ARTICLE

ခေတ်သစ်ကျွန်စနစ်၏ သားကောင်များ

CoverLogo
487 Views

နေ့စဉ်နဲ့အမျှ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းက မလှလှ (အမည်လွှဲ) ရဲ့ ဝင်ငွေကို လှောင်ရယ်နေသလို ဖြစ်နေပါတယ်။ တစ်နေ့ လုပ်အားခ ဝင်ငွေ ကျပ် ၄၈၀၀ သာ  ရရှိတဲ့ သူ့ရဲ့ ဝင်ငွေနဲ့ ဆန်၊ ဆီ စားစာရာနဲ့ နေစရာ အခန်းခလစာတွေ အတွက် အလျဉ်မီအောင် ကျားကန်နေရတာပါ။

မလှလှတို့ မိသားစုမှာ သူအပါအဝင် မိသားစုဝင်လေးယောက်ရှိပေမယ့် လစာဝင်ငွေ ရှာဖွေနိုင်သူက နှစ်ယောက် သာ ရှိပါတယ်။ သူ့နဲ့ သူဖခင် နှစ်ယောက်ပါင်း လစာဟာ ကုန်စျေးနှုန်းတွေကြောင့် မိသားစု လေးယောက်အတွက် လောက်ငှနိုင်ဖို့ တကယ် ခက်ခဲပါတယ် ။ 

“အရင်ကတော့ အဖေရတာလေးနဲ့ တစ်အိမ်လုံး စားလို့ရတယ်။ နောက် ကိုဗစ်ကာလကစပြီး အဖေလည်း အလုပ်က ရလိုက်၊ မရလိုက် ဖြစ်လာတော့ အစ်မလည်း စက်ရုံ အလုပ်ဝင်လိုက်တာပါ”လို့ အထည်ချုပ်စက်ရုံ ဝင်ရောက် လုပ်ကိုင်ဖြစ်ပုံကို မလှလှက ပြောပါတယ်။

မိသားစုလေးယောက်မှာ ငွေရှာနိုင်သူ နှစ်ယောက်ရှိနေပေမယ့် သူတို့ရဲ့ထမင်းစားပွဲမှာ အသားဟင်းပါဝင် တဲ့ ရက်တွေ နည်းလာပြီး မိခင်ဖြစ်သူရဲ့ ညည်းတွားသံကို နေ့စဉ်ကြားနေရတယ်လို့ ပြောပါတယ်။

“စက်ရုံကတော့ လစာတိုးပေးမယ်ပြောတယ်။ ကြားတာတော့ (၅၂၀၀) ပေးမယ်တဲ့။ လစာတော့ ပိုထွက်လာမှာ ပေါ့။ ဒါပေမယ့် အမေကတော့ တစ်ရက် လေးရာလောက်တိုးတာ ဘာထူးလို့လဲလို့ ပြောတယ်။ အခုတိုးတဲ့လစာက တကယ်လည်း ဘာမှကိုမထူးတာပါ”လို့ သူက ပြောပါတယ်။

စက်ရုံတွေမှာ လစာတွေ တိုးပေးမဲ့ သတင်းတွေက အရင်အချိန်တွေက ပျော်စရာတွေ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ တော့ မထူးခြားတဲ့အခြေအနေပဲ ဖြစ်ပါတယ်။

စားအုန်းဆီ တစ်ပိဿာ ၈၀၀၀ ကျော်နဲ့ ဆန်ကြမ်း တစ်ပြည်ကို ၃၅၀၀ နဲ့ ၄၀၀၀ ကျပ် ကြား ပေးဝယ်နေရတဲ့ခေတ်မှာ တစ်ရက်လုပ်အားခ ငါးထောင် ကျော်လောက်ဟာ ခေတ်ကာလနဲ့ ကိုက်ညီမှု မရှိတာပါ။ 

စက်ရုံတွေမှာ လုပ်ခလစာတွေ တိုးပေးမယ်ဆိုတဲ့ သတင်း  ကြားနေရပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထွက်ပေါ်တာမျိုး မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေက အနည်းဆုံး လုပ်ခလစာ ပြောင်းလဲပေးရမယ့် ပမာဏ နှုန်းထား များမှာကို ကြိုတင်ကာကွယ်တာမျိုး ဖြစ်တယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတွေက သုံးသပ် ပါတယ်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို  ၂၀၁၃ ခုနှစ်၊ မတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်း အလုပ်သမားတွေ အတွက် အနည်းဆုံး လစာနှုန်းထားကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ ရက်မှာ သတ်မှတ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီကို ကျပ် ၄၅ဝ နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ သတ်မှတ်ခဲ့တာပါ။ 

ဒီလို သတ်မှတ်ရာမှာ  အလုပ်သမား (၁၅)ယောက်ထက်နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေ မသတ်မှတ်ဘဲ မြင့်တက်လာမဲ့ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ နှစ် နှစ် တစ်ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ကိုလည်း ဥပဒေမှာ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါတယ်။ 

ဒါ့ကြောင့် ၂၀၁၈ ခုနှစ်မှာ တော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး အလုပ်ချိန် ၈ နာရီ တစ်ရက် လုပ်အားခကို ကျပ် ၄၈၀၀ အထိ တိုးမြှင့်ခဲ့ပါတယ်။

၅ နှစ်ကြာပြီးနောက်မှာတော့ လက်ရှိ အထည်ချုပ် စက်ရုံတွေ ဘက်က တရက်လုပ်ခလစာကို  ကျပ် ၈၀၀ လောက် တိုးပေးတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။

“အများဆုံး တိုးပေးတာက ၅၆၀၀ ထိ ကြားပါတယ်။ ဒါပေမဲ့ တစ်ရက်ကို  ၈၀၀ လောက်ပဲ တိုးတယ်ဆိုတာက ဒီနေ့ ကုန်ဈေးနှုန်းနဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ပြောရရင် လုပ်ငန်းရှင်တွေက ကြိုကာတဲ့အနေနဲ့ အတိုးပြတဲ့ သဘော ဖြစ်နေတယ်”လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

အနည်းဆုံး အခကြေးငွေနှုန်းထား ပြန်လည်ပြင်ဆင် သတ်မှတ်ရမဲ့ အချိန်ကာလဟာ ကျော်လွန်နေပေမယ့် အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီအခြေအနေကို လုပ်ငန်းရှင် တွေဘက်က အခွင့်ကောင်းယူပြီး ကျပ်ငွေ ရာဂဏန်းသာ တိုးပေးဖို့ကြိုးစားတာပါ။ 

အနည်းဆုံး လုပ်ခလစာနှုန်းထားကို ပြန်လည်ပြင်ဆင်ရာမှာ ခေတ်နဲ့လျော်ညီတဲ့ နှုန်းထားတစ်ခု ဖြစ်ဖို့ ပြင်ဆင် ရမှာ ဖြစ်ပေမယ့် လက်ရှိ လုပ်ငန်းရှင်တွေ သဘောတစ်ခုတည်းနဲ့ ပြောင်းလဲတဲ့ အခြေအနေ ဖြစ်ပေါ်နေတာပါ ။ 

ပြီးခဲ့တဲ့ ကာလတွေမှာ အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ဖို့ ဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက နယ်မြေအလိုက် ကွင်းဆင်းပြီး လူတစ်ယောက်အတွက် နေ့စဉ်ကုန်ကျ စရိတ်ကို စစ်တမ်းကောက်ယူသလို အလုပ်သမား အဖွဲ့အစည်းတွေကလည်း စစ်တမ်းကောက်ယူတာတွေ ပြုလုပ်ခဲ့ ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြဋ္ဌာန်းပြီး အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေဟာ ပျောက်ဆုံးနေပြီး  အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးဟာလည်း ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

 ဒီအခြေအနေဟာ အမှန်တကယ် ကုန်ကျ စရိတ်နှုန်းထားကို စစ်တမ်းကောက်ယူနိုင်ဖို့ အဟန့်အတား ဖြစ် ပါတယ်။

“အရင်ကဆို ဒီအချိန်မှာ စစ်တမ်းတွေ ထွက်နေပြီ။ အခုကတော့ ဘာမှမလုပ်နိုင်ဘူး။ ပြောရရင်တော့ အလုပ်ရှင် အကြိုက်ပေါ့ဗျာ။ တကယ်ဆို ခေတ်နဲ့ညီတဲ့ နှုန်းထားတိုးပေးရမှာ သူတို့လည်း သိနေတာပဲ။ အခုချိန်မှာ ၈၀၀ လောက်ပဲ တိုးတယ်ဆိုတာက ရုပ်ဆိုးလွန်းတယ်”လို့ မြေပြင်စစ်တမ်းတွေ ကောက်ယူရာမှာ ပါဝင်ခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။

ကမ္ဘာကျော် Adidas အမှတ်တံဆိပ်ကို ချုပ်လုပ်တဲ့ Myanmar Pou Chen (မြန်မာပေါင်ချိန်) စက်ရုံက တစ်ရက် လုပ်အားခကို ၄၃၃ ကျပ်ကို တိုးမြှင့်ပေးလိုက်တယ်လို့ စက်ရုံရဲ့ ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာကနေ ဇွန်လ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ထားပါသေးတယ်။  

မြန်မာပေါင်ချိန် စက်ရုံက တိုးပေးတဲ့ တစ်ရက်လုပ်ခ ပမာဏကို အလုပ်သမားတစ်ဦးက အခုလို သုံးသပ် ပြောဆိုပါတယ်။ 

“ကော်ဖီမစ် တစ်ထုပ်ကိုတောင် (၂၅၀) ပေးရတာလေ။ သူတို့ပြောသလို (၄၀၀) ကျော် တိုးပေးတာနဲ့ စားဝတ် နေရေးက အဆင်ပြေတာမှ မဟုတ်တာ။ လကမကုန်သေးဘူး။ အကြွေးက ထပ်ယူရတယ်။ လစာထုတ်တော့ ပြန်ဆပ်။ ပြန်ချေးနဲ့ ကျွန်တော်တို့ဘဝတွေပဲ နစ်လာတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စားဝတ်နေရေး မလုံလောက်တာကြောင့်  အတိုးနှုန်းကြီးကြီးတွေနဲ့ ငွေချေးရတာ၊ လကုန်ပေးစနစ်နဲ့ စားသောက် ကုန်တွေ အကြွေးယူရတာတွေဟာ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်း မမျှတဲ့ အခြေအနေကို တွေ့ကြုံနေရတာ ဖြစ်ပါတယ်။ 

ပေးလိုက်ရတဲ့ လုပ်အားနဲ့ ပြန်ရတဲ့လုပ်အားခ မမျှတတဲ့အခြေအနေဟာလည်း လုပ်အားခ ခေါင်းပုံ ဖြတ်ခံရတာ ဖြစ်ပြီး ပြည်တွင်း ခေတ်သစ်ကျွန်စနစ်ကို ဖော်ဆောင်သလို ဖြစ်ပါတယ်။

အနည်းဆုံး လုပ်ခလစာကို ကျပ် ၈၀၀ ဝန်းကျင် တိုးပေးရုံနဲ့ စားဝတ်နေရေး ပြေလည်မှု ရှိ၊ မရှိကတော့ စစ်တမ်း တွေ မကောက်လည်း သိရှိနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ 

လုပ်ငန်းရှင်တွေအနေနဲ့ အမှန်တကယ် ကုန်ကျနေတဲ့ လူနေမှု စရိတ်တွေကို သိရှိနေပေမယ့် ခေတ်အခြေအနေကို အခွင့်ကောင်းယူနေတာကတော့ “ခေတ်သစ် ကျွန်စနစ်”ကို ဖော်ဆောင်နေတာလို့ပဲ သုံးသပ်လိုက်ရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023