NEWS

ခန္ဓာကိုယ်အနှံ့ကိုင်တွယ် အစစ်အဆေးခံနေရပြီး လုပ်ငန်းခွင်ချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့အလုပ်သမားတွေပြော

CoverLogo
605 Views

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း မှာဖွင့်လှစ်ထားတဲ့ Tianjin Fashion Milestone Garment အထည်ချုပ်စက်ရုံမှာ အလုပ်တက်ချိန်နဲ့အလုပ်ဆင်းချိန်တွေမှာ ခန္ဓာကိုယ်အနှံ့ကိုင်တွယ် အစစ်အဆေးခံနေရပြီး အကျဉ်းသားတွေလို စစ်ဆေးခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်တက်ချိန်မှာ လုံခြုံရေးလုပ်သားတွေက အလုပ်သမားတွေကို ခေါင်းကနေ ခြေအထိ ကိုင်တွယ်စစ်ဆေးတာ တွေကို အလုပ်တက်ချိန်မှာရော အလုပ်ပြန်ချိန်တွေမှာပါ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

"ကိုယ့်ကိုယ်ကိုယ် အလုပ်သမားလား အကျဉ်းသားလား မသဲကွဲဘူး"လို့ အမျိုးသမီးအလုပ်သမားတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမား ၁၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေပြီး VERO MOODA၊  LCWAIKIKI  CLASSIC ၊ LCW VISION အမှတ်တံဆိပ် ဂျာကင်၊ ကုတ် အင်္ကျီတွေချုပ်တာလို့သိရပါတယ်။

လုပ်ငန်းခွင်မှာအလုပ်သမားအရေးအငြင်းပွားမှုတွေ ဖြေရှင်းဖို့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကို စစ်အာဏာသိမ်းပြီးချိန်ကစကာ ပြုလုပ်နေတာဖြစ်ပြီး တိုင်ကြားမှုတွေပြုလုပ်ပေမဲ့ ပြုပြင်ပြောင်းလဲတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"စက်ရုံထဲမှာ နည်းနည်းလောက်ပြောရဲဆိုရဲရှိတဲ့လူဆိုရင် အပြစ်ရှာဖို့ စောင့်ကြည့်ခံရတယ်အလုပ်ထုတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲတွင် အလုပ်ခန့်ထားခြင်းဆိုင်ရာ နှစ်ဦးသဘောတူစာချုပ်ချုပ်ထားပေမဲ့ စာချုပ်ပါအတိုင်းလိုက်နာမှုမရှိဘဲ အလုပ်ရှင်က  တဖက်သက် စည်းကမ်းချက်တွေ ထုတ်ပြီး လိုက်နာရန် ဖိအားပေးမှုတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။

" အီးစီစာချုပ် ချုပ်ထားပေမဲ့ အလုပ်ရှင်ဘက်က တဖက်သက် ထုတ်ထားတဲ့ စာချုပ်တွေကိုပဲ လိုက်နာခိုင်းတယ် မလိုက်နာရင် ဝမ်တိမ်ထိုးရမယ်ဆိုပြီး အတင်းတကျပ် အမိန့်ပေးတယ် အလုပ်သမားတွေကသဘောမတူကြဘူး၊ထုတ်သမျှ စည်းကမ်းတိုင်းကိုလည်း အလုပ်သမားတွေက မသိရဘူး အပြစ်ပေးချင်တော့မှ ထုတ်သုံးတာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်တက်ချိန် နံနက် ၇ နာရီ ၃၀ ကနေ ည ၇ နာရီ ၃၀ ထိ ကို တနင်္လာနေ့ကနေ စနေနေ့အထိ ၁၂ နာရီ လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။ထမင်းစားနားချိန်ကိုတော့ နေ့လည် ပိုင်းမှာ မိနစ် ၃၀ သာအနားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချုပ်လုပ်ရတဲ့အထည်စံချိန်ကို အလွန်အကျွံတောင်းခံတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

"စက်လိုင်းတလိုင်းကို အလုပ်သမား ၅၅ ယောက်ရှိရင် တနာရီကို ကုတ်အင်္ကျီ အထည် ၅၀ ပေးရတယ်ဝယ်လွန်သားတွေဆိုရင် အထည် ၆၀ထိ ပေးရတယ် အဲလိုတဖက်သတ် တောင်းခံတဲ့စံချိန်မပြည့်ရင် စက်လိုင်းမန်နေဂျာဒေါ်မြမြထွေးက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပါတယ်၊ သူတို့တောင်းတဲ့စံချိန်က အလုပ်ချိန်အတွင်းမှာ အပေါ့သွားလို့ တောင်မရပါဘူး။အသည်းအသန်ချုပ်ရတာပါ။အဲ့လိုချုပ်ပေးတာတောင် စူပါတွေက ဆဲဖို့ပဲသိတယ် ဖိအားပေး စိတ်ဒုက္ခပေးပြီး ခိုင်းနေတာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

တပတ်တာလုံး ၆ ရက်ဆက်တိုက် အလုပ်လုပ်ရတဲ့အပြင် ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ပါ နားဖို့မပေးဘဲ အိုတီဆင်းရလို့ တစ်လလုံးနားရက်မရှိ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

"အလုပ်က နားရက်မရဘူး အလုပ်လုပ်နေရင်း ကျန်းမာရေးမကောင်းလို့ ပြန်ချင်ရင်တောင် ဂိတ်ပက် မပေးလို့ နေမကောင်းလဲ အလုပ်ဆက်လုပ်နေရတယ်"လို့ ပြောပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရလို့ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

ဖြေရှင်းပေးစေလိုတဲ့တောင်းဆိုချက်တွေအနေနဲ့ 

၁။ အလုပ်ရှင်ဘက်က အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အောစူပါ၊ စူပါများမှ အလုပ်သမားများကို စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းဖြင့် စံချိန်များမတောင်းခံရန်။
၃။ အလုပ်ရှင်ဘက်မှအလုပ်သမားများကို အငြိုးအတေးထားပြီး အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ တစ်ဖက်သတ်စည်းကမ်းချက်များ ထုတ်ပြန်ပြီး အလုပ်သမားများကို အရေးယူခြင်း မပြုလုပ်ရန်။
၅။ အလုပ်သမားများ အလုပ်ပြန်လွှတ်ချိန်တွင် အလုပ်ရှင်ဘက်မှ ဖယ်ရီကားများကို မစောင့်ရအောင်စီစဥ်ပေး ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ စက်ရုံထဲဝင်လျင် လုံခြုံရေးများမှ နေရာမျိုးစုံကိုင်ပြီး စစ်ဆေးခြင်း များကို မပြုလုပ်ရန် စတဲ့အချက်တွေ တောင်းဆိုထားတယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026