ARTICLE

ဟန်ရေးပြရထားတွေ ​ပြေးဆွဲနေတာ ပျော်ရဲ့လား။

CoverLogo
1.3K Views

နိုင်ကြီး-ရေးသည်။
 

လွန်ခဲ့သောရက်အနည်းငယ်က မြန်မာ့မီးရထား၊ တိုင်းအမှတ် ( ၇) ရန်ကုန်၊ တိုးကြောင်ကလေးဘူတာကိုအာဏာသိမ်း ( စကစ)လက်အောက်ခံအရာထမ်းများဖြစ်ကြသော မြန်မာ့မီးရထားအောက်မြန်မာပြည် အထွေထွေမန်နေဂျာနှင့်တိုင်းအမှတ် ( ၇)ရန်ကုန်၏တိုင်းမန်နေဂျာ၊ ကြီးကြပ်ရေးမှူး ( သွားလာ)တို့လာရောက်ခဲ့ကြတယ်လို့သိရပါတယ်။

၎င်းတို့နဲ့အတူ ဘယ်ကနေဘယ်လိုပါလာမှန်းမသိသောကျောင်းသားကျောင်းသူဆိုတဲ့ကျောင်းသားကျောင်းသူတချို့လည်းကားနှင့်အတူတစ်ပါတည်းပါလာကြတယ်လို့သိရပါတယ်။

ရောက်ရှိလာရခြင်းရဲ့အကြောင်းတရားကတော့ ခေတ်အဆက်ဆက်ကအာဏာရှင်တို့လုပ်ခဲ့ကြတဲ့ နည်းနာများအတိုင်း မြန်မာ့မီးရထားကို ကျောင်းသားကျောင်းသူများ အားကိုးစီးနင်းခရီးသွားလာနေကြပါသည်ဆိုတဲ့ မုသားသတင်းတင်ဆက်ဖို့အတွက်ဗီဒီယိုရိုက်ကူးရေးဆင်းခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် - မန္တလေး၊ မန္တလေး - ရန်ကုန်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျားကုတ်ကျားခဲကြိုးစားပမ်းစားပြေးဆွဲနေရတဲ့လူစီးအမြန်ရထားတစ်စင်းကို ကျောင်းသူကျောင်းသူ၊ ပြည်သူတွေအားကိုးစီးနင်းခြင်းပြု ခရီးသွားလာနေကြပါတယ်ဆိုတဲ့ သူတို့ပိုင် (စစ်ကောင်စီ) ရုပ်သံကနေ မုသားသတင်းဖြန့်ဖို့ပါ။

အသင့်ပါလာတဲ့ကျောင်းသားကျောင်းသူတွေနဲ့အမြန်ရထားကြီးစီးခရီးသွားလာနေကြပါသည်ဆိုတဲ့ ပြကွက်ကိုပုံဖော်ခဲ့ကြပါတယ်။နောက်ပြီး ရွာသာကြီး - ရန်ကုန်မြို့ပတ်ရထားတစ်စီးပေါ်တွင်လည်း ကျောင်းသားကျောင်းသူများမီးရထားကိုအားကိုးစီးနင်းသွားလာနေကြပါသည်ဆိုတဲ့ ပြကွက်တစ်ခုကိုပုံဖော်သွားကြတယ်လို့သိရတယ်။တကယ်တော့ အာဏာရှင်အလိုကျ၊ အာဏာရှင်အသက်သွင်းလိုတဲ့ ကြိုးဆွဲရာကကွက်အတိုင်း ကပြအသုံးတော်ခံ​နေရတဲ့ အရာထမ်း၊ အမှုထမ်းတချို့ရဲ့ ကကွက်လေးတစ်ခုမျှလောက်ပါပဲ။

ရထားဝန်ထမ်းအားလုံးကို ကိုယ်စားမပြုတဲ့ ရထားပြေးဆွဲခြင်းအားလုံးဟာ အာဏာရှင်ကိုအသက်သွင်းလိုတဲ့ အာဏာရှင်လက်ပါးစေတချို့ရဲ့ မဖြစ်ညစ်ကျယ်ကြိုးပမ်းအားထုတ်မှုတစ်ခုထက်တော့ ပိုလာမယ်မထင်ပါဘူး။

သံလမ်းရှိရင် ရထားပြေးလို့ရမယ်ထင်တဲ့ ဉီးနှောက်ပိုင်ရှင်​တွေဟာ ရေဘူးပေါက်တာမလိုချင်ဘူး၊ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ရွှေဉာဏ်တော်ပိုင်ရှင်တွေကိုး။ဘူးပေါက်နဲ့တော့ ရေအပြည့်မပါနိုင်ဆိုတာတော့ မသိတန်ကောင်းလားတော့မသိ။
ထားတော့ဆရာညီမင်းညိုဆိုသလိုပဲ  - ဘုရင်ရူးကလည်း ရူးချင်စရာပဲလေ။ ကျွန်သဘောက် အရူးတွေကလည်း တယ်ပေါသကိုးနော်။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဝန်ထမ်းတချို့ရှိနေတာလည်း အမိမြန်မာပြည်အတွက် ရင်လေးစရာတစ်ခုပါပဲ။တရားမျှတမှုရရှိရေး၊ လူအခွင့်အရေးပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရှင်သန်ရေး၊ ပြည်သူ့အာဏာ ပြည်သူကပြန်လည်ရရှိရေးအတွက် လူငယ်၊ လူလတ်၊ လူကြီးမကျန်အတန်းအစားပေါင်းစုံ၊ အလွှာပေါင်းစုံက နိုင်ရာ ကဏ္ဍအသီးသီးကနေ တချို့ကအသက်ပေး၊ တချို့က ဘဝတွေပေးကာ ၊ နေသာသလိုမနေကြပဲ အမိမြန်မာပြည် အာဏာရှင်အောက်က လွတ်မြောက်ရေး အသီးသီးပေးဆပ်ကြိုးစားနေကြတာကို မြင်နေ၊ တွေ့နေ ကြားနေရပါလျက်နဲ့ ဖိအားတချို့၊အခက်အခဲတချို့ ကြုံလာတော့ မိမိမိသားစုတစ်စု လုံခြုံမှု၊ မိမိတစ်ကိုယ်တာ လုံခြုံမှု အခက်အခဲကိုကြည့်ပြီး လမ်းခုလပ်မှာတင် လက်ပြနူတ်ဆက်လမ်းခွဲသွားတဲ့ လုပ်ဖော်ကိုင်ဘက်တွေရော၊ ဘယ်သူတက်တက် အစိုးရဝန်ထမ်းဆိုတာ ကိုယ့်တာဝန် ကိုယ်လုပ်ရမှာပဲဆိုတဲ့ -  ပြည့်တန်ဆာလိုပဲ ဘယ်သူ ဟိုဒင်း ဒင်း ခံရမှာပဲဆိုတဲ့ ငွေတစ်မျက်နှာသာကြည့် ခံစားတတ်တဲ့ လုပ်ဖော်ကိုင်ဘက်တချို့ကြောင့်လည်း အမေစုကို အားနာတယ်။သနားတယ်။အာဏာရှင်အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ပြည်သူ့ဝန်ထမ်းတွေကို CDM မှာပါဝင်ပေးဖို့ လှိုက်လှိုက်လှဲလှဲတောင်းဆို ၊ ပြည်သူက ပြည်သူကိုထောက်ပံ့ပေးနေကြတဲ့ ပြည်သူတွေကိုလည်း အားနာတယ်။သနားတယ်။အမိနိုင်ငံတော်ကြီးကိုလည်း သနားတယ်။အားနာတယ်။ဒီလို တန်ဖိုးကျပ်မပြည့် ၊ တာဝန်မကျေတဲ့ နိုင်ငံသူ နိုင်ငံသား ၊ပြည်သူပြည်သား ဝန်ထမ်းတချို့ကို ပိုင်ဆိုင် / ရှိနေတာ အမိနိုင်ငံအတွက် အဖိုးမဲ့လွန်းလို့ပါ။

အာဏာမသိမ်းခင်ယခင်က ရန်ကုန် - မန္တလေး အမြန်ရထား စုန်/ဆန်( ၆)စင်း၊ စာပို့ရထားစုန်/ဆန်( ၂)စင်း၊ ရန်ကုန် - မော်လမြိုင် - ရေး - ထားဝယ်ကို စုန်/ ဆန် ရထား (၆)စင်း၊ ရန်ကုန် - နေပြည်တော် စုန်/ဆန် (၄)စင်း နဲ့ ရန်ကုန် - ပြည်၊ကြည့်မြင်တိုင် - ပြည်၊ ကြည့်မြင်တိုင် - သာရဝေါ စုန်/ ဆန်ရထား ( ၆)စင်းပြေးဆွဲပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် - ပဲခူး၊ရန်ကုန် - ဥက္ကံသို့ စုန်/ ဆန်ရထား ( ၄)စင်း၊ ရန်ကုန်မြို့ပတ်ရထားခေါက်ရေ ရာကျော်ပြေးဆွဲပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာလု၊ အာဏာသိမ်းပြီး ​ကာလနောက်ပိုင်းမှာ လင်ကြီးလာလည်းစျေးဖိုးရ၊ လင်ငယ်လာလည်း စျေးဖိုးရဆိုတဲ့ အကျင့်ပျက်သန္ဓေမမှန်၊ ကိုယ့်တစ်ဘို့တည်းသာကြည့်တတ်သောအရာထမ်း၊ အမှုထမ်းတစ်သိုက်နဲ့သာ မဖြစ်ညစ်ကျယ်အဖြစ် ရန်ကုန် - မန္တလေး စုန်/ဆန်( ၂)စင်း၊ ရန်ကုန် - ပြည် စုန်/ဆန် (၄)စင်း၊ ရန်ကုန် - မော်လမြိုင် စုန်/ဆန် ( ၂)စင်း၊ ရန်ကုန် - ပဲခူး၊ရန်ကုန် - ဉက္ကံ စုန်/ဆန် (၄)စင်း၊ ရန်ကုန်မြို့ပတ်ရထားခေါက်ရေ ( ၁၀)ခေါက်ကျော်ကျော်လောက်သာပြေးဆွဲပေးနေတဲ့ရထားပြေးဆွဲနိုင်မှုနဲ့ ခရီးဝေးရထားတွေမှာ ခရီးသည်အားပေးလိုက်ပါစီးနင်းမှုအခြေအနေဟာ အခုလိုဂျင်းရောင်း၊ ဝါဒဖြန့်ပြည်သူကို အလိမ်အညာဆင်ရမဲ့ကိန်းဆိုက်နေပြီလား ဘယ်သူတက်တက် ၊အပြုံးမပျက်ကုန်းလျက်ရုံးတက်နေတဲ့ Non CDM အရာထမ်း၊ အမှုထမ်းအပေါင်းတို့ကို မေးခွန်းထုတ်လိုက်ပါရစေ။

ထားပါတော့လေ ။ ရထားဝန်ထမ်းအားလုံးကိုကိုယ်စားမပြုတဲ့ ရထားပြေးဆွဲ ပြနေမှုဟာ လုံခြုံစိတ်ချရမှုအပြည့်အဝ မရှိနိုင်ဖူးယူဆမိပါတယ်။လမ်းပိုင်းဘူတာတချို့မှာရထားသွားလာရေးလုပ်ငန်းတွေကိုတာဝန်ယူဝန်ဆောင်မှုပြုနေတဲ့ရထားဝန်ထမ်းအများစုဟာ ပြည်သူ့ဝန်ထမ်းလို့ခံယူကာ CDM ပြုလုပ်နေကြသည်ဖြစ်လို့ ရထားသွားလာရေး လုပ်ငန်းနည်းဉပဒေကိုချိုးဖောက်​ကျော်လွန်ကာ ဟန်ရေးပြရထားတွေပြေးဆွဲပြနေတော့လည်း ဆီကုန်တာအဖတ်တင်ရုံမက ရထားတစ်စင်းနဲ့ရထားပေါ်ပါ ခရီးသွားပြည်သူတို့ရဲ့ လုံခြုံစိတ်ချ၊ လိုရာခရီးရောက်ဖို့အတွက် မေးခွန်းထုတ်စရာပဲလို့ ကျနော်ကတော့ ပြေးမြင်မိပါတယ်။

ဘယ်ပြည်သူတွေရဲ့ အသက်၊ တန်ဖိုး၊ ဘဝကို ငဲ့ညှာရကောင်းမှန်းမသိတဲ့သူတွေက ဒါကိုလည်း ထည့်တွက်ကြမယ်မထင်ပါဘူးလေ။

ယခင်ကတည်းက Non CDM ရော၊ CDM ကနေ Non CDM ဖြစ်သွားကြတဲ့ ရထားဝန်ထမ်းတချို့ကို တောင်းဆိုပါရစေ။အမိမြန်မာပြည် တိုးတက် မြင့်မားရေး၊ မိမိအနာဂတ်မျိုးဆက် အာဏာရှင်စနစ်ဆိုးအောက်ကနေ လွတ်မြောက်ရေးအတွက် ဒီတိုက်ပွဲဟာ အရေးကြီးတဲ့အပြောင်းအလဲ အရွေ့တစ်ခုဖြစ်နေလို့ အားလုံးစည်းလုံးညီညာညီညွတ်စွာဖြင့် ပါဝင်ပူးပေါင်းပေးကြစေလိုပါတယ်။ အကြောက်တရားတွေ၊ တစ်ကိုယ်တာ လုံခြုံမှုကိုကြည့်၊ ခြောက်ခြားမသွားကြပါနဲ့။ " ပြိုင်တူတွန်းလျင် မည်သည့်အရွေ့တစ်ခုကိုမဆို ရွေ့နိုင်၊ပြောင်းလဲနိုင်ပါတယ် " လို့ဆိုရင်း အားပေးတိုက်တွန်းလိုက်ပါရစေ။


 


Related posts

Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024