NEWS

လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးအလုံးစုံချိုးဖောက်ခံနေရ၊ တစ်နေ့ အလုပ်ချိန် ၁၇ နာရီအပြင် တနင်္ဂနွေ နားရက်မရှိဘဲလုပ်ကိုင်နေရလို့ အလုပ်သမားများ ကျန်းမာရေးထိခိုက်မှုများရှိနေ

CoverLogo
2.1K Views

လုပ်ငန်းခွင်ထဲမှာ နံနက် ၇ နာရီ ၃၀ ကနေ ည ၁၂ နာရီ ၃၀ ထိ ၆ ရက်တာ ဖြတ်သန်းပြီးနောက် တရားဝင် ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ပါ ညနေ ၅ နာရီအထိ အချိန်ပိုဆင်းပေးနေရတာ တစ်နှစ်ကျော်ပြီဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်  Myanmar Yangon Richang Apparel Co,Ltd. (NISHO) အထည်ချုပ်စက်ရုံမှာ အလုပ်သမားစုစုပေါင်း (၈၀၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါ အခွင့်အရေးများချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တစ်ရက်လျင် အလုပ်ချိန် ၁၇ နာရီလုပ်ကိုင်ရပြီး ညည့်နက်ချိန် မာရှယ်လော ထုတ်ထားတာကြောင့် အိမ်ပြန်တဲ့သူတချို့ရှိပေမယ့် အများစုက စက်ရုံ လုပ်ငန်းခွင်မှာပဲ ညအိပ်ပြီး မနက် ၄ နာရီမှ မိမိနေအိမ်ပြန်ရပြီး မနက် ၇ နာရီ ခွဲမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ စက်ရုံလုပ်သားတွေကပြောပါတယ်။

“စက်တွေဘေးမှာအိပ်ရတာ စောင်တွေ ရေချိုးဖို့တွေ ဘာမှမရှိဘူး အိမ်လည်းပြန်လို့ မရဘူး မာရှယ်လောတို့ဘာတို့ ရှိတို့ အထုအထောင်းခံရနိုင်တယ်လေ အခုလိုနေ့တိုင်းခေါ်တယ် တနင်္ဂနွေနေ့ကျတော့ ညနေ ၅ နာရီထိအိုတီဆင်းရတယ် ဒီနေ့ညလေးပဲအားတယ် မနက် ၇ နာရီ ခွဲကနေ ည ၁၂ ခွဲထိ လုပ်ရတယ်” လို့ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။

အဆိုပါ အိုတီဆင်းရတဲ့ အလုပ်သမားတွေရဲ့ အလုပ်ဆင်းချိန်အတွက် ကြို/ပို့ယာဥ်မစီစဥ်ပေးထားမှုကြောင့် အမျိုးသမီးများအတွက်အပြန်လမ်းတွင် လုံခြုံမှုမရှိတာတွေ လုယက်ခံရမှုတွေ ရှိနေပြီး စက်ရုံထဲမှာ အိပ်တဲ့ အလုပ်သမားများအတွက် အိပ်စရာနေရာအခင်းများ အခန်းများ မရှိသဖြင့် ဖြစ်သလိုအိပ်ရပြီး မနက်တွင်အိမ်ကိုပြန်ရေချိုး၊ မနက် အလုပ်ချိန်မှီအောင် ပြန်လာပြီး အလုပ် ဆင်းကြရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နောက်နေ့မနက် တွင် အလုပ်နောက်ကျခြင်း  နေထိုင်မကောင်းသဖြင့် ခွင့်ခံစားခွင့်များယူခြင်း၊ ဂိတ်ပတ်ယူတာတွေ ပြုလုပ်ပါက ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ဒေကြေး ဖြတ်တောက်ခံရကာ စစ်တပ်မှ အာဏာသိမ်ပြီးတဲ့ အချိန်မှ စပြီး အလုပ်သမားများသည် အချိန်ပို (OT) များကို ည ၁၂း၃၀ ထိ ဆင်းနေရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်မှာ သောက်ရေအခက်အခဲရှိနေပြီး စက်ရုံဘက်က စီစဉ်ပေးထားတဲ့ သောက်ရေက သောက်သုံးလို့ မရအောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပထမတော့ ကို့ဘာသာ ရေဘူးနဲ့ မှာပြီးတော့သောက်တယ် စက်ရုံက ရေသန့်စက်လုပ်ပေးတယ် သံချေးစော်နံပြီး အရသာက ပေါ့ပျက်ပျက်ဖြစ်နေတော့ PH တွေဘာတွေ နမူနာယူပြီးစစ်ရအောင်လည်း ဓါတ်ခွဲခန်းကမရှိဘူး ။ ပြီးတော့ စက်ရုံ မိလ္လာကန်ကနေစုတ်ပြီးတော့ စက်ရုံဘေးမြောင်းထဲ တစ်နေ့သုံးကြိမ်ထည့်တယ် စည်ပင်ခေါ်ပြီးမလုပ်ဘဲနဲ့ အပြင်ကိုပဲ ထုတ်ပစ်တာ” လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံပတ်လည်မှာ အညစ်အကြေးတွေ စွန့်ထုတ်ပစ်တာကြောင့် အနံ့အသက်ဆိုးတွေနေ့စဉ်ရှုရှိုက်နေရပြီး သောက်ရေကြောင့် ဝမ်းလျောတာတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေမရှိသလို ဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပြုလုပ်ပေးထားဘူးလို့ ဆိုပါတယ်။

“စက်တွေဘာတွေ ညပ်မိတာတို့ဆို လက်ဝင်သွားရင် ဆေးခန်းလိုက်ပို့တာတော့ရှိတယ် ပိုက်ဆံပေးတာတို့ဘာတို့ကျတော့မရှိဘူး နားရရင် ရက်မှန်ကြေးတွေ ဖြတ်ပစ်တယ် ကုန်ဈေးနှုန်းကြီးလို့လားတော့မသိဘူး အဲ့လိုဖြစ်ခဲ့ရင် အလုပ်သမားက စက်ရုံမှာပဲနေတယ် တတ်နိုင်တာလေးတွေပဲလုပ်တယ် ဒဏ်ရာနဲ့ကိုပဲ လက်တဖက်က လုပ်နိုင်ရင်လုပ် နေတယ်အဲ့လိုမျိုးပဲ ရက်မပျက်ချင်ဘူး တစ်ရက်ပျက်ရင် ၃ သောင်း ပြုတ်သွားတာပေါ့ ရက်မှန်ကြေးပြုတ်တာဆိုတော့ အလုပ်သမားတွေက စက်ရုံမှာပဲနေပြီး ကိုတတ်နိုင်တာလေးတွေပဲ လုပ်ပေးကြတယ်”လို့ လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂမရှိသလို မဖြစ်မနေ ဖွဲ့စည်းရသည့် WCC လည်းဖွဲ့စည်းထားတာမရှိဘူး လို့ ဆိုပါတယ်။အလုပ်စတင် ဝင်ရောက်စဉ်က အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်ကိုလည်း တစ်ကြိမ်ဖတ်ခိုင်းပြီး ပြန်လည်သိမ်းယူသွားတယ်လို့ သိရပါတယ်။

“နိုင်ငံရေးအခြေအနေကလည်း မကောင်းတော့ ဘာမှပြောခွင့်မရှိဘူး ဒီအတိုင်းငြိမ်ခံနေလိုက်တာချည်းပဲ အလုပ်လုပ်ရင်း မတော်တဆဖြစ်ရင် လိမ်းဖို့ ဘီတာဒင်းတောင်မရှိဘူး နေ့စားသမားတွေလည်း အယောက် ၁၀၀ လောက်ခေါ်ခန့်ထားသေးတယ် ဖြုတ်လိုက်ပြန်ခန့်လိုက်ပဲ” လို့ လုပ်သက် ၅ နှစ်ကျော်ကြာ အလုပ်သမားတစ်ဦးပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ HanGTen၊ CANADA DUCK DOWN၊ H- ESSENTIAL၊ Fieldcore၊ MiNUS၊ Mooenpich စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ  ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စေချင်တာကတော့ အချိန်ပို (OT) တွေကို လျှော့ချပေးဖို့ ပေါ့ အချိန်ပိုဆင်းရမယ်ဆိုလဲ  ကြိုပို့စီစဉ်ပေးတာမျိုး အစားအသောက်စီစဉ်ပေးတာမျိုး ပြီးရင် တနင်္ဂနွေနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေ ပိတ်ပေးစေချင်တယ်လို့ ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဥပဒေပါ အခွင့်အရေးဖြစ်တဲ့ ခွင့် ယူခွင့်ပေးဖို့ ခွင့်ယူပါက ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးများ မဖြတ်တောက်ရန်နဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်ဆောင်ရွက်ပေးရန်လိုလားနေကြတယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026