NEWS

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားပို့ဆောင်ရာတွင် လူသစ်ကို ဦးစားပေးစေလွှတ်သောကြောင့် လူဟောင်းများ ဒုက္ခရောက်နေဟုဆို

CoverLogo
1.7K Views

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို MoU စနစ်နဲ့ ထိုင်းနိုင်ငံကို စေလွှတ်ရာတွင် အေဂျင်စီများက
အလုပ်သမားအသစ်များကို ဦးစားပေး၍ ပို့ဆောင်သောကြောင့် ၂၀၂၀ က သွားရောက်ရန် ပြင်ဆင်ထားတဲ့
လူဟောင်းများမှာ ဒုက္ခရောက်နေတယ်လို့ သိရှိရပါတယ်။

၂၀၂၀ က ထိုင်းနိုင်ငံကို MoU နဲ့ သွားရောက်ရန် စာချုပ် ချုပ်ဆိုထားပြီး ၂ နှစ်ကြာ စောင့်နေရတဲ့ ရွှေ့ပြောင်းသွားရောက်လိုတဲ့ အလုပ်သမားများမှာ လက်ရှိအချိန်ရှိ မသွားနိုင်သေးသောကြောင့်အခက်အခဲဖြစ်နေတယ်လို့ ၂ နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရသူ  တစ်ဦးက ပြောပါတယ်။

၂၀၂၀ မတ်လ မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှုစာချွန်လွှာ (MoU) မရပ်ဆိုင်းမီက ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀၀၀ ခန့်ဟာ မသွားနိုင်ဘဲလက်ရှိအချိန်အထိ စောင့်ဆိုင်းနေရတာဖြစ်ပြီး ၎င်းတို့အထဲတွင် ယင်းလည်း အပါအဝင်ဖြစ်ပါတယ်။

“ကျွန်တော်မီသားစု စားဝတ်နေရေးနဲ့ သမီးရဲ့ ပညာရေးအတွက် ထိုင်းကို MoU နဲ့သွားရောက်လုပ်ကိုင် ဖို့ ကြိုးစားခဲ့တာပါ။ အဲဒါ အခုချိန်ထိ မသွားရသေးတော့ ကျွန်တော်တို့မှာဒုက္ခရောက်နေတာပေါ့။ သွားခါးနီးမှာ ပိတ်လိုက်တော့ စာချုပ်ဖိုးတွေ၊ ငွေးတွေ သွင်းထားတာတွေပြန်ထုတ်လို့ မရဘူး။ အဲဒီကို သွားဖို့ကို ခြံနဲ့ အိမ်ကို ၁၅ သိန်းနဲ့ အတိုး ၁၀ နဲ့ ပေါင်ခဲ့ရတာပါ။ အခုကမသွားနိုင်တာ ၂ နှစ်ရှိပြီးဆိုတော့ အတိုးနဲ့အရင်နဲ့က သိန်း ၃၀ ကျော်လာပြီး။ အဲဒါ ချေထားတဲ့ သူတွေကဒီတစ်နှစ် ထပ်စောင့်ပေးမယ်။ ဒီတစ်နှစ်မှာ မရရင်တော့ သိမ်းမယ်လို့ ပြောပါတယ်။ သွားရမယ်ဆိုလည်းသွားချင်ပါတယ်။ မသွားရရင်လည်း ပိုက်ဆံသွင်းထားတာတွေ ပြန်လိုချင်ပါတယ်” လို့ ပဲခူးတိုင်း၊သဲကုန်းမြို့နယ်ထဲမှ အသက် ၃၆ နှစ်အရွယ် ဦးလှဝင်းက ပြောပါတယ်။

ထိုင်းကို MoU နဲ့ သွားဖို့ ကြိုးစားခဲ့ ထို ၆၀၀၀၀ ခန့်ထဲတွင် တချို့မှာ အိမ်နဲ့ ခြံကို အတိုးနဲ့ ပေါင်းနှံကာသွားကြခြင်းဖြစ်ပြီး တချို့မှာ လယ်ယာကိုင်းနဲ့ လက်ဝတ်လက်စားတို့ကို ပေါင်းနှံရောင်းချကာသွားကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလူ (၆၀၀၀၀) ဟာ ပိုက်ဆံတွေလည်း ပေးချေထားပြီးပြီ။ တချို့ အေဂျင်စီတွေကပိုက်ဆံပေးချေထားတဲ့ လူတွေကို မသွားရတဲ့ အခါမှာ ပိုက်ဆံတွေ ပြန်ထုတ်ပေးထားတာမျိုးလည်းရှိနိုင်တယ်။ အေဂျင်စီတွေအနေနဲ့က အရင်တုန်းက လက်ခံထားတဲ့ လူတွေကို ဦးစားပေးစေလွှတ်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။ ကိုယ်နိုင်ငံရဲ့အခြေအနေအရ လူတိုင်းက တော့ သွားချင်နေကြတာပဲလေအရင်တုန်းကနေမှ သွားဖို့အတွက် ပိုက်ဆံတွေလည်း ပေးထားပြီးပြီ။ တချို့တွေဆို စာချုပ်တွေလည်းချုပ်ပြီးထားတဲ့ သူတွေ ရှိတယ်။ ဒီလူတွေကို အရင်စေ လွှတ်ဖို့ လိုတယ်လို့ မြင်ပါတယ်လို့ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်သက်သက်အောင် က ပြောပါတယ်။

မေလ ၁၀ ရက်မှ စတင်၍ ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမား ၆၀၀ ခန့်ကို စတင်စေလွှတ်ခဲ့ပြီးထိုင်းနိုင်ငံကို MoU နဲ့ ပို့ဆောင်ခွင့် တရားဝင်ရတဲ့ အေဂျင်စီ ၁၀၀ ကျော်ရှိပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026