်ငံရဲ့ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေပါတယ်။

အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကျောင်းတွေ တက္ကသိုလ်တွေမှာ အေးအေးချမ်းချမ်း စာသင်ကြားနေကြတဲ့ အချိန်မှာ မြန်မာ လူငယ်တွေကတော့ အနာဂတ်အတွက် ပြန်မရတော့တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံနေရပါတယ်။   

  • အကြမ်းဖက်မှု သံသရာ (Cycle of Violence): ငယ်ရွယ်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရထားတဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်ရောက်တဲ့အခါ မိသားစုနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက် လှုံ့ဆော်မှု မှုတွေ ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အဟန့်အတားဖြစ်စေပါတယ်။  
  • လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ: စစ်ပွဲတွေကြောင့် လူငယ်တွေ အနာဂတ်ပျက်စီးရသလို  စာသင်ကျောင်းတွေနဲ့ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက် တာကြောင့်  ရပ်ရွာလူထုရဲ့ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးနစ်နာ ရပါတယ်။

မျှော်လင့်ချက်ရောင်ခြည် ရပ်တန့်သွားခြင်း၊ ပြန်လည် နောက်ဆုတ်သွားခြင်း 

၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို ပြန်လည်ကုစား ဖို့ ကြိုးပမ်း အားထုတ်ခဲ့သလို  တိုးတက်မှု အချို့ ရှိခဲ့ပါတယ်။

၂၀၁၂ မှာ ကုလသမဂ္ဂနှင့်အတူ 2012 Joint action plan ကလေးစစ်သား စုဆောင်းအသုံးပြုမှု အဆုံးသတ်ရန် ပူးတွဲလုပ်ငန်း စီမံချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်[5]

2013 ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်း တစ်ခု ဖြစ်တဲ့ ဆိုးရွားသော ပုံစံဖြင့် ကလေးလုပ်သား ခိုင်းစေခြင်း ဆိုင်ရာ ပြဌာန်းချက် အမှတ် ၁၈၂ ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီစီမံချက်ကို ပိုမို အသက်ဝင်စေခဲ့ပါတယ်[6]။ 

စီမံချက်စတင်ချိန်ကစပြီး ၂၀၁၆ ထိကာလအတွင်း ကလေးစစ်သား (၈၀၀) ကျော်ကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပေးကာ မိသားစုများထံ ပြန်လည်အပ်နှံပြီး လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

နောက်ပြီး (၂၀၁၇)မှာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်နေမှုကို ကာကွယ်ဖို နိုင်ငံတကာစံနှုန်းဖြစ်တဲ့ Paris Principles "ပဲရစ်ကတိကဝတ်နှင့် ကျင့်ဝတ်များ" ကိုလည်း အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်[7]။ 

၂၀၁၉ မှာတော့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူ ညီချက်ရဲ့ နောက်ဆက်တွဲစာချုပ် (CRC-OPAC) ကို အတည်ပြုလက်မှတ်ရေးထိုးပြီး အသက် ၁၈ နှစ်မပြည့်သေး သူများအား စစ်သားအဖြစ် စုဆောင်းခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပါတယ်[8]။ 

ဒါ့အပြင် ဆက်လက်လုပ်ဆောင်ဖို့ အနာဂတ်အစီအစဉ် တွေလည်း ချမှတ်ခဲ့ကြပါသေးတယ်

စစ်သားစုဆောင်းတဲ့လုပ်ငန်းစဉ်မှာ အသက်အရွယ် စနစ်တကျစစ်ဆေးခြင်း စနစ် (Age Assessment): လမ်းညွှန်ချက်တွေကို တပ်ရဲ့ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားဖို့စီစဉ်ခဲ့ကြတယ်။ ကလေးငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက် လူငယ်ယောကျာ်းလေးတွေ စုဆောင်းမခံရအောင် မွေးစာရင်းမှတ်ပုံတင်ခြင်း ((Birth Registration) ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ဖို့ ရည်မှန်းခဲ့ကြတယ်။ တပ်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက် ပြီး သူတို့မှာ ရှိတဲ့ ကလေးစစ်သားများကိုပါ ပြန်လည်စေလွှတ်နိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက တစ်ဆင့် ချိတ်ဆက် ညှိနှိုင်းဖို့ စီစဉ်ခဲ့ကြတယ်။ စစ်သားဘဝမှ နုတ်ထွက်လာသူတွေကို ပညာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရေးအတွက် ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ကြတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းစဉ်တွေနဲ့ အနာဂတ် အစီအစဉ်တွေအကုန် ရပ်တန့်သွားခဲ့ပါတယ်။ ILO ရန်ကုန်ရုံးရဲ့ ကလေးစစ်သား အဓမ္မ လုပ်သားစုဆောင်းခြင်းဆိုင်ရာ တိုင်ကြားမှုနဲ့ ပြန်လည်ကုစားမှု သုံးပွင့်ဆိုင် နိုင်ငံတော် အဆင့် ယန္တယားလည်း ရပ်တန့်သွားပြီး ကလေးစစ်သား စုဆောင်းမှုတွေ နေရာအနှံမှာ ပိုမိုများပြားလာခဲ့ပါတယ်။ 

ဝာာဝန်သိ ပြည်သူတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေမှာ  အကန့်အသတ်တွေ ရှိလာတဲ့အတွက် ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ရှိနေခဲ့ပါတယ်။ 

ဘယ်အဖွဲ့အစည်းက ဒီကိစ္စကို ဖြေရှင်းမှာလဲ

၂၀၂၆ ရွေးကောက်ပွဲရဲ့  အစိုးရ အဖွဲ့အစည်းကလည်း  ပြသနာ ကို ဖြေရှင်းဖို့ စိတ်ဆန္ဒ နဲ့ ဖြေရှင်းဖို့ အရည်အချင်း ရှိမရှိ ဆိုတာ ကလည်း တွေးစရာ မေးစရာပါ။ 

အသက်မပြည့်တဲ့ ကလေးလူငယ်တွေ စစ်မှုထမ်းနေတာကို လက်ပိုက် ကြည့်နေလို့ မရတော့ပါဘူး။ 

အသက်မပြည့်သေးတဲ့ လူငယ်ကလေးစစ်သား စုဆောင်းမှုက တစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ချိုးဖောက်ခြင်းသာမဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ 

လူငယ် အနာဂတ်တွေကို မျှော်လင့်ရဦးမလား။ 

စီးပွားရေးလုပ်ငန်းများ နဲ့ လူ့မှု အသိုင်းအဝန်းအား တိုက်တွန်းလို  

လက်ရှိအခြေအနေက အတန်အသင့်တည်ငြိမ်မှုရှိတဲ့ မြို့ပြစက်မှုဇုန်တွေမှာသာ အလုပ်အကိုင် ဖန်တီးပေးနိုင်တာပါ။  ဒီလိုနေရာကို စစ်ရေးအရ မတည်ငြိမ်တဲ့ ဒေသက ရွှေ့ပြောင်းလာတဲ့ ဆယ်ကျော်သက် လူငယ်တွေအနေနဲ့  စားဝတ်နေရေး အဆင်ပြေစေဖို့ လုံခြုံမှုတစ်ခု ရဖို့အတွက် ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားနေကြပါတယ်။ 

အမျိုးသမီးငယ်တွေ မှတ်ပုံတင် အတုကိုင်ပြီး  လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုးစားကြတာက သူတို့ဘဝ လုံခြုံဖို့ အတွက်ပါ။ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေအနေ နဲ့ ကုန်ထုတ်လုပ်မှုကွင်းဆက် (Supply Chain) အတွင်း ကလေးလုပ်သား မရှိစေဖို့လည်း အပြင်းအထန် ကာကွယ်ကြပါတယ်။ 

ဒီလိုဆောင်ရွက်ရာမှာ ကုမ္ပဏီပုံရိပ် (Reputational Risk) ကိုသာ အလေးထားပြီး အခြေခံ အကြောင်းရင်းကို မဖြေရှင်းဘဲ ကလေးလုပ်သားများကို ရုတ်တရက် အလုပ်ထုတ်ပစ်ခြင်းမျိုးက ပိုမို ဆိုးရွားတဲ့ဘက်ကို တွန်းပို့သလို ဖြစ်နေပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဆယ်ကျော်သက် ကလေးသူငယ်အတွက် ပိုဆိုးတဲ့ လူကုန်ကူးမှု ဒါမှဟုတ် ကလေးစစ်သားအဖြစ် ပြန်လည် စုဆောင်း ခံရမှု အခြေအနေတွေထဲ တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။ 

နိုင်ငံတကာ ရင်းနှီးမြှုတ်နှံနေတဲ့ လုပ်ငန်းခွင်တွေမှာ သာမက ပြည်တွင်းက အသေးစား၊ အလတ်စား နဲ့ အိမ်တွင်းလုပ်ငန်းတွေ၊ လဖက်ရည်ဆိုင် ထမင်းဆိုင် မကျန်  ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီး အရွယ်မရောက်သေး အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးငယ်တွေဆီက လုပ်အားအမြတ် မထုတ်ဖို့လည်း လိုအပ်ပါတယ်။  

ကလေးစစ်သား ပြဿနာဆိုတာ တစ်ဖက်တည်း ကြည့်ပြီး ဖြေရှင်းလို့မရပါဘူး။ မိသားစု၏ စားဝတ်နေရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး၊ အခြေခံအကျဆုံး (ငြိမ်းချမ်းရေး) နဲ့ တည်ငြိမ် တိုးတက်ရေး တို့အတွက် ဝိုင်းဝန်း အဖြေရှာကြရမှာပါ ။ 

ဘယ်တော့ တည်ငြိမ် အေးချမ်းမယ်လို့ ခန့်မှန်းလို့မရတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေကြားမှာ အနာဂတ် လူငယ်လူရွယ် ကလေးတွေ ဘဝ မပျောက်ဆုံးရအောင်၊ သေနတ်အစား စာအုပ် ကိုသာ ကိုင်ဆောင်နိုင်အောင် ကျင့်ဝတ် ဥပဒေလိုက်နာကြပြီး  မိသားစု၊ လုပ်ငန်းရှင် နဲ့ လူမှုအဖွဲ့အစည်း တစ်ခုလုံးက လက်တွေ့ကျကျ ပူး‌ပေါင်းကာကွယ်စောင့်ရှောက်ကြပါစို့ လို့ ဒီကနေ့ ၂၀၂၆ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့လည်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကလေးစစ်သားအသုံးပြုမှု ဆန့်ကျင်ရေးနေ့ (#RedHandDay) မှာ အထူးဆောင်းပါးအဖြစ် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

ရေးသားသူ - သရဖီ

#RedHandDay #EndChildSoldiers #Myanmar #ProtectOurChildren #StopTheWarOnChildren

ကိုးကား

      [1] Children and Armed Conflict Annual Report of Secretary – General (Summary – 2024)


Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025