NEWS

စစ်မှုထမ်းဥပဒေအပေါ် အလုပ်သမားတွေရဲ့ သဘောထား

CoverLogo
470 Views

အိမ်ထောင်သည်- မိခင်-ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃၄ နှစ်

စစ်မှုထမ်းဥပဒေ အတည်ပြုတာတော့ အွန်လိုင်းသတင်းဌာနတွေက တစ်ဆင့်သိရတာပါ။ နောက်ဆက်တွဲ ပေါ်တာဆွဲမယ်ဆိုတာတွေလည်း ကြိုပြီးခံစားမိတယ်။ ဘာလို့ဆိုအစ်မနေတဲ့ရွှေပြည်သာမှာက စစ်မှုထမ်းဥပဒေ အတည်မပြုခင်ကတည်းက ပေါ်တာဆွဲခံရတယ်လို့ပဲသုံးမလား။ လမ်းသွားရင်း အဖမ်းခံရတာ။ ညဘက်အုတ်ခုံမှာ ထိုင်နေရင်းဖမ်းသွားတာ။ နောက်ပိုက်ဆံနဲ့ လိုက်ရွေးပေါ့ အဲဒါတွေကရှိနေတော့ အခုဆိုပိုဆိုးလာမယ် လို့တော့ တွေးမိပါတယ်။
အခုလက်ရှိ အမပတ်ဝန်းကျင်မှာ‌ဆို လူတွေက ကြောက်စိတ်တွေ စိတ်မလုံခြုံမှုတွေ ပိုခံစားလာရတယ်။ ည(၇)နာရီမထိုးသေးဘူး ရပ်ကွက်အပြင်သိပ်မထွက်ကြတော့ဘူး။ နောက်မိဘတွေပေါ့။ အသက်မီတဲ့ကလေးရှိတဲ့ မိဘတိုင်းသောကအပြည့်ပဲ။ အခုချိန်မှာ နိုင်ငံခြားလွှတ်ဖို့ဆိုတာ မရှိတဲ့သူကျ ထင်သလောက်မလွယ်ဘူး။ ကလေးတွေလည်း လန့်ပေမယ့် လူကြီးတွေလောက်တော့ မပူတက်သေးဘူး။

အမအနေနဲ့တော့ ဥပဒေထုတ်ပြန်လိုက်ပေမယ့် ဘာဆက်လုပ်ရမယ်ဆိုတဲ့ အတွေးတော့ဖြစ်မလာဘူး။ ဘာလို့ဆို ပြည်ပအနီးဆုံးထိုင်း‌ပေါ့နော်။ အဲဒီထိထွက်ဖို့ဆိုတာ အမ မိသားစုဝင်တစ်ဦးက ထောင်ထဲမှာ ရှိနေတဲ့ အတွက် မတွေးမိဘူး။ အခြေအနေက ဒီထက်ပိုဆိုးလာမယ်ဆိုတာသိပေမယ့် ရွေးချယ်စရာမရှိဘူး။ ဘာလို့ဆို အခုချိန်မှာ တခြားမြို့နယ်တခုခုမှာ သွားနေဖို့ဆိုတာလည်း မလွယ်ဘူး။ စစ်ဘေးကလည်းနေရာတကာ တဖြေးဖြေးနဲ့ နေရာစုံလိုလို ဖြစ်လာမှာပဲ။ နောက်ပြီး ဒီသက်ရောက်မှုရဲ့ နောက်ဆက်တွဲ အခက်အခဲကို ပြည်တွင်း မှာနေထိုင်သရွေ့ခံစားရမှာပဲ။ နောက်အမအနေနဲ့ တွေးမိတာက အငတ်ဘေးလို့ပဲသုံးရမယ်။ လူတွေက အခုချိန်မှာရှာဖွေရတာနဲ့ ကုန်ရတာကမမျှဘူး။ ဒါပေမယ့် ရှာလို့ရသေးတယ်။ ဒါပေမယ့်မရတော့တဲ့ အချိန်မှာဘာတွေဆက်ဖြစ်မလဲပေါ့။ အဲဒီလိုတော့တွေးပူတယ်။ ပြောမယ်ဆို ဒီကာလကြီးထပ်ကြာနေမှာကို တော်တော်စိတ်ပူတယ်။ စိတ်မလုံခြုံမှုတွေနဲ့ နေရတာ တကယ်အဆင်မပြေဘူး။

အခုချိန်မှာ အကာအကွယ်မဲ့တယ် ဆိုတဲ့စိတ်ခံစားချက်က လူအများစုရှိနေတာပဲ။ မတရားခံရလို့ ဘယ်သွား တိုင် ရမလဲ။ ဥပဒေပြုနေတဲ့သူတွေ ကိုယ်တိုင်က မတရားလုပ်နေတယ်။ ဥပဒေစိုးမိုးရေးလုပ်နေတဲ့သူတွေက‌ ဥပဒေမဲ့လူသတ်တယ်။ အဲဒီတော့လုယက်ခံရလား။ အသက်မသေချင်ပေးလိုက် သွားတိုင်ရင် အပိုကုန်မယ်မထူးဘူး။ ဥပဒေဆိုတာလည်း အခုချိန် စာရွက်ပေါ်မှာပဲရှိတော့တယ်။‌ အခုချိန်မှာခေတ်ကပျက်နေပြီ။ ကိုယ့်အသက်ကိုယ် မွေးနိုင်မှရမယ်ပဲမြင်တယ်။ ဈေးရောင်းသွားရင် အိမ်ပြန်မရောက်မချင်း စိတ်မအေးရဘူး။ ညဆိုကားသံတွေကြားရရင် လည်းဧည့်စာရင်းလား။ ဘာဖြစ်လဲပေါ့။ ပူနေရတယ်။ သူခိုးရန်ကော ခွေးရန်ကောကြောက်နေရတယ်။ နိုင်ငံခြားမှာလည်း စစ်မှုထမ်းရတယ် ဆိုတာအမတို့ကြားဖူးပါတယ်။ မြင်ဖူးတဲ့သူတွေဆို ပြည်ပမှာစစ်မှုထမ်းတာကိုမိသားက  ဂုဏ်ယူကြတယ်။ အမှတ်တရပုံတွေတင်ကြတယ်။ အခုဒီမှာကျ ဂုဏ်ယူစရာလို့ လည်းမမြင်ဘူး။ မတရား အကြမ်းဖက်ခံရတာ လို့ပဲမြင်တယ်။ ဘာလို့ဆို အခုဖြစ်နေတာတွေအားလုံးက လူတစ်စုရဲ့ အာဏာရူးမှုကြောင့် တစ်တိုင်းပြည်လုံးဘဝပျက်တာ။ မခံနိုင်လို့တော်လှန်ရတဲ့ ပြည်သူတွေကို အိမ်ကြက်ချင်း ခွပ်ခိုင်းတာ။ ပြောမယ်ဆိုသူတို့ အတ္တအတွက်ပြည်သူတွေဘဝကိုဖျက်ဆီးတာ။ အခုဆိုအရင် စားဖို့အတွက် ပူရတဲ့ အခြေခံလူတန်းစားတွေ က သားသမီးတွေ ပေါ်တာအဆွဲမခံရဖို့ စစ်ထဲမရောက်ဖို့ပါပူရပြီ။ ဝင်ငွေမလောက်လို့ သားသမီးကို အလုပ်ထွက်လုပ်ခိုင်းဖို့တောင် အဆင်မပြေတော့ဘူး။ ဒီကာလမှာ ဒီဥပဒေ ပြဌာန်းတာ တကယ်ကို ယုတ်မာတာပဲမြင်မိတယ်။

စစ်တပ်က အုပ်စိုးနေသရွေ့တော့ ပြည်တွင်းမှာ နေရတဲ့သူတွေ ဘဝတွေပိုခက်လာမှာပါ။ စားဖို့အတွက်ပူရတာ၊  သူတို့ရဲ့ ယုတ်မာမှုတွေကို ပူရတာ နဲ့လူတွေကတကယ် ကိုမွန်းကြပ်နေပြီ။ ပြည်သူတွေမှာ ရွေးချယ်စရာမရှိတော့ဘူး။‌ သေမလား၊ ရှင်မလားအဖြေ တခုခုအမြန်ဆုံး ထွက်တာပဲလိုချင်တော့တယ်။

စက်ရုံအလုပ်သမား ၂၇နှစ် ရွှေပြည်သာမြို့နယ်- အိမ်ထောင်သည် - ဖခင်

ကြားရတာတွေက အများကြီးပဲ ဒီကိစ္စက အလုပ်သမားတွေရဲ့ ကဏ္ဍမှာတော်တော်လှုပ်တယ် သူတို့ သတ်မှတ်ချက် အသက်နဲ့ ကာလက စက်ရုံထဲမှာ အများစုရှိတာပေါ့နော်။ စက်ရုံတွေမှာဆိုလဲ စမတ်ကတ်တွေ ပြန်ရိုက်တယ် စစ်တမ်းတွေ ကောက်တယ် စက်ရုံမှာရှိတဲ့ လူငယ်တွေကြားထဲမှာ စိုးရိမ်တာတွေက အများကြီးပဲ အိပ်နေရင်တောင်မှ မလုံခြုံဘူး အလုပ်သွား အလုပ်ပြန်တွေက အစ မလုံခြုံတော့ဘူးဖြစ်နေတာ၊ ပေါ်တာဆွဲတာတော့ လှိုင်သာယာ ဘက်တွေမှာတော့ ကြားတယ် ဖယ်ရီကားလိုက်ဆွဲသွားတာမျိုး စက်ဘီးနဲ့ သွားရင်းနဲ့ ဖမ်းသွားတာမျိုး ကြားတယ် သတင်းတွေကတော့ အတည်မပြုနိုင်သေးဘူး ပေါ့ အလုပ်သမားတွေကို ဘယ်သူမှ မကာကွယ်နိုင်ဘူး ဒီအချိန်က မနေ့က ကြားတာဆိုရင် အစိုးရက ထုတ်တာထုတ်တာပဲ ငါတို့စက်ရုံမှာတော့ ငါတို့ ပေးတဲ့ အာဝါတီကို ပေးရမယ် ဆိုတာမျိုး စက်ရုံမှာ စိုးရိမ်တာတွေက ပိုဆိုးတာပေါ့။

စစ်ကောင်စီအနေနဲ့လည်း ဒီလိုလုပ်လိုက်တာဟာ သူတို့သေဖို့ လုပ်သလိုဖြစ်တာ သန်းနဲ့ချီတဲ့အလုပ်သမားတွေက စက်ရုံထဲမှာ ဘယ်လိုမှ လည်ပတ်လို့ မရတော့ဘူးဆို နယ်ပြန်ကြမယ် ထွက်ကြမယ် တိုင်းရင်းသားတွေရှိတဲ့ နယ်မြေတွေထဲကို သွားကြမယ် ခိုလှုံကြမယ်ဆိုရင် သူတို့အတွက် ဘယ်လိုနည်းနဲ့မှ အသက်ဆိုးမရှည်ဘူးပေါ့နော် သက်ဆိုးမရှည်တာအပြင် ဒီလိုနည်းလမ်းက ပိုဆိုးတယ် အလုပ်သမားတွေအတွက်ကျတော့ ပိုပြီးဆိုးသွားတာပေါ့။

သူတို့ထုတ်နေတဲ့ ထုတ်ပြန်ချက်တွေကလည်း မြေပြင်နဲ့တကယ်တမ်းကွဲလွဲတာတွေ ရှိတယ်လေ တရပ်ကွက်ကို ဘယ်လောက်ဆိုပြီးပြောနေပေမဲ့ အယောက် ၃၀၊  ၄၀ ခေါ်နေတာပဲ အကန့်အသက်မရှိခေါ်နေတာ ဒီတသုတ်မှာ ၅၀၀၀ လောက်ပြောပေမဲ့ ၁၀၀၀၀ လည်း ဖြစ်နေတာပဲ မကလည်း မကဘူး ပါးစပ်က ပြောတာပဲရှိတာ လူကြားကောင်းအောင် အပြည်ပြည်ဆိုင်ရာမှာ ကြားကောင်းအောင် ပြောနေတာ တကယ်တမ်းမြေပြင်မှာက အကန့်အသတ်မရှိကို ခေါ်နေတာ ဒါက တပြည်လုံးဒုက္ခဖြစ်နေတာ အထူးသဖြင့် စစ်မှုထမ်းကိစ္စမှာ လူငယ် လူရွယ်တွေ အမျိုးသမီးတွေ များတယ်လေ အဲ့အတွက် မိသားစုတွေကလည်း ပူပန်မှုရှိသလို သူတို့ကို သူတို့လည်း ပူပန်မှုတွေ အများကြီးပဲ စီးပွားရေး ကျပ်တည်းလို့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတာက တမှောင့် စစ်မှု ထမ်းရမယ် ဆိုတာက တမှောင့် ဘာဖြစ်လို့ စစ်မှုမထမ်းချင်ရတာလဲဆိုတော့ တကယ်ဖြစ်ရင် အကျိုး အကန်းနဲ့ အသေပဲ ကျနော်တို့မှာ လင်မယား ၂ ယောက်ရှိတယ် ယောက်ျားကို ခေါ်သွားရင် မယားက အိမ်မှာထိုင်ပြီး ဘာလုပ်စားရမှာလဲ အဆင်မပြေဘူး အရမ်းကျပ်တည်းတယ် စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုရင်တော့ ကျတော်တို့ အလုပ်သမားထုက သူတို့ဘက်မှာ ရပ်တည်မှာမဟုတ်ဘူးဆိုတာတော့ သူတို့သိတယ် အဲ့လိုပဲ အလုပ်သမားထုက ရပ်တည်နေကြတာ။

အလုပ်သမားတွေက ဒီအချိန်မှာတော့ ဒေါသအင်မတန်ထွက်တာပေါ့ တိုင်းပြည်ကို မတရားအာဏာလုထားပြီးတော့ အဖက်ဖက် အရပ်ရပ်က အကုန်လုံး ယိုယွင်းပျက်စီးနေပြီကို သူတို့လည်း ရှုံးနေပြီ အရှုံးကို ဝန်မခံဘဲနဲ့ တပြည်လုံးကို ကြိုးကွင်းစွပ်တဲ့ သဘောမျိုးဖြစ်နေတာပေါ့နော် ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်မတန်စိုးရိမ်တယ် ဒေါသထွက်မိတယ် ဒီလုပ်ရပ်အပေါ်မှာ အလုပ်သမားထုရဲ့ ကြီးမားတဲ့ တုန့်ပြန်မှုကို သူတို့ ပြန်ခံစားရမယ် ကျနော်တို့ စက်ရုံကဏ္ဍဆိုတာ အသက် ၃၀ ကျော် ၄၀ အရွယ်တွေက နည်းတယ် ၇၅ ရာခိုင်နှုန်းက လူငယ်ထုဖြစ်တယ် ဒီလူငယ်ထုက သူတို့ဘက်ကို ခေါ်လို့ သေနတ်ပေးရင် အဲ့သေနတ်က သူတို့ဘက်ပြန်လှည့်မှာ အဲဒါသိကို သိရမယ် လူငယ်တွေကတော့ စိုးရိမ်နေတယ် အထည်ချုပ်မှာ စက်ချုပ်နေရင်းနဲ့ကို လာခေါ်မှာစိုးရိမ်နေတယ် အိပ်နေရင်တောင် အိပ်နေရင်းနဲ့ တံခါးလာခေါက်ပြီးခေါ်မှာ ကို စိုးရိမ်နေရတယ် အရင်ကဆို စီးပွားရေး မပြေလည်ဘူးဆိုရင်တောင်မှ  ကောင်းကောင်းအိပ်လို့ ရတယ် အခုက ကောင်းကောင်းအိပ်လို့ မရဘူး  အိပ်လဲ ဒီစိတ် စားလည်းဒီစိတ် သွားလည်း ဒီစိတ် ဖြစ်နေရတာ

သားလေးကလည်း ၁ နှစ် ကျော်ကျော်လေးဆိုတော့ ကိုယ်လည်း အခုချိန်ထိ အဖြေမထွက်သေးဘူးဖြစ်နေတာ ။ လောလောဆည်တော့ အရူးပဲ နဂိုကတည်းက စီးပွားရေးက အဆင်မပြေလို့ ထမင်းကို တနပ်ကို လျော့စားနေရတာ ဒါကြီးဖြစ်လာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး နေ့ရှိသရွေ့အဲ့စိတ်ကြီးနဲ့ပဲ ဖြစ်တော သူတို့က ကျွန်တော်တို့ကို ရွေးချယ်ခွင့် ၂ လမ်းပဲပေးထားတဘ် တလမ်းက တောထဲသွား တစ်လမ်းက ငါတို့ဆီသွားဆိုတဲ့ လမ်းပဲရှိတော့တဘ် အဖြေက ၂ ခုပဲစဉ်းစားရတော့မှာ ကျွန်တော်တို့ကျတော့ သူတို့ဆီတော့မသွားတော့ဘူး တောထဲသွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဆီသွားပြီးခိုလှုံခွင့် တောင်းမယ် သွားမယ်ပေါ့နော် စဉ်းစားထားတာတော့ရှိတယ် သွားဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ငွေကြေးအခက်အခဲ  တွေတော့  အများကြီးလိုတယ်လေ။

ဒါတွေက ကိုယ့်တစ်ယောက်ထဲတင်မဟုတ်ပါဘူး တော်တော်များများဒီလိုပဲ စဉ်းစားကြတာပဲ ပိုက်ဆံရှိတဲ့ လူတွေ ကျတော့ ထိုင်းတို့ မလေးတို့သွားဖို့ ဗီဇာ ပတ်စပို့တွေ လုပ်နေကြတယ် ကျနော်တို့ အခြေခံ လူတန်းစားတွေ ကတော့ ပြေးဖို့ ကျတော့ စွန့်စားရမှာပေါ့နော် ဘာမှမ ရှိဘူး လမ်းစရိတ်ခရီးစရိတ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နေရာ တွေရောက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲရှာပြီးဖြစ်သလို ပဲ စစ်ဘေးရှောင်နေရာမှာ ကျွေးတာစားပြီး အဲ့လိုနေဖို့ပဲ စဉ်းစား ထားကြတယ် အဲ့လိုပဲခံမယ် စစ်ကောင်စီဘက်ကို သွားပြီးတော့ တစ်ထောင့်တနေရာကမပါဝင်ချင်ဘူး ဆိုတော့ ဆုံးဖြတ်ချက်ကတော့ အတော်များများချထားကြတယ်။

နိုင်ငံရေးက တော့စစ်မှုထမ်းဖို့ ဒီစာကိုထုတ်တာ သင်္ကြန်ကာလအပြီးလို့ ပြောပေမဲ့ အခုလည်း ဖမ်းနေတာပဲ အပြောနဲ့ အလုပ်က ဘယ်တုန်းက မှ မညီတဲ့ ကိစ္စကို ဖမ်းနေတာပဲ နိုင်ငံရေး အခင်းအကျင်းကတော့ သူတို့ဘက်က တော့ မမျှော်လင့်တော့ဘူး ပြည်သူအတွက်လည်း ဘယ်တုန်းက မှ ကြည့်ခဲ့ တာမရှိတော့ ကိုယ့်ဘက်ကတော့ မျှော်လင့် တာပေါ့ ဒီ ၂၄ ထဲမှာ တချို့ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုရင် မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်မယ်လို့တော့ မျှော်နေတယ်။ အကောင်အထည်ဖော်စေချင်တယ် ဘာလို့လည်းဆိုတော့ အကောင်အထည်မဖော်ဘူးဆို ပြည်သူကို နေ့ရှိသမျှ စိတ်ရောလူရော ဒုက္ခပေးနေတာ တိုက်ပွဲဖြစ်လို့ သေသွားလည်းကိစ္စမရှိဘူး ပြောလို့ရတယ်။

ကျနော်တို့ အလုပ်သမားထုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်မတန်စိုးရိမ်တယ် ဒေါသလည်း ထွက်တယ် ဘယ်လိုနည်းနဲ့မှ အသက်မရှူနိုင်ဖြစ်တာပေါ့ အိပ်လည်း အသက်မရှု နိုင် သွားလည်း အသက်မရှုနိုင်ဘူး လုပ်ငန်းခွင် ထဲသွားလည်း စက္ကန့်နဲ့ အမျှ ဒါကြီးက ဝင်နေတော့ အင်မတန် စိတ်ဒုက္ခရောက်တယ် နိုင်ငံတကာ က ရော အာဆီယံကရော မြန်မာပြည်သူတွေနဲ့အတူ ထုတ်ပြန်ချက်တွေ ထုတ်နေတာမဟုတ်ဘဲနဲ့ စစ်ကောင်စီကို ရလောက်သမျှ လမ်းတွေ အကုန်ပိတ်ဆို့ဖို့ တောင်းဆိုချင်တယ်။ ပြီးရင် အီးယူနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ်ကို အလုံးစုံပိတ်ဆို့ ဒဏ်ခတ်ဖို့ကို စာနဲ့မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ပါ လို့ တောင်းဆိုချင်တယ်

၂၈နှစ် ၊ လှိုင်သာယာ ၊ အမျိုးသား စက်ရုံဝန်ထမ်း

အဲ့ဒါကြီးသတင်းထုတ်ပြန်လိုက်တော့ အလုပ်သွားအလုပ်ပြန်ကအစအဆင်မပြေဘူးဖြစ်နေတာ ခုနောက်ပိုင်း အိုတီမရှိတော့ နည်းနည်းစောပြန်လို့ရတယ် အခုဆို လမ်းပေါ်  ၇ နာရီဆိုလူမရှိတော့ဘူး ဝယ်နေကျဈေးတွေ အကုန်ပိတ်ပြီး လူမရှိတော့တဲ့ အခြေအနေဖြစ်သွားတယ် ရပ်ကွက်ရုံးကလည်း ဘယ်အချိန်လာခေါ်မလဲ ဆိုတာလန့်နေရတာမျိုးတွေ ဖြစ်နေတယ်။ သူငယ်ချင်းတွေလည်း ကြောက်တော့ ကြောက်နေကြတယ် စစ်မှုထမ်း ဥပဒေက အသက်က အကျုံးဝင်တဲ့ အထဲပါတော့ ဘယ်နေ့လာ ခေါ်မလဲကြောက် နေရတယ် စက်ရုံဘက်ကတော့ ဘာမှ မပြောဘူး ရှောင်လွှဲလို့မရတော့ဘူး ဆွဲတယ်ဆိုတာတော့အသံတွေကြားတယ် ၄ လပိုင်းနောက်ပိုင်း တရားဝင် ခေါ်မယ်ကြားထားတယ်။ နောက်ပိုင်း ဘယ်လို ဖြေရှင်းရမလဲဆိုတာတော့ သူတို့ထဲတော့ဝင်ဖို့ မရှိဘူး နောက်ဆုံး မရဘူးဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဆီသွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ အကာအကွယ် မဲ့နေတယ်လို့ ခံစားရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ဒါကြီးကို ဂရုစိုက်စရာမလို့ဘူးလို့ ကြေညာထားတယ် ဆိုပေမဲ့လည်း သူတို့ ထိန်းချုပ်ထားတဲ့နေရာမှာ နေနေရတာဆိုတော့လည်း လုပ်ချင်သလို လုပ်သွားနိုင်တယ်ဆိုတဲ့ အသိကြီးကရှိနေတော့ ကြောက်တယ်။

ကုန်ဈေးနှုန်းကြီးတာရော လုပ်ခလစာနည်းပါးတာရော ဒီလတွေဆိုရင် အိုတီတွေကလည်းနည်းတော့ ၂ သိန်းလောက်ပဲရတယ် အများဆုံး ၂၅ ရတာတောင် မလောက်ငှတော့ဘူး အဲ့လိုမှာ ဥပဒေကိုထုတ်လိုက်တော့ ပိုဆိုးသွားတာပေါ့ ဘာမှလည်း မလုပ်နိုင် ဘာမှလည်းမပြောနိုင် ပိုပြီးအခက်အခဲတွေဖြစ်သွားတာပေါ့ စက်ရုံ တော်တော်များများတော့ အိုတီတွေမရှိတော့ဘူး။ အဆောင်ခတွေလည်း ဈေးတက်တယ်  ကူကယ်ရာမဲ့နေပြီးတော့ စိတ်ညစ်တာတော့ တော်တော်လွန်နေပြီ။

နိုင်ငံရေးအခြေအနေကတော့ ပြောင်းလဲသွားနိုင်မယ်လို့တော့ထင်တယ် လူငယ်တွေကတော့ တခုခုတော့ ဆုံးဖြတ်ရမှာပဲ။ သူတို့ထဲဝင်ပြီးအသေခံမလား ကိုယ့်ဘာသာကို ပြေးမလားဆိုတာ ဆုံးဖြတ်ရမှာ အပြောင်းအလဲ တခုတော့ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။

ကျနော်ဆုံးဖြတ်ထားတာတော့ သူတို့ အထဲတော့မဝင်ဘူး ထွက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထဲပဲသွားမယ် ၄ လပိုင်းလောက်ထိ စောင့်ကြည့်ပြီး သွားမယ်လို့ ဆုံးဖြတ်ထားတယ်။

တောင်းဆိုချင်တာကတော့ သူတို့က အဲ့လိုလုပ်တယ်ဆိုတာ  စစ်အင်အားနည်းပါး တာ သေဆုံးတာ တွေများလို့ အင်အားမလောက်တာတွေကြောင့်လို့ထင်တယ် တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်ဖို့ လူသားဒိုင်းအဖြစ် အရှေ့က နေခိုင်းဖို့ ကြိုးစားတယ်လို့ထင်တယ် နိုင်ငံတကာကိုတော့ ပြည်တွင်းမှာ ဖြစ်နေတာတွေကို အစဉ်မပြတ်စောင့်ကြည့်ပြီးတော့ ကူညီပေးဖို့ ပိတ်ဆို့မှုတွေကို စီးပွားရေးအရပဲဖြစ်ဖြစ် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ လောလောဆယ်ကတော့ အခက်အခဲတွေအကုန်လုံးကို ဘယ်လိုဖြေရှင်းရမလဲ ဘယ်လို အကြံပေးမယ်ဆိုတာပဲ မျှော်လင့်ပါတယ်။

အမျိုးသား စက်ရုံဝန်ထမ်း - ၃၇နှစ် ၊ အလုပ်သမား

အကျုံးဝင်လားဆိုတာတော့ ပညာအရည်းအချင်းကတော့ အကျုံးမဝင်ဘူး လို့ထင်တယ် ဒါပေမဲ့ တခြား လူငယ် တွေ ရှိတဲ့အခါ ထုတ်ပြန်ထားတဲ့အပေါ် စိုးရိမ်တာ‌ပေါ့ အလုပ်က စက်ရုံဆင်းပါတယ်။ မိသားစုဝင်တွေထဲမှာ တူတွေ တူမတွေရှိတယ် ဒီထုတ်ပြန်လိုက်တဲ့စာအရ ကျနော်က လက်ရှိ ရန်ကုန်မှာနေတော့ ၁၁ ရက်နေ့ညတွေ ဧည့်စာရင်းဝင်စစ်တယ်။ လှိုင်သာယာ နည်းပညာတက္ကသိုလ် ဘက်ရွာကို သွားစစ်ပြီး အဲ့ညက ဘာတွေ ဖြစ်တယ် တော့မသိဘူး အဲ့ရွာတွေကို ဘက်ဖိုးနဲ့ထိုးချလိုက်တယ် စားအိုးစားခွက်ပဲသယ်ခွင့်ပေးတယ် အဲ့လိုတွေတော့ ဖြစ်သွားတယ်။ မနက်ဆို ဖယ်ရီမရှိဘူး စက်ဘီး ဒါမှမဟုတ် လမ်းလျှောက်သွားရတယ် မနက်ဖက်က ပြဿနာ သိပ်မရှိဘူး ညနေဖက်ဆို ကြားနေရတယ် ကြောက်နေရတယ်။

၁၁ ရက်နေ့ညမှာ လှိုင်သာယာ အဝေးပြေးနားက တပ်ရင်း ၉ အရှေ့နားမှာ ကားရပ်ပြီး စက်ဘီးနဲ့ ပြန်တဲ့ သူတွေကို ဆွဲတင်သွားတာတွေ့တယ်လို့ ပြောသံကြားရတယ်။ ည ၇ နာရီလောက်ဆိုတော့ မှောင်နေပြီလေ အဲ့တာကို ဆွဲတင်သွားတာလို့ ကြားတယ်။ အဝေးပြေးနားမှာ ခနပဲဆွဲတာ အဲ့တာတွေကြားတော့ အရမ်းကို စိုးရိမ်ရတာပေါ့။ ရွာတွေ ဘက်မှာဆိုရင် တအိမ်တစ်ယောက်ပေးရမယ်အသံတွေကြားတယ် အလုပ်လုပ်တာက မြစိမ်းရောင် စက်မှုဇုန်ထဲမှာ ပါ။

လမ်းပေါ်မှာလည်း တစ်ယောက်မှမရှိတော့ဘူး ဆိုင်တွေအကုန်ပိတ်ပြီး အဆာင်ထဲဝင်ပြေးရတာပဲ။ အခုကတော့ မိသားစုက ရှိတော့ စိုးရိမ်ရတယ် ဘယ်ချိန်လာဆွဲမယ်မှန်းမသိရ မဖြစ်မနေ ထမ်းရမယ်ဆိုတဲ့  စာကြီး လဲထုတ်ထားတော့ သတင်းအချက်အလက်တွေတော့ နားထောင်နေရတယ် ဖြစ်လာရင် အကောင်းဆုံးကတော့ လွတ်အောင်ပြေး မရရင်နောက်ဆုံး တောထဲထွက်ပြေးရမှာပေါ့။

စိတ်ပူရတယ် လက်ရှိကြားနေရတာတွေက သူတို့ဆွဲတာက အကုန်သိမ်းကျုံးပြီးဆွဲတာ လိုအပ်တဲ့လူကို ခေါ်ထားပြီးကျန်တဲ့လူတွေကို ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ကြားနေရတယ် စိုးရိမ်ရတာပေါ့ အလုပ်သမားတွေ အနေနဲ့ကတော့ အကုန်လုံးက စစ်ကောင်စီကို သဘောမကျကြဘူးလေ အကူအညီမဲ့နေတာကြီးကို သွားတိုင်လို့ လည်းမရဘူး လုပ်ငန်းရှင်တွေနဲ့ ဘရန်းတွေလည်း တာဝန်ယူမှုခံမှုမရှိကြဘူး အလုပ်သမားအခွင့်အရေးတွေကိုလည်း မလေးစားမလိုက်နာကြဘူး သူတို့ရရေးပဲလုပ်နေကတယ် စားဝတ်နေရေး အခက်အခဲတွေလည်းကြုံတွေ့နေရတယ်။

ဒီစစ်မှုထမ်း ဥပဒေကလုံးဝ မဖြစ်သင့်ဘူး နိုင်ငံတကာနဲ့ ဖြစ်တယ်ဆိုရင် တော့ ရှိသင့်တယ် အခုက ပြည်တွင်းရေးပြဿနာ စစ်တပ်က မတရားလုပ်လို့ ပြန် တိုက်နေတာ နိုင်ချင်တယ်ဆိုရင် ရအောင်နိုင်အောင်တိုက် အေးဆေးနေတဲ့ပြည်သူတွေကို ဆွဲထည့်တာက လုံးဝမဖြစ်သင့်ဘူး လို့ အလုပ်သမားတစ်ယောက်အနေနဲ့ မြင်ပါတယ်။

နိုင်ငံရေး အပြောင်းအလဲကတော့ မျှော်လင့်တာက ရှိလာနိုင်တယ်လို့ထင်တယ် အပြည်ပြည်ဆိုင်ရာကလည်း စစ်ကောင်စီကို ဖိအားတွေပေးလာတယ် ရုန်းမထွက်နိုင်တဲ့အ‌ပေါ် ပြည်သူတွေကို ပြန်ဖိတာပေါ့ မျှော်လင့်ပေမဲ့ လွယ်လွယ်နဲ့တော့မရဘူးလို့ ထင်တယ် သူတို့ကလည်း သေတဲ့အထိ လုပ်မှာဆိုတော့ သူတို့ သေမှကို အေးမယ်။ လွယ်လွယ်နဲ့ တော့ မရလောက်ဘူး ။ အခု ကုလသမ္ဂ္ဂအဖွဲ့အစည်းတွေ တော့ မြန်မာပြည်သူ တွေကို စစ်အာဏာရှင်အောက်က လွတ်အောင် အမြန်ဆုံးကယ်တင်ပေးစေချင်တယ်။ စစ်ကောင်စီကို လုံး ဝမထောက်ခံဖို့ လူမျိုးတုန်းသတ်ဖြတ်မှုကို လုပ်နေတဲ့ အကြီးဆုံး မင်းအောင်လှိုင် ကမ္ဘာမှာသူအကြီးဆုံး အဆိုးဆုံးပဲ  ဘယ်မှမှ မရှိဘူး သူ့ကို အမြစ်ပြတ်ချေမှုန်းပေးစေချင်တယ်

အမျိုးသမီး စက်ရုံဝန်ထမ်း ၃၂နှစ် လှိုင်သာယာ

သတင်းကြားကြားချင်း ထိန်လန့်ရတယ် ပေါ်တာဆွဲတယ် လုပ်ငန်းခွင်တွေ စာရင်းလိုက်ကောက်တာတွေ ရပ်ကွက်တွေထဲ စာရင်းလိုက်ကောက်တာတွေ ကြားနေရေတော့ စိတ်ပူရတယ်။ ရွာပဲပြန်ရတော့မလို လို ရွာပြန်ရင် တော့ အဆင်ပြေပါ့မလား။ ဘယ်နေရာသွားရင် အဆင်ပြေမလဲ ဒါမျိုးတွေ စိုးရိမ်စိတ်တွေပဲ ပေါ်နေကြတာပေါ့  အကျုံးဝင်လား ဆိုတာက ၁၈ ကနေ ၂၇ ထိသတ်မှတ်ထားတော့ ဒီလိုထုတ်ပြန်ထားတယ်ဆိုပေမဲ့ ယုံရတဲ့ ဟာတွေမဟုတ်ဘူးလေ တွေ့ရင် တွေ့တဲ့သူဆွဲမှာပဲ အသုံးချမှာပဲ ဒါမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အသက်အရွယ်ကို သတ်မှတ်ထားပေမယ့် အပြညအဝယုံကြည်လို့မရဘူး ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့လည်း မခံစားရဘူးလေ သူတို့လုပ်ချင်တာလုပ်နေကြတာ။

 

မောင်တွေ ညီမတွေ တူ တူမတွေရှိတယ်၊ တကယ်လို့ ဒီလို ထုတ်ပြန်တယ်။ သကြန်အပြီးလောက်ကို ခေါ်မယ်လို့ ပြောတယ် အခုလည်း စက်ရုံတွေထဲမှာ ဝင်စစ်တာမျိုးတွေ ကျောင်းတွေဝင်စစ်တာမျိုးတွေရှိတယ် သကြန်ပြီးမှ လုပ်မယ်ဆိုလည်း သူတို့ဆွဲတာမခံဘူး ကိုတွေက စကစကို ဆန့်ကျင်တဲ့သူအများစုဖြစ်တာကြောင့်မို့လို့ အပေါင်းအသင်းလုပ်ဖောက်ကိုင်ဖက်တွေက စိတ်ကူးထားတာက တောထဲဘက်သွားမလား လက်နက်ကိုင်လုပ်ဖို့ ရည်ရွယ်ထားတာပေါ့ သူတို့ဆီတော့ လက်နက်ကိုင်ပြီးစစ်မှုမထမ်းနိုင်ဘူး ခေါ်လိမ့်မယ် သူတို့ဆီရောက်သွားရင် သူတို့ကို ဆန့်ကျင်နေတာသိတယ်လေ သူတို့က တနေရာမှာအသုံးချဖို့ ခုတုံးလုပ်တယ်လို့ ယူဆထားတာလေ။

ကိုယ်အတွက် ဘာမှလုံခြုံမှုမရှိဘူး လုပ်ငန်းခွင်မှာလဲ လုံခြုံမှုမရှိဘူး အဆောင်တွေပြန်လာ တယ် လမ်းသွား လမ်းလာ ကိုယ်နေတဲ့ အိမ် ကိုယ်နေတဲ့ ရပ်ကွက်ကျေးရွာ လုံခြုံမှုမရှိဘူး‌ ပေါ့ စကစအုပ်ချုပ်တဲ့ လက်ထက်မှာ အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်တော့ ပိုဆိုးတယ် ဘယ်နေရာမှာနေနေ မလုံခြုံတာ အလုံခြုံဆုံးနေရာကတော့ တောထဲသွားမယ် လက်နက်ကိုင်မယ် ဒါကတော့ အလုံခြုံဆုံးနေရာလို့ ပဲ ယူဆထားတယ်။

စစ်မှုထမ်း ဥပဒေက တကယ်က မဖြစ်သင့်ဘူး စကစ အာဏာသိမ်းထဲက ကုန်ဈေးနှုန်းတွေ ဆီဆေးတွေ အကုန်ထိုးတက်လာတယ်။ အဆောင်ဈေးတွေပါ ထိုးတက်လာတော့ အလုပ်သမားတွေမှာအလုပ်လုပ်ရတာ တစ်လစာနဲ့ တစ်လစာ အနိုင်နိုင်ပေါ့ ကုန်ကျငွေနဲ့ ရတာက အနိုင်နိုင်ဖြစ်နေတုန်းမှာ စကစက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တဲ့ အခါမှာကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ တချို့စက်ရုံတွေဆိုရင် သူတို့ရဲ့ အလုပ်မပျက်ရေး ခေါ်တယ်။ အလုပ်သမားတွေက အိုတီကို မဆင်းရဲကြဘူး အလုပ်ရှင်ကတော့သူ့ရဲ့  အော်ဒါရရေး အိုတီကို အောလင်း အောနိုက် ရှိတယ်။ အလုပ်သမားတွေက မဆင်းရဲကြဘူးဆိုတာက သူတို့က အချိန်အခါမရှိပြန်ရတယ် ၈ နာရီ နောက်ပိုင်း ၆ နာရီနောက်ပိုင်းမထွက်ရဘူးဆိုတဲ့နေရာမှာ ၆ နာရီ ပြန်ရင်တောင်မှပဲ  ပြန်ဖို့ အဆင်မပြေဘူးလေ။ ဒီလိုမျိုးတွေ ဖြစ်တော့ အလုပ်သမားတွေက အလုပ်ပဲ ဆက်လုပ်ရတော့မလိုလို ဘယ်မှ မသွားရဘဲ အခန်းအောင်းနေရမလိုလိုဖြစ်နေတော့သူတို့အတွက် စားဝတ်နေရေးတွေ နေရေးထိုင်ရေးတွေ အဆင်မပြေဘူးပေါ့  လုပ်ငန်းခွင်ထဲသွားဖို့ကျတော့ အခက်အခဲ တွေ ဖြစ်တယ် စိုးရိမ်စိတ်တွေဖြစ်တယ်ပေါ့ တချို့နေရာတွေကျတော့ အိုတီမရှိတော့ဘူးပေါ့နော် အိုတီခဏရပ်ထားတဲ့ စက်ရုံတွေရှိတော့ စားဝတ်‌နေရေးမလောက်ဘူးပေါ့ အိုတီကလည်း ၆ နာရီထိလောက်လုပ်မှ ထမင်းစားလို့ ရတာ။

တချို့စက်ရုံတွေ အိမ်ထောင်စုစာရင်းကောက်တာမျိုးတွေ ကျောင်းတွေထဲ ဝင်စာရင်းကောက်တာတွေ ရှိတယ် ပေါ်တာဆွဲတာတွေက ပြောစကားတွေကြားတာပဲရှိသေးတယ်။ သင်္ကြန်ကျော်ရင်တော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုပြီးတော့ ကြေညာတယ်။ တချို့ ရပ်ကွက်ကျေးရွာတွေဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တဆင့် ဆယ်အိမ်ကို တယောက် ပေးရမယ်ကြားတယ် တကယ်တမ်းခေါ်တဲ့ အခါမျိုးကျရင် နိုင်ငံက ပိုပြီးတော့ ဆူလာမယ် ပိုပြီးအခက်တွေ့ လာမယ်ပေါ့‌လေ ပြည်သူလူထု အများစုက စကစကို မကြိုက်ကြဘူး အလိုမရှိကြဘူး ဒီလိုမျိုးမှာ အမိန့်ထုတ်တော့ ပြည်သူတွေ မငြိမ်းချမ်းရဘူး ပေါ့ နိုင်ငံရေးက ပိုပြီးဆူလာမယ့် အလားလာရှိတယ် အများစုက လက်မခံကြဘူးလေ စစ်မှုထမ်းဖို့ခေါ်ရင်တော့ သေမလား စစ်မှုထမ်းမလားဆိုရင်တော့ သေဖို့ ပဲရှိတော့တယ်ပေါ့နော် သူတို့ဆီတော့ ဘယ်သူမှ အရောက်ခံမှာမဟုတ်ဘူး

လွတ်မြောက်နယ်မြေသွားဖို့ လဲ စီစဉ်ထားတာရှိတယ် ပြည်သူတွေတော်တော်များများကတော့ ပြင်ဆင် ထားပြီးသွားပြီပေါ့နော်။ အများကြီတော့ တောင်းဆိုချင်တာမရှိဘူး ကုန်အမှတ်တံဆိပ်တွေအနေနဲ့ ကိုယ်အပ် လိုက်တဲ့စက်ရုံ က အလုပ်သမားတွေကို ဘယ်လိုအခွင့်အရေးတွေပေးလဲ အခုလို နိုင်ငံရေး အပြောင်းအလဲမှာ ဘယ်လိုအကာအကွယ်တွေပေးနိုင်မလဲဆိုတာ ကြည့်စေချင်တယ် တချို့စက်ရုံတွေဆိုရင် စကစ က စစ်မှုထမ်းဖို့ ကြေညာလိုက်တဲ့အပေါ် ဘယ်လိုမျိုးထိပြောလဲဆိုရင် အလုပ်သမားတွေကို အခွင့်အရေးယူပြီး ခြိမ်းခြောက် တာမျိုးလည်းရှိလာပြီ အဲ့တာက ဘာလဲဆိုရင် မနက် ၆ ကနေ ည ၆ ထိ အပြင်မထွက်ရဘူးလို့ ပြောတယ်။ စစ်မှုထမ်းရမယ်ပြောတယ်  ဆွဲတာတွေလည်းရှိတယ် နင်တို့ အဲ့လိုဆွဲတဲ့အထဲ မပါစေချင်လို့ ရှိရင် ငါတို့ မနက် ၆ ညနေ ၆ အတွင်းသတ်မှတ်ထားတဲ့ အာဝါဒီ( အထည်စံချိန်) ကို ပြည့်အောင်လုပ်ပေး ရမယ် အယောက် ၃၀ ရှိရင် အကုန်ပြည့်အောင်ချုပ်ပေးရမယ် တယောက်က ဖောက်လို့ မပြည့်ဘူးဆိုရင် ကျန်တဲ့သူတွေပြည့်အောင်ဖြည့်ပေးမယ် အောလင်းအောနိုက်ခေါ်မယ် အချိန်အခါမရှိပြန်လို့ လမ်းမှာ ဖြစ်လာမဲ့ ပြဿနာတွေ ဆွဲလာရင် ကိုယ်ဖြစ်ကိုယ်ခံ ငါတို့ဘက်က တာဝန်မယူဘူးလို့ ထုတ်ပြောလာတာတွေ သူတို့သတ်မှတ်ထားတဲ့အထည်စံချိန်ပေးမယ်ဆိုရင် လုံခြုံမယ်ဆိုတာမျိုးတွေပြောလာတာတွေ ရှိတယ် လက်တွေ့ကြုံနေရတာတွေပါ။

အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေက ပြည်သူတွေ က စက်မှုဇုန်တွေမှာ အများဆုံး လုပ်ကိုင် နေတာပေါ့ အလုပ်သမားများစု ဒုက္ခရောက်ကြတော့မှာပေါ့ အလုပ်သမားတွေက နယ်ပြန်ရမလိုလိုဖြစ်နေတာ တကယ်တမ်းဖြစ်လာမယ်ဆိုရင် စက်ရုံတွေ ဒီတိုင်းရပ်ထားရမဲ့ ပုံစံမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အမျိုးသမီး  စက်ရုံဝန်ထမ်း  ၂၇နှစ်

အခုညီမတို့ မိသားစုတွေမှာတော့ ဖြစ်မနေဘူး တခြားလူတွေမှာတော့ ဖြစ်တောတွေ ကြားသိရတယ် စစ်မှုထမ်းဖို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အသက်ပြည့်တဲ့သူတွေခေါ်တာမဟုတ်ဘဲ ကားပေါ်တွေ ရပ်ကွက်ထဲ ဆွဲတာတွေကြားတယ် ကိုယ်တိုင်တော့ မတွေ့ ဖူးဘူး။ အများက လက်မခံနိုင်တာဖြစ်တဲ့အတွက် အကျုံး မဝင်ဘူးလို့တော့ထင်တယ်။ လောလောဆယ်‌ ခေါ်မယ်ဆိုတာကြားတယ် တကယ့်တကယ်ဖြစ်လာတော့မှ ဘာဆက် လုပ်မယ်ဆိုတာကို အကောင်အထည်ဖော်ဖြစ်မယ်ထင်တယ် လောလောဆယ် ကြားတာတော့ အိမ်မှာက စီးပွားရေးက အဆင်မပြေတော့ အတွေးကတော့ သိပ်မရှိဘူး ဖြစ်လာမှပဲ တခုခုလုပ်ရမှာပဲ။

လုပ်ငန်းခွင်မှာတော့ အေးအေးဆေးဆေးပါပဲ ၊ အိမ်မှာနေရတာတော့ တခါတခါ စိုးထိတ်မိတာပေါ့ ဘာများ ဖြစ်အုံးမလဲဆိုပြီးတော့ အလုပ်က တော့ အိမ်နဲ့ နီးတော့ ပြန်ရတာအဆင်ပြေတယ် အိုတီလည်း မခေါ်တော့ နည်းနည်း စောပြန်ရတာပေါ့။ စစ်မှုထမ်းဥပဒေ ဒါက လုံးဝမဖြစ်သင့်ဘူးလို့ ထင်တယ် အသက်ပြည့်ပြီး သွားတဲ့ လူတိုင်း ကိုယ့် စီးပွားနဲ့ ကိုယ်လုပ်ကိုင် စားသောက်ရတာ ကုန်ဈေးနှုန်းတွေက တက်တော့ အဆင်မပြေကြဘူး ဒီကြားထဲ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆို‌တော့  အဆင်မပြေဘူးထင်တယ် စာားဝတ်နေရေး ကလည်းရှိတော့၊ ညီမ ကတော့ တကယ်ဖြစ်လာရင်သူတို့ဆီတော့ မသွားဘူး တခြားအကာအကွယ်ရှိတဲ့ဘက်ကို ပဲသွားမယ်။ လောလော ဆယ်ကတော့ ပုံမှန်အလုပ်လုပ်ရတော့ စားဝတ်နေရေး အဆင်ပြေနေပါသေးတယ် ဘာမှတော့ ပြောစရာမရှိဘူး ။

      မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ(JACBA) ဦးမိုးကြိုး

မြန်မာနိုင်ငံက နေရေခြားမြေခြား ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ ပုံစံမျိုးစုံနဲ့ရောက်ရှိသွားတဲ့  အကြောင်းမျိုးစုံနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိသွားတဲ့ အခါမှာ ဒီစစ်မှုထမ်းဥပဒေက ကင်းလွတ်ခွင့်ရမှာမဟုတ်ဘူး။ အဲ့တာကြောင့် မြန်မာနိုင်ငံကို ဧည့်သွားဧည့်လာအနေနဲ့ ကျန်းမာရေးအရ မိသားစုရေးရာအရ အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံကို အလည်ပတ်ပြန်လာတဲ့အခါမှာ  ဟာငါတို့ကိုစစ်မှုထမ်းဖို့ခေါ်နေမလား ငါတို့ကိုစစ်ရုံးကနေ နေ့လာမလား ညလာမလားဆိုတဲ့ စိုးရိမ်စိတ်တွေထည့်လိုက်တာပဲ။ အခုဟာကစစ်အစိုးရက ငှက်အုပ်ထဲကိုခဲ ပစ်လိုက်တာ။ မှန်ချင်တဲ့ငှက်မှန်ဆိုပြီး  ခဲအလုံးပေါင်းများစွာနဲ့ပစ်ချလိုက်တာ။ ဆိုလိုတာက အသက် ၁၈ နဲ့ ၃၅ ကြားလူငယ်မောင်မယ်များဟာ ပြည်တွင်းမှာလည်း  မိမိလက်ကိုင်ဖုန်းကစပြီးခန္ဓာကိုယ်အစိတ်ပိုင်းတွေရှာဖွေခံရပြီး အသက်ဆုံးရှုံးတာ ထောင်ထဲရောက်တာလည်းဖြစ်နိုင်တယ်။  နောက် ပြည်ပရေခြားမြေခြားကိုအလုပ်သမားအဖြစ်နဲ့ ရောက်အောင်တွန်းပို့တယ် ဆွဲပို့တယ်။ အခုလိုဥပဒေပြဌာန်းတာတွေကို မလုပ်နိုင်ရင်လည်း ရေခြားမြေခြားသွားလုပ် ၂ရာခိုင်နှုန်းအခွန်နဲ့ ၂၅ရာခိုင်နှုန်း မိသားစုထံလွှဲပို့ပေးရမှာပဲ။ စစ်အစိုးရအတွက်အကျိုးရှိတယ်။ မဟာဗျူဟာအရရော နည်းဗျူဟာအရရော အကျိုးရှိတယ်။ ငှက်အုပ်ထဲပစ်တဲ့ ခဲလုံးပေါင်းများစွာက  ဘယ်နှစ်ယောက်ပဲမှန်မှန်  လူငယ်တွေက ပြည်တွင်းမှာနေရင်လည်း သူတို့အတွက်အကျိုးရှိတယ်။  ဖုန်းကနေလူခန္ဓာကိုယ်အထိရှာပြီး ဟိူလူနဲ့ပတ်သက်တယ် ဆက်နွယ်တယ်။ ဒီလူနဲ့ပတ်သက်တယ်ဆိုပြီး ဘာပုံတွေရှိတယ်ဘာညာဆိုပြီး ပုံစံမျိုးစုံနဲ့ငွေညှစ်လို့ရတယ်။ ဒါကတစ်ခု။ ပြည်ပကိုထွက်လို့ရောက်ရှိသွားရင်လည်း ၂ရာခိုင်နှုန်းအခွန်ရမယ်။ ၂၅ရာခိုင်နှုန်းမိသားစုထံပို့ရမယ်။ နှစ်ဖက်လုံးမှာ အကျိုးရှိတယ်။ ငှက်အုပ်ထဲကိုခဲပစ်တာလည်းဖြစ်သလို အခြားသာဓကကတော့ အိမ်ကြက်ခြင်းအိုးမဲသုတ်ပေးလိုက်တာပဲ။. မင်းတို့ဒီလောက်တိုက်ချင်တဲ့ PDF လူငယ်တွေ မြန်မာထဲမှာကိုယ့်နည်းကိုယ်ဟန်နဲ့နည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတဲ့ကလေးတွေကို မင်းတို့အချင်းချင်း တိုက်ကြ ခိုက်ကြ ဆိုပြီး အိမ်ကြက်ခြင်းအိုးမဲသုတ်ပေးလိုက်တာပဲ။

အခုစစ်မှုထမ်း ဥပဒေက လူငယ်မောင်မယ်အနေနဲ့ ငါးသောင်း ကိုတစ်နှစ်ချင်းစီခေါ်မယ်။မြန်မာနိုင်ငံမှာ လူငယ်မောင်မယ် အနည်းဆုံး ၁၃သန်း ရှိတယ်လို့  စကစကပြောထားတယ်။ အဲ့ဒီခေါ်လိုက်တဲ့လူတွေအကုန်လုံးကို စစ်ပညာသင်ပေးမယ် စစ်လက်နက်တပ်ဆင်ပေးမယ်ထင်လို့လား။ များသောအားဖြင့်တော့  သူတို့စစ်ကြောင်းရဲ့ ရှေ့ကနေ လူသားဒိုင်း အဖြစ်နဲ့သေခိုင်းမှာပါ။ စစ်ပြိုင်ကြတဲ့ကာလမှာ အခြားတစ်ဖက်က PDF လူငယ်တွေ အခြားတစ်ဖက်က ရန်သူစကစရဲ့ လူသားဒိုင်းလူငယ်တွေကို စကစက အိမ်ကြက်ခြင်းအိုးမဲသုတ်တဲ့ လမ်းစဉ်ကို စကစကသုံးမှာပါ။ ဒါကြောင့် အသက်၁၈နဲ့၃၅အတွင်းလူငယ်တွေဟာ  မြန်မာနိုင်ငံထဲမှာ နေလည်းနေတဲ့အလျောက် ငွေညှစ်အနိုင်ကျင့်လို့ရသလို အိမ်တွေပိုင်ဆိုင်မှုတွေသိမ်းလို့ရတယ်။ ပြည်ပကိုရောက်သွားရင်လည်း ၂ရာခိုင်နှုန်း အခွန်ကောက်လို့ရတဲ့ အတွက်  စကစအတွက်ကအသာကြီး။ သူတို့မှာငွေရှိတယ် လက်နက်ရှိတယ် အာဏာရှိတယ် ရက်စက်ပြင်းထန်မှုရှိတာဖြစ်တဲ့အတွက် အဲ့ဒီအရှိတရားလေးမျိုးရှိထားတဲ့အတွက်ကြောင့် သူတို့အသာစီးအပေါ်စီး အနိုင်ကျင့်ချင်တိုင်းကျင့် လို့ရအောင် အဲ့ဒီအနေအထားကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်လို့  ပြည်တွင်းက လူငယ်တွေ ရောပြည်ပက လူငယ်တွေရော  မစားသာဘူးမချောင်ပါဘူး  ကြပ်တည်းကျဉ်းမြောင်းပါတယ်။

ဟိုတယ် ဝန်ထမ်း၊ အမျိုးသား

သတင်းစကြားတုန်းက သိပ်ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အလုပ်က နှစ်ယောက်ပါသွားတော့ စလန့်တယ်။ ပိုက်ဆံနဲ့တော့ပြန်ရွေးလိုက်ရတယ်။ တစ်ယောက် လေးသိန်းပေးရတယ်ပြောတယ်။ အလုပ်က အပြန်ဖြစ်တာဆိုတော့ ရုံးကတာဝန်ယူတယ်။‌ ပြော မယ်ဆိုအဲဒီအချိန်မှာ‌တော့ စပြီးလန့်သွားတယ်။ ကိုယ်ကဒီမှာနေနေတာ ဆိုတော့ဒီဥပဒေကို မကြိုက်လည်း ငြင်းဆန်မရဖြစ်နေတာပေါ့။ အခုဆိုအလုပ်က နောက်ကျတယ်ဆိုမပြန်တော့ဘူ။ အလုပ်လုပ်တဲ့ ဟိုတယ်မှာပဲအိပ်လိုက်တယ်။ ဒါပေမယ့် အိပ်လို့မရတဲ့ သူတွေကျစိတ်ပူရတာပေါ့။

အရင်ကဆို ညဘက်တွေ ဆိုင်ထိုင်ဖြစ်တယ်။ အခုဆိုအာ‌ဏာသိမ်းပြီး ကတည်းက ရပ်ကွက်ထဲစုသောက်ရင်တောင် အိမ်ကလိုက်အော်တယ်။ ပြောမယ်ဆို လွတ်လပ်မှုဆိုတာ မရှိတော့သလိုပဲ။ ကိုယ်တိုင်က လူလွတ်ဆိုတော့ စားဝတ်နေရေးတော့ သိပ်မပူရသေးပေမယ့် အရင်လိုမသုံးနိုင်တော့ဘူး။ အရင်ကလဝက်လောက်ခံတဲ့ အသုံးစရိတ်က အခုမလောက်လို့ ပိုက်ဆံချေးရတာတော့ ရှိလာတယ်။ အခုချိန်မှာလူတိုင်းက စိတ်တွေအဆင်မပြေကြဘူး။ ဒီဥပဒေ‌ကြောင့်လည်း အိမ်ကအမေဆို ညညအိပ်မပျော်ဘူးပြောတယ်။ အလုပ်နားရက်ကို သူမျက်စိအောက်က ပျောက်တာနဲ့ဖုန်းဆက်တယ်။ အရင်ကအလုပ်သွားတယ်ဆို ကိုယ့်ရှိတယ်တောင်မမှတ်ဘူး။ အခုကျအားတိုင်းဖုန်းဆက်နေတယ်။ ပြောမယ်ဆို မိဘတွေလည်းစိတ်ပူရတယ်။ ကျွန်တော်တို့လည်း မဖြစ်မ‌နေတကယ်ရွေးချယ်ရမယ်ဆိုရင် တောင် အချိတ်အဆက် ရှာပြီးပဲ လက်နက်ကိုင်မယ်။ စစ်ထဲဝင်ဖြစ်မှာတော့မဟုတ်ဘူး။

အလုပ်သမားရေးရာ အဖွဲ့အစည်း တာဝန်ရှိသူပြောကြားချက်

အခုလက်ရှိ စစ်မှုထမ်းဥပဒေအတည်ပြုလိုက်တာရယ် နောက်ဆက်တွဲပေါ်တာဆွဲကိစ္စရပ်တွေကြောင့် အလုပ်သမားထုကြားမှာ စိုးရိမ်မှုတွေမြင့်တက်လျက်ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေအနေနဲ့ အရမ်းအခက်အခဲဖြစ်လာတယ်။ စားဝတ်နေရေးအတွက် လုပ်ခလစာက မစားလောက်လို့ အချိန်ပိုဆင်းမှ အဆင်ပြေကြပေမဲ့ အခုပြဿနာတွေကြောင့် အချိန်ပိုလည်း အလုပ်ရဲကြတော့ဘူး။ အလုပ်ရှင်တွေကလည်း အချိန်ပိုမဆင်းချင်ရင် ပြဿနာရှာတာတွေရှိလာနေတယ်။ လုပ်ငန်းခွင်မတည်ငြိမ်မှုတွေနဲ့ ပြဿနာတွေ အများကြီး ရင်ဆိုင်လာရနိုင်ဖွယ်ရှိပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်တဲ့အပေါ် ပြည်ပထွက်ခွာမှုတွေလည်းမြင့်တက်လာပါတယ်။ အားလုံးကတော့ စကစ လက်အောက်မှာ စစ်မှုမထမ်းလိုကြဘူးပေါ့နော် အဲဒါကြောင့် ပြည်ပကိုရရာနည်းလမ်းတွေနဲ့ ထွက်ခွာဖို့လုပ်လာကြပါပြီ။ အဲဒီမှာ အေဂျင်စီအတုတွေ၊ ပွဲစားတွေက အောက်လမ်းကပို့ပေးမယ်ဆိုပြီး ငွေ​ကြေး လိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေဟာ အဆမတန် မြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။

အခုချိန်မှာ အလုပ်သမားထု တွေ အခြေခံပြည်သူတွေကြား စိုးရိမ်မှုတွေမြင့်တက်နေပြီးတော့ စစ်မှုတော့ မထမ်းနိုင်ဘူး၊ ပြည်ပကိုပဲ ရသလိုထွက်ကြမယ် မရရင်လည်း တိုင်းရင်းသားဒေသတွေဘက်ကို ဆက်သွယ် ချိတ်ဆက်ပြီးသွားကြမယ်လို့ ပြောသံတွေကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အလုပ်သမားထုကို အခြေအနေကို သေသေချာချာ စောင့်ကြည့်ကြဖို့၊ ကောလာဟလ သတင်းတွေကို မယုံကြဖို့၊ ပြင်ဆင် စရာရှိတာပြင်ဆင်ထားကြဖို့၊ သတိနဲ့နေကြဖို့၊ ပွဲစားတွေ အေဂျင်စီတွေရဲ့ လူကုန်ကူးမှုတွေ လိမ်လည်မှုတွေ မခံရအောင်လည်း သတိထား ဖို့လိုပါတယ်။

လက်ရှိ စားဝတ်နေရေး အရ အကျပ်အတည်းတွေဖြစ်ပေါ်နေကြတဲ့အချိန် ဒီလို စစ်မှုထမ်းရမဲ့ကိစ္စက မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အများပြည်သူကလည်း လက်မခံတဲ့အချိန်မှာ အခုလိုအတင်းအဓမ္မဥပဒေ ပြဌာန်းပြီး ခေါ်တာကလည်း မဖြစ်သင့်ပါဘူး။ အခုလို လုပ်ခြင်းကြောင့် လုပ်ငန်းခွင်မတည်ငြိမ် မှုတွေဖြစ်ပေါ်လာမှာဖြစ်ပြီး ကုန်ထုတ်စွမ်းအားလည်း အများကြီးထိခိုက်နိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ထိခိုက်လာမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုတွေ အများကြီးနဲ့ရင်ဆိုင်လာရပြီး တိုင်းပြည်က ပိုကြပ်တည်းလာနိုင်ပါတယ်။

အခုနိုင်ငံမှာက တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ရမှာကို ဘယ်သူမှမလုပ်ချင်ကြပါဘူး။ ဒါကြောင့်မို့ ဒီကိစ္စက အားလုံးသတိနဲ့ ဆင်ခြင်လုပ်ဆောင်ကြဖို့လိုပါတယ်။

Download PDF


Related posts

Cover
နေ့စားအလုပ်သမားတွေထံက လုပ်အားခ ခေါင်းပုံဖြတ်နေ
May 09, 2024
Cover
Max Technology နားကြပ်စက်ရုံမှ အလုပ်သမားများပေးစာ
May 09, 2024
Cover
PEPSI ကုမ္ပဏီကို ထပ်တိုးတရားစွဲရန်အမိန့်ချမှု ၉ရက်နေ့ပြန်လည်ချိန်းဆိုထား
May 08, 2024
Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း
May 07, 2024
Cover
မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ
May 07, 2024
Cover
Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ
May 06, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး
May 06, 2024