NEWS

တရုတ်နိုင်ငံသားတွေ တိုက်ရိုက်အုပ်ချုပ်နေပြီး ည ၁၂ နာရီအထိ အိုတီဆင်းနေရတဲ့ Sunrise (Myanmar) စက်ရုံအလုပ်သမားတွေ အခက်တွေ့နေ

CoverLogo
1.6K Views

လုပ်ငန်းခွင်ထဲမှာ တိုက်ရိုက်အုပ်ချုပ်ခွင့်မရှိတဲ့ တရုတ်နိုင်ငံသားတွေက အလုပ်သမားတွေကို ကြီးကြပ်နေသလို ည ၁၂ နာရီအထိ အချိန်ပို(အိုတီ) ဆင်းနေရပြီး ညအိပ်စရာစီစဉ်မပေးထားလို့ ဖြစ်သလိုအိပ်ရပြီး အခက်အခဲတွေကြုံတွေ့နေရတယ်လို့ Sunrise (Myanmar) အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ည ၁၂ နာရီအထိ အချိန်ပိုဆင်းရတဲ့ရက်တွေမှာ အလုပ်သမားတွေအတွက် ညအိပ်စရာ စီစဉ်ပေးမထားတဲ့အပြင် နောက်တနေ့မှာ ပုံမှန်အလုပ်ဆင်းပေးနေရတဲ့အခြေအနေကြောင့် အိပ်ရေးမဝတဲ့ အခြေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေကြုံတွေ့နေရတယ်လို့ အဆိုပါ အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

Closshi,wmb,French Linen Mix,Topvalu စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီးတော့ တရုတ်နိုင်ငံသားပိုင် ဖြစ်တဲ့ Sunrise Myanmar Fashion Garment Factory အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေတာလို့သိရပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့အဆိုပါ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာရရှိရမဲ့ ဥပဒေပါခွင့်ရက်တွေမရရှိတာအပြင် ခွင့် ၁ ရက်ယူပါက ဂရိတ်(အဆင့်သတ်မှတ်ချက်) လျှော့ချခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အိုတီမဖြစ်မနေဆင်းရတာရှိပြီး  အိုတီ ဆင်းရန် ငြင်းဆန်ပါကလည်း အဆင့်လျှော့ချကာ ဝန်တိမ်( သတိပေးလက်မှတ်) ထိုးခိုင်းတာရှိပြီး ကျန်နေ့များပါ အိုတီဆင်းခွင့်မပြုတော့ဘဲ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တဲ့အတွက် တနင်္ဂနွေလိုနေ့များပါ အချိန်ပိုဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွေမှာကြုံတွေ့နေကြရတဲ့ ညစ်ညမ်းစွာဆဲဆိုတာ  ချုပ်လုပ်နိုင်တဲ့ ပမာဏထက်ကျော်လွန်တဲ့ အထည်စံချိန်တိုးတောင်းတာတွေလည်း ရှိပြီး စံချိန်မပြည့်ပါက ဂရိတ်လျှော့ချတာပြုလုပ်ပြီး ထုံးစံအတိုင်း နောက်ရက်တွေ အိုတီဆင်းခွင့်မပြုဘဲ ခွဲခြားဆက်ဆံတယ်လို့ ဆိုပါတယ်။
    
"အလုပ်ထဲမှာက ဘယ်လိုထိတောင်ဖြစ်နေလဲဆိုတော့ ဘယ်လိုအကြောင်းကြောင့်ပဲ ခွင့်ယူပါစေ အလုပ်တစ်ရက် ပျက်ရင် အဆင့်အော်တိုအလျှော့ခံရတယ်  လုပ်ငန်းခွင်ထဲမှာလဲ နေ့စားသမားတွေ အများကြီး ခေါ်ထားတယ် ၃ လပြည့်လဲ နေ့စားပဲ။ အဆိုးဆုံးကတော့ ညဘက် အိုတီ ၁၂ ထိ ခေါ်ထားပြီး ပြန်ဖို့ အဆင်မပြေတော့ စက်ရုံထဲမှာပဲ အိပ်ရတယ် အဲ့ခါကျတော့ နားနေဆောင်လည်း မရှိသလို အလုပ်သမားတွေ ဖြစ်သလိုအိပ်ရတော့ ကျန်းမာရေးထိခိုက်ပြီး စိုးရိမ်ရတယ် တစ်လလုံးတရက်မှ မနားရဘူး"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးက ပြောပါတယ်။

နံနက် ၈ နာရီ အလုပ်တက်ချိန်ဖြစ်ပြီးတော့ အလုပ်ဆင်းချိန် ည ၇ နာရီခွဲတွင် အချိန်ပို ၂ နာရီ ၃၀ စာပါရှိပြီး အလုပ်ဆင်းချိန်မှ ည ၁၂ နာရီထိ အိုတီထပ်မံခေါ်ယူကာ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းရလို့ နားရက်မရှိ သလို အပြည့်အဝ အနားယူခွင့်ပါ ပျောက်ဆုံးနေတာလို့ အလုပ်သမားတွေ ထံက သိရပါတယ်။

ဆက်လက်ပြီးတော့လည်း လုပ်ငန်းထခွင်ထဲမှာ အရေးပေါ်ထွက်ပေါက် မရှိတာ သောက်သုံးရေ မသန့်ရှင်း မလုံလောက်တာနဲ့ အိပ်သာ မလုံလောက်တာ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်ပြီး အော်ဟစ် ပြောဆိုတာတွေပါ ပြုလုပ်နေတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ သိရပါတယ်။

"ကြမ်းကြမ်တမ်းတမ်း အော်ဟစ်ပြောဆိုတဲ့အထဲမှာ တရုတ်နိုင်ငံသား‌တွေ ပါသလို စူပါ လီတာတွေလည်း ပါတယ်၊ဆေးဝါးဆိုလည်း ဆေးခန်းရှိပေမယ့် ဆေးမရှိတာမျိုးရှိတယ် ထိခိုက်ဒဏ်ရာ ရတာမျိုးရှိရင် အလုပ်သမားက ကိုယ့်စရိတ်နဲ့ကိုယ် အပြင်သွားပြရတယ် အလုပ်တွေဘာတွေထုတ်ရင်လည်း EC စာချုပ်အတိုင်း လိုက်နာခြင်းမရှိဘူး ဥပဒေမဲ့ပဲ"လို့ အခက်အခဲကြုံတွေ့နေရတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်း ထားခြင်းမရှိတဲ့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲ တွေကို ဖြေရှင်းရန်အခက်တွေ့နေပြီး တိုင်ကြားဖို့လည်း အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေပါ အခွင့်အရေးများ ရရှိရန်လိုလားနေပြီး လုပ်ငန်းခွင်ထဲမှာ ဥပဒေမဲ့ လုပ်ဆောင်နေတာတွေကို ရပ်တန့်စေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews

 

 

        


Related posts

Cover
Sakura Garment လုပ်ခလစာ တိုးပေးပေမဲ့ တန်းတူမရရှိဟု အလုပ်သမားများပြော
Jun 30, 2025
Cover
Lesnart Myanmar Apparel နေ့စဉ်နီးပါး ညနက် အချိန်ပို လုပ်ကိုင်ခိုင်း
Jun 30, 2025
Cover
Hundred Garment တွင် ကလေးလုပ်သားများထံမှ လာဘ်ယူပြီး စက်လိုင်းမန်နေဂျာ အလုပ်သွင်းပေး
Jun 29, 2025
Cover
အသက် ၂၅နှစ် အထက်အမျိုးသားများအား သင်္ဘောသားလုပ်ခွင့်မပြုတော့
Jun 28, 2025
Cover
Best Garment အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ဦးအား အလုပ်ထုတ်
Jun 28, 2025
Cover
Shwe Myinn လျှော်ဖွတ်လုပ်သားများ ထိခိုက်မှု အလုပ်ရှင်ဘက်မှ တာဝန်ယူမှု မရှိ ဟုဆို
Jun 28, 2025
Cover
Myanmar Fortress Wealth အထည်ချုပ် ခွင့် ခံစားခွင့်မပေးဘဲ ရက်တွက် ဒေးကြေးဖြတ်နေ
Jun 28, 2025
Cover
Preclo Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား အလုပ်ထုတ်၊ စာချုပ်ဖောက်ဖျက်ပြီး ရပိုင်ခွင့်များအား ငြင်းပယ်
Jun 26, 2025