NEWS

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အစည်းအဝေးဆုံးဖြတ်ချက်အား ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

CoverLogo
364 Views
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၉) ရက်။
၁။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body - GB) အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်း (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးမှ ဆုံးဖြတ်ချက် (GB အစည်းအဝေး ဆုံးဖြတ်ချက် - GB.353/INS212(Rev.2) အား မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ( Myanmar Labour Alliance - MLA) မှ ထောက်ခံ ကြိုဆိုပါသည်။
ယင်း (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးသို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးသည် အလုပ်သမားအုပ်စု (Workers’ Group) ၏ ကိုယ်စားလှယ်ဖြစ်၍ အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးတွင် တိုက်ရိုက်ပါဝင်ခဲ့ပါသည်။ CTUM ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်သည်လည်း ITUC ၏ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် CTUM အား ကိုယ်စားပြု၍ ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။
အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးသို့ တင်ပြဆွေးနွေးရာတွင် သက်သေအထောက်အထားများ ပြသ၍ ဆွေးနွေးနိုင်ရန် အစီရင်ခံစာများ ပြင်ဆင်ပေးခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သုံးပွင့်ဆိုင် ယန္တရားတွင်ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာန၊ မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employers Federation – MEF)၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employer Organization – MEO)၊ အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association-OIA)၊ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA)၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင် သပိတ်အင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု၏ မတရားနည်းမျိုးစုံဖြင့် ဖိအားပေးခံရမည်ကို မကြောက်မရွံ့ သက်သေထွက်ဆိုပေးသည့် ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးတင်ပါသည်။
၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအာဏာကို မတရားသဖြင့် သိမ်းယူခဲ့ပြီး ပြည်သူလူထုများ၏ ဒီမိုကရေစီ အခွင့်အရေးများ၊ လူ့အခွင့်အရေးများနှင့် အလုပ်သမားအခွင့်အရေး များ အပါအဝင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာပြဌာန်းချက်အမှတ် (၈၇) နှင့် အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉) တို့ကို ချိုးဖောက်ခဲ့ခြင်းအတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှစ၍ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်မပြုခဲ့ပါ။ ILO သည် အကြမ်းဖက်စစ်အုပ်စုကို ယခုအချိန်အထိ မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသည့်အပြင်၊ နည်းပညာ၊ ငွေကြေး ကူညီပံ့ပိုးပေးမှုများကိုလည်း ရပ်ဆိုင်းထားသည်။
၂၀၂၁ ခုနှစ် ဇွန်လတွင် ILO ၏ ပြဌာန်းချက် အမှတ် (၈၇) နှင့် (၂၉) တို့အား လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရန်အတွက် ဆုံးဖြတ်ချက် (ILC.109/Resolution II) ကို ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံမှ ILO ၏ ဥပဒေပညာရှင်များ (Legal Expects) ပါသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – COI) ဖွဲ့စည်း၍ အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် အတွက် ဆုံးဖြတ်ချက် (GB.345/INS/5/2(Add.1) ကို ချမှတ်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) သည် မြန်မာနိုင်ငံမှ ချိုးဖောက်ကျူးလွန်ခံရသူများ အား စုံစမ်းစစ်ဆေးမေးမြန်းခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆက်လက်ချိုးဖောက်မှုများအား အစီရင်ခံစာ ထုတ်ပြန်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို အကြံပြုချက် (Recommendations) များအဖြစ် ထည့်သွင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အုပ်ချုပ်ရေးအဖွဲ့ (GB) သည် မြန်မာနိုင်ငံနှင့် ပါတ်သက်၍ အကြမ်းဖက်စစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ အပါအဝင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် (၈၇) နှင့် အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉) တို့ကို ထင်ရှားစွာချိုးဖောက်နေသည့်အတွက် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) (ILO Constitution Article 33) အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် စစ်အုပ်စု အား Article – 33 အရ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို ILO အတွင်း အကြိတ်အနယ်ဆွေးနွေး၍ ပူးတွဲပါအတိုင်း အုပ်ချုပ်ရေးအဖွဲ့ (Governing Body - GB) မှ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ (GB အစည်းအဝေး ဆုံးဖြတ်ချက် - GB.353/INS212(Rev.2)
ဤကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) နှင့် ILO အုပ်ချုပ်ရေးအဖွဲ့ (GB) ၏ အစိုးရ-အလုပ်ရှင်-အလုပ်သမားကိုယ်စားလှယ်များ၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (International Confederation of Trade Unions ITUC)၊ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများကောင်စီ (Council of Global Unions - CGU) နှင့် ပါဝင်ဆောင်ရွက်သူ များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
၃။ ထို့အပြင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) Article 33 အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ ကမ်ပိန်း “လူထုလှုပ်ရှားမှု” များတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အကြမ်းဖက်စစ်အုပ်စု၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲဖိနှိပ်သည့်ကြားမှ ကြံ့ကြံ့ခံရင်ဆိုင်ကာ ပါဝင်ပေးခဲ့သည့် တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အင်အားစုများ၊ သပိတ် စစ်ကြောင်းများနှင့် လူပုဂ္ဂိုလ်များ၊ ရဲဘော်ရဲဘက်များ၊ ဒေသခံတောင်သူလယ်သမားနှင့် အလုပ်သမား ပြည်သူများ၊ ပြည်တွင်းပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများအား အထူးကျေးဇူးတင်ရှိပါသည်။ လေးစားဂုဏ်ယူ အသိအမှတ် ပြုပါသည်။
၄။ အလုပ်သမား အခွင့်အရေးများ၊ လူ့အခွင့်အရေးများချိုးဖောက်၍နှင့် ပြည်သူလူထုများအား နည်းမျိုးစုံဖြင့် မတရားသဖြင့် ဖိနှိပ်ညှင်းပန်း၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးနှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တို့အတွက် မိမိတို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA) သည် အကြမ်းမဖက် သောနည်းလမ်းမျိုးစုံဖြင့် တိုးမြှင့် ဖိအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား ကမ္ဘာ့ကုလသမဂ္ဂလုပ်ငန်း ဌာနများ (UN agencies) ထဲမှ လက်တွေ့အရေးယူဆောင်ရွက်မှုယန္တရား (Enforcement Mechanism) ရှိသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)မှတဆင့် အရေးယူဆောင်ရွက်ရေးအတွက် ဆက်လက်ပူးပေါင်း ပါဝင်ကြပါရန် မိမိတို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) မှ ကြိုဆိုဖိတ်ခေါ်ပါသည်။
သို့ဖြစ်ပါ၍ လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) သို့ အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများအား အစီရင်ခံတင်ပြနိုင်ရန်အတွက်လည်းကောင်း၊ ILO ညီလာခံတွင် အကြမ်းဖက်စစ်အုပ်စုအား အရေးယူမည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများတွင်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံး အတူတကွ လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။ မိမိတို့ လိုလားသော ဒီမိုကရေစီရရှိရေးအတွက် အင်အားစုများအားလုံး ပူးပေါင်းလုပ်ဆောင်ပါက မုချအောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA)

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026