NEWS

တရုတ်နိုင်ငံသားတွေ တိုက်ရိုက်အုပ်ချုပ်နေပြီး ည ၁၂ နာရီအထိ အိုတီဆင်းနေရတဲ့ Sunrise (Myanmar) စက်ရုံအလုပ်သမားတွေ အခက်တွေ့နေ

CoverLogo
1.8K Views

လုပ်ငန်းခွင်ထဲမှာ တိုက်ရိုက်အုပ်ချုပ်ခွင့်မရှိတဲ့ တရုတ်နိုင်ငံသားတွေက အလုပ်သမားတွေကို ကြီးကြပ်နေသလို ည ၁၂ နာရီအထိ အချိန်ပို(အိုတီ) ဆင်းနေရပြီး ညအိပ်စရာစီစဉ်မပေးထားလို့ ဖြစ်သလိုအိပ်ရပြီး အခက်အခဲတွေကြုံတွေ့နေရတယ်လို့ Sunrise (Myanmar) အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ည ၁၂ နာရီအထိ အချိန်ပိုဆင်းရတဲ့ရက်တွေမှာ အလုပ်သမားတွေအတွက် ညအိပ်စရာ စီစဉ်ပေးမထားတဲ့အပြင် နောက်တနေ့မှာ ပုံမှန်အလုပ်ဆင်းပေးနေရတဲ့အခြေအနေကြောင့် အိပ်ရေးမဝတဲ့ အခြေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေကြုံတွေ့နေရတယ်လို့ အဆိုပါ အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

Closshi,wmb,French Linen Mix,Topvalu စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီးတော့ တရုတ်နိုင်ငံသားပိုင် ဖြစ်တဲ့ Sunrise Myanmar Fashion Garment Factory အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေတာလို့သိရပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့အဆိုပါ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာရရှိရမဲ့ ဥပဒေပါခွင့်ရက်တွေမရရှိတာအပြင် ခွင့် ၁ ရက်ယူပါက ဂရိတ်(အဆင့်သတ်မှတ်ချက်) လျှော့ချခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အိုတီမဖြစ်မနေဆင်းရတာရှိပြီး  အိုတီ ဆင်းရန် ငြင်းဆန်ပါကလည်း အဆင့်လျှော့ချကာ ဝန်တိမ်( သတိပေးလက်မှတ်) ထိုးခိုင်းတာရှိပြီး ကျန်နေ့များပါ အိုတီဆင်းခွင့်မပြုတော့ဘဲ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တဲ့အတွက် တနင်္ဂနွေလိုနေ့များပါ အချိန်ပိုဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွေမှာကြုံတွေ့နေကြရတဲ့ ညစ်ညမ်းစွာဆဲဆိုတာ  ချုပ်လုပ်နိုင်တဲ့ ပမာဏထက်ကျော်လွန်တဲ့ အထည်စံချိန်တိုးတောင်းတာတွေလည်း ရှိပြီး စံချိန်မပြည့်ပါက ဂရိတ်လျှော့ချတာပြုလုပ်ပြီး ထုံးစံအတိုင်း နောက်ရက်တွေ အိုတီဆင်းခွင့်မပြုဘဲ ခွဲခြားဆက်ဆံတယ်လို့ ဆိုပါတယ်။
    
"အလုပ်ထဲမှာက ဘယ်လိုထိတောင်ဖြစ်နေလဲဆိုတော့ ဘယ်လိုအကြောင်းကြောင့်ပဲ ခွင့်ယူပါစေ အလုပ်တစ်ရက် ပျက်ရင် အဆင့်အော်တိုအလျှော့ခံရတယ်  လုပ်ငန်းခွင်ထဲမှာလဲ နေ့စားသမားတွေ အများကြီး ခေါ်ထားတယ် ၃ လပြည့်လဲ နေ့စားပဲ။ အဆိုးဆုံးကတော့ ညဘက် အိုတီ ၁၂ ထိ ခေါ်ထားပြီး ပြန်ဖို့ အဆင်မပြေတော့ စက်ရုံထဲမှာပဲ အိပ်ရတယ် အဲ့ခါကျတော့ နားနေဆောင်လည်း မရှိသလို အလုပ်သမားတွေ ဖြစ်သလိုအိပ်ရတော့ ကျန်းမာရေးထိခိုက်ပြီး စိုးရိမ်ရတယ် တစ်လလုံးတရက်မှ မနားရဘူး"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးက ပြောပါတယ်။

နံနက် ၈ နာရီ အလုပ်တက်ချိန်ဖြစ်ပြီးတော့ အလုပ်ဆင်းချိန် ည ၇ နာရီခွဲတွင် အချိန်ပို ၂ နာရီ ၃၀ စာပါရှိပြီး အလုပ်ဆင်းချိန်မှ ည ၁၂ နာရီထိ အိုတီထပ်မံခေါ်ယူကာ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းရလို့ နားရက်မရှိ သလို အပြည့်အဝ အနားယူခွင့်ပါ ပျောက်ဆုံးနေတာလို့ အလုပ်သမားတွေ ထံက သိရပါတယ်။

ဆက်လက်ပြီးတော့လည်း လုပ်ငန်းထခွင်ထဲမှာ အရေးပေါ်ထွက်ပေါက် မရှိတာ သောက်သုံးရေ မသန့်ရှင်း မလုံလောက်တာနဲ့ အိပ်သာ မလုံလောက်တာ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်ပြီး အော်ဟစ် ပြောဆိုတာတွေပါ ပြုလုပ်နေတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ သိရပါတယ်။

"ကြမ်းကြမ်တမ်းတမ်း အော်ဟစ်ပြောဆိုတဲ့အထဲမှာ တရုတ်နိုင်ငံသား‌တွေ ပါသလို စူပါ လီတာတွေလည်း ပါတယ်၊ဆေးဝါးဆိုလည်း ဆေးခန်းရှိပေမယ့် ဆေးမရှိတာမျိုးရှိတယ် ထိခိုက်ဒဏ်ရာ ရတာမျိုးရှိရင် အလုပ်သမားက ကိုယ့်စရိတ်နဲ့ကိုယ် အပြင်သွားပြရတယ် အလုပ်တွေဘာတွေထုတ်ရင်လည်း EC စာချုပ်အတိုင်း လိုက်နာခြင်းမရှိဘူး ဥပဒေမဲ့ပဲ"လို့ အခက်အခဲကြုံတွေ့နေရတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်း ထားခြင်းမရှိတဲ့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲ တွေကို ဖြေရှင်းရန်အခက်တွေ့နေပြီး တိုင်ကြားဖို့လည်း အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေပါ အခွင့်အရေးများ ရရှိရန်လိုလားနေပြီး လုပ်ငန်းခွင်ထဲမှာ ဥပဒေမဲ့ လုပ်ဆောင်နေတာတွေကို ရပ်တန့်စေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews

 

 

        


Related posts

Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026
Cover
Lat War (3) ပိတ်သိမ်းမည့် သတင်းထွက်ပေါ် ၊ အလိုလျှောက် အလုပ်ထွက်သွားရေး ဆောင်ရွက်နေ
Feb 23, 2026
Cover
Tanjin fashion milestone အထည်ချုပ် လူမှုဖူလုံရေးကတ်အား အလုပ်သမားကိုယ်တိုင် လုပ်ကိုင်ခိုင်း
Feb 22, 2026
Cover
New Fubon အထည်ချုပ် စက်ရုံ အချိန်ပို မဆင်းလို ရရှိပြီး ဆုကြေးများအား ဖြတ်တောက်
Feb 21, 2026
Cover
Yuan Hong အထည်ချုပ် နားရက်မရှိ အချိန်ပို လုပ်ကိုင်ခိုင်း
Feb 20, 2026
Cover
Saifeom International Garment စက်ရုံ WCC အမည်စာရင်း မသိရဘဲ ရွေးချယ်ဖို ပြင်ဆင်နေ
Feb 20, 2026
Cover
Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွား၊ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မငြိမ်း
Feb 20, 2026