NEWS

ည ၈ နာရီထိ အချိန်ပိုခေါ်ယူမှု တိုင်ကြားသော်လည်း ပြုပြင်ပြောင်းလဲခြင်းမရှိ

CoverLogo
1.2K Views

နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့  Honor Apparel Co,Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ အလွန်အကျွံခေါ်ယူနေတာကြောင့် သက်ဆိုင်ရာအလုပ်သမားရေးရာဦးစီးဌာနရုံးတွေကို တိုင်ကြားခဲ့ရာ အလုပ်ရှင်နဲ့လာရောက်တွေ့ဆုံပြီး တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ခေါ်ယူနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ပုလဲလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ OVS, URGE, FO, Sinsay, Mavi, DESTRINATION, CHIP CLIP, Little Kids, SOUTHBLUE, HOUSE, WORKS LONDON စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ် တင်ပို့နေတာလို့  သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့  လုပ်ဆောင်ပေးတာမရှိဘူးလို့ ဆိုပါတယ်။ 

အဆိုပါ လုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။ 

အလုပ်ချိန်မှာ မနက် ၇ နာရီ ခွဲကနေ ညနေ ၆ နာရီအထိ ပုံမှန်အလုပ်ချိန်ဖြစ်ပြီး အဲ့ဒီအထဲမှာ အချိန်ပို ၂ နာရီ စာပါဝင်တယ်လို့ ဆိုပါတယ်။ ခုနောက်ပိုင်းမှာတော့ အချိန်ပိုကို ည ၈ နာရီထိ ဆက်တိုက်ဆင်းပေးနေရတာဖြစ်ပြီး အချိန်ပိုဆင်းရန် ငြင်းဆန်ခွင့်မရှိတာကြောင့်  အခက်အခဲဖြစ်လာတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

ယင်းကဲ့သို့ တစ်နေ့အလုပ်ချိန် ၁၂ နာရီ  ကျော် လုပ်ကိုင်နေရတာနဲ့ပတ်သက်ပြီး ငြင်းဆန်ခွင့်မရှိဘဲ ဖိအားပေးခိုင်းစေခံနေရတာကြောင့် သက်ဆိုင်ရာ အလုပ်သမားရုံးကို တိုင်ကြားမှုပြုလုပ်ခဲ့ပေမဲ့ ဆက်လက်ခိုင်းစေမြဲဖြစ်တယ်လို့ အလုပ်သမားကဆိုပါတယ်။

ယခုလို အချိန်ပိုကို ငြင်းဆန်ခွင့်မရှိဘဲလုပ်ကိုင်နေရတာအပြင် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရဲ့  အခွင့်အရေးဖြစ်တဲ့ ဥပဒေပါခွင့်တွေ ယူပါက ခက်ခက်ခခဲခဲ ကြုံတွေ့ရတာ အထည်စံချိန်ကို အလုပ်သမားချုပ်လုပ်နိုင်တာထက် ပိုတောင်းတာ သတ်မှတ်စံချိန်မရပါက အော်ဟစ်ဆဲဆိုတာတွေပြုလုပ်ပြီး ခြိမ်းခြောက်စေခိုင်းတာတွေကျူးလွန်လျက်ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။ 

" ငရဲခန်းလိုပဲ ပွက်လောရိုက်နေတာ အဲ့လို အောဟစ်ဆဲဆိုနေတာကို မန်နေဂျာကို သွားတိုင်ပြီး ဖြေရှင်းပေးဖို့ ပြောလဲ ဘာမှမလုပ်ပေးဘူး သူတို့ပြန်ပြောတာက အထက်လူကြီးကို ပြန်မပြောနဲ့ ပြောရင် စည်းမျဉ်းအရ အရေးယူမယ်ဆိုပြီးပြောတယ်၊ ပြောတဲ့ အလုပ်သမားကို ရာထူးချတယ် စက်လိုင်းပြောင်းပစ်တယ် မျှတမှုမရှိဘူး"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောဆိုပါတယ်။ 

ဒါ့အပြင် နေ့စားအလုပ်သမားတွေခန့်ထားပြီး ၃ လ ပြည်ရန် တစ်ပတ်အလိုတိုင်းမှာ နေ့စားသမားတွေအလုပ်ထုတ်ခံရတယ်လို့ အလုပ်သမားကဆက်ပြောပါတယ်။

နေ့စားသမားတွေကို လစားအဖြစ် ခန့်မထားချင်တာကြောင့် အခုလို ၃ လမပြည့်ခင်တိုင်း အလုပ်ထုတ်ပစ်တာလို့ အလုပ်သမားက ယူဆနေတာပါ။

အရင်က စက်ရုံယာယီပိတ်ခဲ့ဖူးပြီး ယာယီပိတ်စဉ် အလုပ်ထွက်ခဲ့ကြတဲ့ အလုပ်သမားဟောင်းတွေကိုလည်း ပြန်လည်ခန့်အပ်တာမလုပ်ဘဲ ငြင်းဆိုလေ့ရှိတယ်လို့လည်း အလုပ်သမားကပြောဆိုပါတယ်။ 

လက်ရှိမှာတော့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ အချိန်ပိုခေါ်ယူမယ်ဆိုရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ကောက်ယူရန် ၊ တစ်ရက်လျင် အချိန်ပို ၂ နာရီ သာ ခေါ်ရန် ၊ စက်ရုံအတွင်း ရိုင်းစိုင်းစွာ ဆဲဆိုအော်ဟစ် သူများကို အရေးယူပေး ရန် နေ့စားအလုပ်သမားတွေကိုလစားအဖြစ်ခန့်ထား ရန် ဝန်ထမ်းလိုအပ်ချက်ကြောင့် အလုပ်ခေါ်ပါက လူဟောင်းများကို ဦးစားပေးခေါ်ရန် တရားမျှတမှုမရှိတဲ့ အုပ်ချုပ်သူတွေကို လဲလှယ်ပေးရန် စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026