NEWS

စနေနေ့ပိတ်ရက်အစား အိုတီကြေးတွေပြန်လည်ဖြတ်တောက်နေလို့ အလုပ်သမားတွေအခက်တွေ့နေ

CoverLogo
851 Views

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ကမ်းသာယာလမ်းမှာဖွင့်လှစ်ထားတဲ့ BEST CHOICE  Myanmar  အထည်ချုပ်စက်ရုံမှာ အော်ဒါမရှိတဲ့အကြောင်းပြချက်နဲ့ စနေနေ့ကို ပိတ်ထားပြီး အဲ့ဒီနေ့အစား ကျန်ရက်တွေမှာဆင်းထားတဲ့ အိုတီကြေးတွေကို ပြန်လည်နှုတ်ယူနေလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားဥပဒေအရ စက်ရုံဘက်က အကြောင်းကြောင်းကြောင့် စက်ရုံပိတ်ပါက အဲ့ဒီနေ့အတွက် ဒေးကြေး ကို အနည်းဆုံးအခကြေးငွေနှုန်းထားနဲ့ပေးချေရမယ်လို့ ပြဌာန်းထားပါတယ်။ တကယ်တမ်းမှာတော့ စနေ့နေ့ပိတ်ရက်အတွက် ဒေးကြေးမပေးတဲ့အပြင် စနေ တရက်လျင် ၄ နာရီနှုန်းနဲ့ တစ်လစာ ၁၆ နာရီကို ဆင်းထားတဲ့ အိုတီကြေးတွေထဲကနေပြန်လည်ဖြတ်တောက်နှုတ်ယူလိုက်လို့ အိုတီကြေးတွေ ရော ဒေးကြေးပါ နစ်နာဆုံးရှုံးသွားတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

“စနေနေ့ကို အလုပ်မရှိလို့ ပိတ်တာ သူတို့ဘက်ကပိတ်တာလေ ညီမတို့ဘက်က အိုတီကြေးတွေကို ပြန်နှုတ်တာကို လက်မခံဘူး ညီမတို့ရဲ့ ချွေးနှဲစာတွေလေ အဲ့ဒါတွေက ပြီးတော့ သောက်ရေတွေကလည်း တုန်ကင်ရေတွေ သောက်ရတာမသန့်ဘူး ရေသန့်စက်လည်း မရှိဘူး အိမ်သာတွေလည်း သန့်ရှင်းမှုမရှိဘူး ထမင်းစားဆောင်ကတော့အဆင်ပြေပါတယ်”လို့ အလုပ်သမားကပြောပါတယ်။

အခုလက်ရှိကြုံတွေ့ရတဲ့အခြေအနေအနေအရ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ တစ်လလျင် ၄ ရက်စာ အလုပ်မလုပ်ရသလို ဒေးကြေး ၄ ရက်စာ နစ်နာ ဆုံးရှုံးနေရပြီး ကျန်ရက်တွေမှာ အပိုဆင်းထားရတဲ့ အိုတီ ၂ နာရီစာအတွက်လည်း အခကြေးငွေ  ဖြတ်တောက်ခံရတာကြောင့် အချိန်ပိုကို   အခမဲ့နီးပါး လုပ်ကိုင်ပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။

အခုလို အလုပ်ရှင်ဘက်က သူ့သဘောနဲ့ စက်ရုံပိတ်ပြီး အလုပ်သမားကို ဒေးကြေးရှင်းမပေးဘဲ အိုတီကြေးတွေ ပြန်လည်ဖြတ်တောက်တာဟာ အလုပ်သမားဥပဒေချိုးဖောက်နေတာလို့ အလုပ်သမားအရေးလှုပ်ရှားသူက မှတ်ချက်ပြုပြောဆိုပါတယ်။

"စနေနေ့ကို အလုပ်ရှင်က သူ့သဘောနဲ့သူပိတ်တာ အမှန်ဆိုရင် ဒေးကြေးပေးရမှာ အလုပ်သမားကို သူတို့က ဒေးကြေးလည်းမပေးဘူး စနေကပိတ်ထားတဲ့အတွက် အဲ့ဒီနေ့ ဆင်းရမဲ့ ၄ နာရီစာကို အခြားနေ့တွေမှာ အိုတီ တွေကို ပြန်ပြီး ဖြတ်တယ်ဆိုရင် ဒါသည် မဖြစ်သင့်ဘူး ဒါက အလုပ်သမား တွေဆီကနေ ခေါင်းပုံဖြတ်တာလို့ ပြောလို့ရတယ် အလုပ်သမားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဖြတ်တောက်တာဖြစ်တယ် တနည်းအားဖြင့်တော့ အလုပ်သမားက အိုတီ အလုပ်လုပ်ရင် အိုတီကြေးပေးရမှာဖြစ်တယ် ဒါက ဥပဒေကို ချိုးဖောက်တာ ခေါင်းပုံဖြတ်တာဖြစ်တယ် အလုပ်ရှင်အလုပ် သမားသဘောတူညီမှုမရှိဘဲလုပ်ရင်အလုပ်သမားရဲ့ လုပ်အားကို ညစ်တာယူတာဖြစ်တယ်"လို့ အလုပ်သမားအရေးလေ့လာစောင့်ကြည့်သူကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ပမာဏထက်အဆမတန် ပိုတောင်းတာ လူမှုဖူလုံရေးဆေးခွင့်ယူပါကလည်း ဒေးကြေးတွေ ဖြတ်တောက်တာ သောက်ရေသန့်ရှင်းမှုမရှိတာနဲ့ အိမ်သာတွေ သန့်ရှင်းမှုမရှိတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

အထက်ပါကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသလို တိုင်ကြားမှုပြုလုပ်ရန် အခက်တွေ့နေရတယ်လို့ ဆက်ပြောပါတယ်။

“တိုင်ချင်တယ် ဘယ်သူ့ကိုပြောလို့ပြောပြရမှန်းမသိဘူးကိုဖြစ်နေတာ တိုင်ရင် အလုပ်ပြုတ်မှာကြောက်တယ် လူကြီးလာစစ်တုန်းကလည်း တစ်လိုင်းကို ၂ ယောက် လွှတ်ပေးရတယ် အိုတီတွေ မဆင်းရဘူး သောက်ရေတွေလည်းသန့်တယ် အိမ်သာတွေလည်းသန့်ပါတယ်ဆိုပြီး လိမ်ခိုင်းတယ်
အောစူပါတွေ မန်နေဂျာတွေအောက်ကလူတွေကျတော့ အမှန်အတိုင်းမပြောရဲကြဘူး”လို့ ယင်းကပြောဆိုပါတယ်။

စက်ရုံမှာ ပြီးခဲ့တဲ့ နှစ်ထဲမှာ တနင်္ဂနွေ နေ့တွေပါ အချိန်ပိုဆင်းပေးရတာ အိုတီကြေးမရှင်းပေးတာတွေရှိပြီး လက်ရှိမှာတော့ အော်ဒါနည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စနေ တနင်္ဂနွေ ပိတ်ရက် ဖြစ်သွားတာလို့ သိရပါတယ်။

“တနင်္ဂနွေနေ့တွေလည်း အလကားဆင်းပေးရတယ် ပြီးခဲ့တဲ့လကမှ အလုပ်မရှိမလို့မခေါ်တာ အရင်ကခေါ်တယ် အိုတီကြေးမပေးဘူး ဘယ်သူ့ကိုပြောလို့ပြောရမှန်းမသိဘူး။  လူကြီးတွေ လာစစ်တော့မယ်ဆို အစည်းအဝေးလုပ်တယ် လာစစ်ရင် တနင်္ဂနွေ နေ့  မဆင်းရဘူးလို့ပြောခိုင်းတယ် အလုပ်ရေရှည်လုပ်ဖို့အတွက် ဆိုပြီး လိမ်ခိုင်းတာပေါ့ တလိုင်းကို ၂ ယောက်စီ လွှတ်ပေးရတယ် wcc ဆိုလည်း ပျက်နေတာ လူကြီးလာစစ်မယ်ဆိုမှ ကောက်ဖွဲ့လိုက်တာမျိုးတွေပါ အလုပ်သမားတွေဘက်ကကြည့်ရင်တော့ အမှန်အတိုင်းပြောလိုက်ရင် အလုပ်ပြုတ်မှာကြောက်တော့ မပြောရဲဘူး”လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံမှာ ထုတ်လုပ်နိုင်သောစံချိန်ကို သာ တောင်းခံရန် အိုတီကြေးတွေ အပြည့်အဝ ရရှိဖို့  စနေနေ့ အတွက် ပြန်လည်နှုတ်ပစ်တာတွေ မလုပ်ဖို့ သောက်သုံးရေ ကို သန့်ရှင်းအောင် စီမံပေးဖို့ အိမ်သာများသန့်ရှင်းအောင် စီမံပေးဖို့နဲ့ လူမှုဖူလုံရေးဆေးခွင့်ယူပါက လစာထဲက မဖြတ်တောက်ဖို့ စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ ပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမား ၃၀၀ ကျော်နဲ့ 157.FUNK, Vaile Bleue စတဲ့အ မှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။

 

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026