NEWS

စက်လိုင်းတွင်း အလုပ်သမားအင်အား ထက်ဝက်လျော့နည်းသွားသော်လည်း အထည်စံချိန်ကို ယခင်ကထက် ပိုမိုတောင်းခံပြီး ဖိအားပေးမှုများလုပ်နေ

CoverLogo
623 Views

SHUANGXI MYANMAR GARMENI CO .Ltd ရဲ့ စက်လိုင်းတစ်လိုင်းမှာ အလုပ်လုပ်ကိုင်သူ အရေအတွက်ဟာ အရင်ကထက် ထက်ဝက်လျော့နည်းသွားပေမယ့် အထည်စံချိန်ကို အရင်ကထက် ပိုမိုတောင်းခံနေပြီး ဖိအားပေး တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) ရှိ မက္ခရာမင်းသားကြီး မောင်ပျိုလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

စက်ရုံကို လုပ်သားအင်အား (၄၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ် နေပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာ မရှိပါဘူး။ 

SPLENDID SATISFACTION ၊ HanTen  စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေပြီး ချိုး‌ဖောက်မှုတွေ လုပ်ဆောင်နေတာဖြစ်သလို အလုပ်သမားရုံးကလည်း ဟန်ပြသာသာ စစ်ဆေးတာတွေကိုပဲ လာရောက်လုပ်ဆောင်နေတာ လို့ အလုပ်သမားတွေကပြောပါတယ်။

“အရင်ကဆို စက်လိုင်းတန်းတစ်လိုင်းမှာ လူ(၄၀) ကျော်ရှိတုန်းက တစ်နာရီကို လိုင်းပေါက်အထည်က (၂၀) လောက်ပဲ ပေးရပါတယ်။ အခု လိုင်းတစ်လိုင်းကို လူ(၂၀) လောက်ရှိမှ တစ်နာရီကို အထည်(၃၀) ကျော် တောင်းနေ တယ်။ လူအင်အားက အရမ်းကွာနေတော့ သူတို့တောင်းတဲ့ အထည်စံချိန်မပေးနိုင်တာကို အလုပ်သမားတွေကို‌အောစူပါက အော်ဟစ်ပြီးဆူပါတယ်။ ဖိအားလည်း ပေးပါတယ်” လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၈၀၀၀) ကျပ်၊ ရက်မှန်ကြေး (၄၀၀၀၀) ကျပ်နဲ့ ကျွမ်းကျင်ကြေးပါ ခံစားခွင့် ပြုထားတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့် မပေးတာကြောင့် အလုပ်တစ်ရက် ပျက်ရင် ခံစားခွင့်ပြုထားသမျှကို အချိုးကျ ဖြတ်တောက်နေပြီး အလုပ်သမားတွေမှာ နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။

“အခုလည်း (၂၈) ရက်ကနေ (၁) ရက်အထိ နှစ်သစ်ကူးပိတ်ရက် စာထုတ်ထားပေမယ့် (၂၉) ရက်မှ စက်ရုံက ပိတ် တယ်။ ရက်စားပြန်ဆင်းဖို့ကို အလုပ်သမားတွေက နောက်အပတ် (၁၁) ရက်မှာ ဆင်းပေးမယ်ဆိုတာကို အလုပ်ရှင် က လက်မခံပါဘူး။ သူတို့ဆင်းခိုင်းတဲ့ရက်ပဲ ဆင်းဖို့ပြောပါတယ်။ အခုစက်ရုံမှာ အရင်သမဂ္ဂခေါင်းဆောင် ဥက္ကဌက  စူပါဖြစ်သွားတော့ အချိန်ပိုအိုတီဆင်းဖို့ကို သူလိုင်းကစပြီး ဆင်းပါမယ်ပြောလို့ အလုပ်သမားတွေက ဆင်းပေးရ ပါတယ်။ အထည်အရေးကြီးလို့ဆိုပြီး အချိန်ပိုတွေကို  ည(၇)နာရီခွဲအထိခေါ်တာ အလုပ်သမားရုံးက လာစစ်လို့ မိတာလည်း ခဏခဏပါပဲ။ ဒါပေမယ့် အလုပ်ရှင်ဘက်က ပိုက်ဆံ‌‌ပေးလိုက်ရင် ပြန်သွားပါတယ်”လို့ သူက ပြောပါ တယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့်ပြုရေး၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကို သာ တောင်းခံရေး၊ အထည်စံချိန် တောင်းရာတွင် အော်ဟစ်တာ၊ ဖိအားပေးတာ မလုပ်ရေးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ လုပ်ငန်းခွင်ထဲ လာရောက်စစ်ဆေးပြီး ထိထိရောက်ရောက် ‌ဆောင်ရွက် ပေးရေးကို လိုလားနေတာ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026