NEWS

အတင်းအကျပ် အချိန်ပိုခေါ်ယူမှုများ ဖြစ်ပေါ်နေပြီး၊ လုပ်သားတဦး နာရီ ၁၂၀ အထိ အချိန်ပို လုပ်ကိုင်နေရ

CoverLogo
514 Views

အထည်ချုပ် စက်ရုံတာဝန်ရှိသူတွေရဲ့ အတင်းအကျပ် အချိန်ပိုခေါ်ယူနေတာတွေကြောင့် လုပ်သားတဦး တလ နာရီ ၁၂၀ ဝန်းကျင် အချိန်ပိုလုပ်ကိုင်နေရတယ်လို့ Myanmar Labour News က စုံစမ်း သိရှိရပါတယ်။ လက်ရှိ အထည်ချုပ် စက်ရုံတွေမှာ နေ့စဉ် အချိန်ပိုတွေအပြင် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွေမှာပါ လုပ်ကိုင်ခိုင်း တာတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံမှာ နေ့တိုင်း  အချိန်ပို သုံးနာရီ၊ စနေနေ့တိုင်း အောလင်း၊ ပိတ်ရက်(တနင်္ဂနွေ)  ၂ ရက်ဆင်းရတယ်။ လစာထွက်တော့ အချိန်ပို နာရီ ၁၀၀ ကျော် ၁၂၀ အထိရှိနေတယ်၊ တချို့ ဌာနတွေဆို အဲ့ထက်များတာပေါ့” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အလုပ်သမားဝန်ကြီးဌာနရဲ့  ညွှန်ကြားချက်မှာ အချိန်ပိုကို ရက်သတ္တပတ် နာရီ ၂၀ အထိသာ လုပ်ကိုင်ခိုင်းဖို့ ဖော်ပြထားပြီး အလုပ်သမားတွေရဲ့ သဘောတူညီမှုမှတ်တမ်း၊  အလုပ်ရှင်၊ မန်နေဂျာတွေက ခွင့်ပြုထားတဲ့ အချိန်ပိုထက် ပိုမိုလုပ်ကိုင်ခဲ့ပါက ဥပဒေအရ အရေးယူခံရမှာကို သိရှိကြောင်း ဝန်ခံကတိပြု လက်မှတ်တွေ ပူးတွဲတင်ပြရမယ်လို့ ဖော်ပြထားပါတယ်။ 

စက်ရုံတွေက အလုပ်သမားတွေ ရဲ့ သဘောတူညီမှု မှတ်တမ်းရယူမှာ အချိန်ပို နှစ်ပတ်အတွက်ကြိုတင် ရယူတာတွေရှိသလို၊ အလုပ်ဆင်းချိန် ရောက်မှ အချိန်ပို ဆင်းခိုင်းတာတွေလည်းရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အချိန်ပိုလက်မှတ်တွေ အခုနောက်ပိုင်းတော့ ကောက်လာတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တာ၊ ကြမ်းကြမ်း တမ်းတမ်း ပြောဆိုတာတွေ ရှိနေတုန်းပဲ။ အတင်းအကျပ် ဆန်တာပေါ့။ အခွင့်အရေး၊ အလုပ်ကိုင်ပိုင်းကို ခြိမ်းခြောက်တာ။ အလုပ်သမားတွေက လူသားတွေမို့ ခန္ဓာကိုယ် ပင်းပန်းတာတွေ ရှိတယ်၊ မိသားစုဘဝတွေ ရှိတယ်တာပေါ့၊ နားချင်တိုင်း အနားမရလို့ ကျန်းမာရေး ထိခိုက်တာတွေ စက်ရုံထဲမှာ ဖြစ်နေတာ” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။

အချိန်ပိုအချိန် အများအပြားကို စက်ရုံတာဝန်ရှိသူတွေက ခိုင်းစေတာကြောင့် အလုပ်သမားတွေ ကျန်းမာရေးနဲ့ ပင်ပန်းမှု ဒဏ်ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ခံစားမှုတွေကြောင့် အလုပ်ထုတ် ခံရပြီး နစ်နာမှုတွေပါ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အချိန်ပိုတွေ ခေါ်တယ်၊  အလုပ်ထုတ်ခံရတာတွေလည်း ရှိလာတယ်။ အထည်ချုပ် စက်ရုံထဲမှာ ကြယ်သီးရိုက်၊  အထည်စစ်တို့၊ ထုတ်ပိုးဌာနတွေလို Finishing ဌာနတွေမှာ အချိန်ပိုအများဆုံးလုပ်ရတယ်။ အချိန်ပို ခိုင်းတာ များတော့ ငိုက်တာတို့၊ ကျန်းမာရေမကောင်းတာလို့ မဆင်းနိုင် ဖြစ်နေတယ်။ ဒါဆို စက်ရုံတွေက ရုံးခန်းခေါ် ချက်ချင်းအ လုပ်ထုတ်လိုက်တာ၊ မျက်မြင်ပါပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံတာဝန်ရှိသူတွေက အချိန်ပိုလုပ်ကိုင်ခိုင်းရာမှာ အလုပ်အကိုင်တည်မြဲရေး ခြိမ်းခြောက်မှုတွေ အများဆုံး ဖြစ်ပွားနေပြီး ရပိုင်ခွင့် ငွေကြေး ဖြတ်တောက်တာတွေရှိတဲ့ အပြင် ညနက်စက်ရုံမှာပဲ အိပ်ခိုင်းတာ၊ အစားအသောက်မပေးတာနဲ့ ကြိုပို့ယာဉ် စီစဉ်မပေး စတဲ့ ဥပဒေဖောက်ဖျက်မှုတွေပါ ကြုံတွေ့ နေရတာလို့ အလုပ်သမား အဖွဲ့အစည်းဝင်တွေက ပြောဆိုထားပါတယ်။

ဓါတ်ပုံ- ပုံဟောင်း


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026