ARTICLE

MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။

CoverLogo
532 Views

“စက်ရုံမှာတော့ သမဂ္ဂရှိတယ်ပြောဦးမှာပဲ။ ဒါကို စက်ရုံအကျိုးစီးပွားအတွက် အသုံးချဦးမယ်။ ကျန်ခဲ့တဲ့ အဖွဲ့ဝင် တွေကို သူတို့နည်းသူတို့ဟန်နဲ့ ချုပ်ကိုင်မယ်။ ဒါပေမဲ့  သမဂ္ဂရှိတယ်လို့ ပြောလို့ မရတော့ဘူး။ တနည်းအား ဖြင့် သမဂ္ဂကို ဖြိုခွဲလိုက်တာပါ။ “ လို့ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင် တဦးက ပြောပါတယ်။

စက်ရုံသမဂ္ဂခေါင်းဆောင် ၆ ဦးကို စက်ရုံတာဝန်ရှိသူတွေ အလုပ်ထုတ်တာက ဖွဲ့စည်းထားတဲ့ သမဂ္ဂကို ဖြိုခွဲ အရောင်ပြောင်းလိုတာ ဖြစ်တယ်လို့လည်း သူ့အနေ့နဲ့ ယူဆထားပါတယ်။  ဒီခေါင်းဆောင်တွေဟာ စက်ရုံဘက်က တရားစွဲဆိုမှု ကို နှစ်ရှည်လများရင်ဆိုင်ခဲ့ရပြီး တရားရုံးက ဒဏ်ငွေပေးဆောင်ဖို့ အမိန်ချခဲ့တာကို EC စာချုပ် ဖောက်ဖျက် တယ်ဆိုပြီး အလုပ်ထုတ်ခံခဲ့ရတာပါ။  

အလုပ်ကနေ အထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်တွေဟာ စက်ရုံလုပ်သက် ၁၂နှစ်ကနေ ၉ နှစ်ကြားမှာရှိကြပြီး အတွေ့အကြုံရင့် ဝန်ထမ်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ တနှစ်ကြာခဲ့သလို အခက်အခဲများစွာနဲ့  ဦးဆောင်ဖွဲ့စည်းခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ စက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိတွေကတော့ စက်ရုံ သမဂ္ဂ စတင်ဖွဲ့စည်းကတည်းက အငြိုးတွေရှိခဲ့တယ်လို့ လည်း သူက ပြောပြပါတယ်။

“သမဂ္ဂဖွဲ့ကတည်း သူဌေးနဲ့ တာဝန်ရှိသူတွေ အငြိုးအတေးတွေရှိတယ်ဆိုတာ သိတာတယ်။ သမဂ္ဂဖွဲ့တော့ အလုပ်သမားတွေကို ခိုင်းချင်သလို ခိုင်းလို့လည်းမရတော့ဘူး ၊ ဒါတွေကို ငြိုးထားခဲ့မှာ “ လို့ ပြောပြပါတယ်။

လူသုံးကုန်ပစ္စည်း  Rainbow အမှတ်တံဆိပ် ဆပ်ပြာဟာ ဈေးကွက်အတွင်းလူသိများသလို သုံးစွဲမှုများတဲ့ ကုန်ပစ္စည်း အမျိုးအစားဖြစ်လို့ အလုပ်သမား  ၄၀၀ လောက်နဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ အခြေစိုက် ထုတ်လုပ် နေပါတယ်။  

ကုန်ပစ္စည်း အမျိုးအစားပေါင်း ဆယ်ဂဏန်းထက်မနည်း ထုတ်လုပ်နေပြီး တနှစ်ပတ်လုံးလည်ပတ်နေတဲ့ စက်ရုံမို့ အကျိုးအမြတ် ကြီးမားတယ်ဆို မငြင်းနိုင်အောင်ပါဘဲ။

စက်ရုံတည်ထောင်တာ ဆယ်စုနှစ်မက ရှိခဲ့ပြီမို့ အလုပ်သမားတွေအတွက် အလုပ်အကိုင်အတွက် အားကိုးအားထားပြုနိုင်တဲ့ စက်ရုံလည်း ဖြစ်ခဲ့ပါတယ်။ 

အကျိုးစီးပွားအတွက် အလုပ်သမားတွေကို ဖိနှိပ်ခဲ့ ......

“ခွင့်တွေဆို ဘာအတွက်ဖြစ်ဖြစ် မပေးခဲ့ဘူး၊ အလုပ်မဆင်းနိုင်ရင် စက်ရုံမလာနိုင်ရင် ရက်ပျက် သတ်မှတ်ပြီး လုပ်ခတွေဖြတ်တာပဲ။ ဒါက စက်ရုံအကျိုးစီးပွားအတွက်လို့ မြင်ပါတယ်။ နောက် ရက်ပျက်ရင် အလုပ်ထုတ် မယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်။ “လို့ Rainbow ဆပ်ပြာစက်ရုံ အလုပ်သမားတဦးက ပြောပါ တယ်။

ဒါ့အပြင် ရက်ပျက် မဖြစ်အောင် ဖိအားပေးတာတွေကလည်း အလုပ်သမားတဦး ရဲ့ လုပ်အားကို ညစ်ထုတ်ယူ တာဖြစ်တယ်လို့  စက်ရုံအတွက် အကျိုးအမြတ် ရစေတယ်လို့  ဆက်ပြောပါတယ်။ 

“ စက်ရုံဘက်က အလုပ်သမားရဲ့ လုပ်အားလိုချင်တာ။ ဒီလုပ်အားတွေမရရင် အကျိုးစီးပွားမဖြစ်တော့ဘူး ။ ဒါကြောင့် ခွင့်တွေ မပေးဘူး။ ရက်ပျက် မဖြစ်အောင်ပြောပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်တာပဲလို့ မြင်တယ် ။” လို့ ပြောပါတယ်။ 

အချိန်ပို လုပ်ခလည်း မပေးခဲ့ဘဲ စက်ရုံကြီးကြပ်ရေးမှူးက ခိုင်းစေခဲ့တာကြောင့်လည်း စက်ရုံဘက်က အကျိုး စီးပွားများစွာ ဖြစ်ထွန်းခဲ့တယ်လို့ ပြောပါတယ်။

“တနေ့ကို ၅၀ ပြီးနိုင်တယ်ဆိုရင် သူက ၁၅၀ လောက်ပြီးအောင်လုပ်ဆိုပြီး ခိုင်းထားတယ်။ မပြီးလို့ အချိန်ပိုဆိုရင် လုပ်ခမပေးဘူး ။ “နင်တို့ကို အလုပ်ပြီးအောင် လုပ်ဆိုပြီး ခိုင်းထားတာ၊ ပြီးမှပြန်” ဆိုပြီး ပြောတယ်။ လုပ်ခ မပေးတာ ကလည်း လုပ်အားကို ညစ်ထုတ်၊ ကုန်ကျစရိတ် နည်းအောင်လုပ်ပြီး အကျိုးစီးပွားဖြစ်အောင် စက်ရုံ ဘက်က နှိပ်ကွပ်ခဲ့တာ။ အလုပ်သမားတယောက်ရတဲ့ လုပ်အားခက အခုဆို  ၅၈၀၀ ပဲ ရှိတယ်။ အလုပ် ပျက်ရင် မရဘူး။ အလုပ် လုပ်မယ်ဆိုရင် စက်ရုံအတွက် တသိန်းလည်း ဟုတ်တယ်၊ နှစ်သိန်းဆိုလည်း ဟုတ်တယ် ။ ”လို့ Rainbow ဆပ်ပြာစက်ရုံ အလုပ်သမားဟောင်းတဦးက ပြောပါတယ်။ 

Raingbow ဆပ်ပြာစက်ရုံထဲမှာ  အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေကို ချိုးဖောက်ခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို တခြားအလုပ်သမားတွေနဲ့ အတူ ခိုင်းစေတာကြောင့် ခန္ဓာကိုယ် ထိခိုက်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါ တယ်။

“စက်ရုံမှာ အလုပ်လုပ်နေရင်း အိမ် ထောင်ကျ၊ ကိုယ်ဝန်ဆောင်တွေရှိခဲ့တယ်။ ဒီလို ဝန်ထမ်းတွေကို ခန့်ထားတဲ့ ရာထူးအတိုင်းပဲ ဆက်ခိုင်းတယ်။ စက်မောင်း ဝန်ထမ်းတယောက်ဆို ကိုယ်ဝန်ဆောင်နေရင်း စက်မောင်းတာဝန် ကနေ နေရာပြောင်း မပေးခဲ့ဘူး။ စက်က တုန်ခါလို့ အဲဒီကိုယ်ဝန်သည် ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုပြီး ပြော တော့လည်း နေရာပြောင်းပေးတာ မရှိခဲ့ဘူး။ နောက် အဲဒီကိုယ်ဝန်သည် လုပ်ငန်းခွင်ထဲမှာ ဓါတ်လိုက် တာတွေ ဖြစ်သေးတယ်။ မေ့သွားတဲ့အထိပဲ ။ နောက်တော့ ဒီဒဏ်တွေမခံနိုင်လို့ အလုပ်က ထွက်သွားတယ်။ မွေးလာတဲ့ ကလေးမှာ အကျိတ်လုံးလေးတွေနဲ့ မွေးလာတယ်ကို တွေ့ရတယ်” လို့  Rainbow ဆပ်ပြာစက်ရုံ အလုပ်သမားဟောင်းတဦးက အလုပ်သမားတဦးက သူ့တွေ့ ရတဲ့ အဖြစ်အပျက်တခုကို ပြောပါတယ်။ 

ဒါ့အပြင် ကြီးကြပ်ရေးမှူးတွေက အမျိုးသမီး အမျိုးသား မခွဲခြားဘဲ လုပ်ခလစာ တိုးထားပေးရတယ်ဆိုပြီး ကိုယ်ဝန်သည် ပါမကျန် စက်ရုံ အလုပ်သမားအားလုံး အလေးအပင်မတာက စပြီး တန်းတူ လုပ်ကိုင်ပေးခဲ့ရ တယ်လို့ ပြောပါတယ်။ ဒါတွေဟာ ကျင့်ဝတ်ဖောက်ဖျက်ပြီး စက်ရုံဘက်က လုပ်အားညစ်ထုတ် အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်ဆောင် တာလို့ အလုပ်သမားတွေက ပြောပြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေရှိခဲ့လို့ စက်ရုံတာဝန်ရှိသူ အပါအဝင် လုပ်ငန်းရှင်တွေကို အလုပ်သမားတွေက ကိုယ်တိုင်တွေ့ဆုံ ပြောပြဖို့ ကြိုးစားကြပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ အလုပ်သမားတဦးက ပြောပြပါတယ်။

“စက်ရုံတာဝန်ရှိသူ ကို သွားတွေ့တယ် ၊ ရုံးခန်းထဲတ ပေးမဝင်ပါဘူး။ တွေ့တော့လည်း နင်တို့နဲ့ စကားပြောချိန် မရှိဘူးဆို ပြောသွားတယ်။ ခွဲခြား ဆက်ဆံ တာတွေပေါ့ ။ အလုပ်ရှင်ကိုလည်း ရုံးချုပ်အထိ သွားတွေ့တယ် ။ တွေ့ခွင့် မရဘူး ။ တင်ပြတဲ့စာကို ပေးတော့ ပုတ်ချသွားတယ်။ အဲလိုတွေ ဆက်ဆံခံခဲ့ရတာပါ။ အားလုံးကို သည်းခံ ပြီး ပြောပြခွင့်မရခဲ့လို့  ဆန္ဒထုတ်ဖော်တဲ့ အဆင့်အထိ ရောက်သွားခဲ့တာ” လို့ပြော MCE- Rainbow ဆပ်ပြာ စက်ရုံ အ​ခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင် တဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စက်ရုံအတွင်းက ကြီးကြပ်ရေးမှူးတချို့ အလုပ်သမားတွေကို ဖိနှိပ်မှုတွေရှိနေတာနဲ့ ဥပဒေပါ အခွင့်အရေးတွေ  ချိုးဖောက်နေတာတွေကြောင့် အလုပ်သမားတွေက စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆို ဆန္ဒပြခဲ့ရတာတွေကို အငြိုးထားပြီး သမဂ္ဂ ဖြိုခွဲဖို့တွေကို စက်ရုံဘက်က လုပ်ဆောင်ခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။   

အငြိုးထားလုပ်ဆောင်မှုတွေ......

“စက်ရုံဘက်က အငြိုးတွေ ရှိနေပြီလို့ သိရလိုက်တာက တရားစွဲကြောင်း အကြောင်းကြားတာကို သိလိုက် ရတဲ့ အချိန်ပါပဲ” လို့ Rainbow ဆပ်ပြာစက်ရုံ အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။ 

ဒီလို တရားစွဲတာကတော့ ဆန္ဒဖော်မှုတွေ အပြီး ၃ လ အကြာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။ တရားစွဲဆိုရာမှာ သမဂ္ဂခေါင်းဆောင် ၅ ဦးနဲ့ နီးစပ်သူ ၂ ဦးလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

“သမဂ္ဂခေါင်းဆောင် ၅ ဦးရယ်၊ နောက် ခေါင်းဆောင်ရဲ့ ညီမ တဦးရယ်၊ တက်ကြွလှုပ်ရှားတဦးရဲ့ အမျိုးသမီးကို ပါ တရားစွဲတာ။ ဒါနဲ့ စက်ရုံဘက်က တာဝန်ရှိသူကိုမေးတော့လည်း သူဌေးကိုယ်တိုင်က တရားစွဲခိုင်းတယ် ပြော တယ် ။ သမဂ္ဂအဖွဲ့ဝင် ၂ ယောက်ကို ဘာလို့တရားစွဲလဲဆိုတော့ ခေါင်းဆောင်တွေနဲ့ ဆွေမျိုး နီးစပ်တွေ ဖြစ်လို့ ဆိုပြီး ဖြေတယ်။ ဒါက အငြိုးတေးကြီးကြီး နဲ့ တရားစွဲခဲ့တာလို့ ပြောချင်ပါတယ်” လို့ သမဂ္ဂခေါင်းဆောင် တဦးက ပြောပါတယ်။ 

အလုပ်သမားတွေက လုပ်ငန်းခွင်အခြေအနေတွေကို အေးဆေးစွာတင်ပြလိုပေမဲ့ စက်ရုံလုပ်ငန်းရှင်နဲ့ တာဝန်ရှိသူတွေက လက်မခံတာကြောင့် အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေ ဖြစ်ပေါ်လာရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ လုပ်ငန်းခွင်အတွင်း ဖိနှိပ်တာတွေကို သူဌေးကို မပြောရင် ဘယ်သူ့ကို ပြောမလဲ။ တာဝန်ရှိသူကို ပြောခဲ့လည်း ပြောပေးမယ် ဆိုပြီ ဘာမှမဖြစ်လာဘူး။ တိုင်စာပေးတော့ ပုတ်ချသွားတယ်။ ဆန္ဒထုတ်ဖော်တဲ့ နည်းလမ်းက လွဲပြီး ဘာမှ မရှိတော့ဘူး ။ “ လို့ ဆက်ပြောပါတယ်။  

စက်ရုံဘက်က သမဂ္ဂဖွဲ့စည်းကတည်းက လုံးဝ လက်မခံခဲ့သလို့ အလုပ်သမားတွေမှာလည်း ဥပဒေပါ အခွင့်အရေးသာမက ကျင့်ဝတ်ဖောက်ပြီး အနိုင်ကျင့်ခံရလို့ မဖြစ်မနေ သမဂ္ဂဖွဲ့စည်းပြီး လပိုင်းအကြာမှာ ထုတ်ဖော် ဆန္ဒပြခဲ့ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“စက်ရုံအလုပ်သမား သမဂ္ဂ စဖွဲ့မယ်ဆိုပြီး သတင်းတွေထွက်တော့ အလုပ်သမားခေါင်းဆောင် တယောက်ကို အလုပ် နေရာရွှေ့တယ်။ အဲလိုရွှေ့တာက လုပ်ငန်းခွင်မှာ ဘာလုပ်ရမယ်ဆိုပြီး သတ်မှတ်ပေးတာမဟုတ်ဘူး။ ကြီးကြပ်ရေးမှူးရှေ့မှာ ဘာလုပ်ရမလဲ ဆိုပြီး မတ်တပ်ရပ်ပြီး စောင့်နေရတာ။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခဲ့တာပေါ့ ။အဲ့ကတည်းက သမဂ္ဂဖွဲ့မယ့်သူတွေကို အငြိုးထား ပြီး ဖိနှိပ်တာ” အလုပ်သမားဟောင်းတဦးက ပြောပြပါတယ်။ 

ဒါ့အပြင် သမဂ္ဂအဖွဲ့ထဲ ဝင်ကြမဲ့ အလုပ်သမားတွေကိုလည်း အလုပ်ထုတ်မယ်ဆိုပြီး စက်ရုံကြီးကြပ်ရေး မှူးက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ သမဂ္ဂအဖွဲ့ထဲ ဝင်မဲ့ အလုပ်သမားတွေကို အလုပ်နေရာ ပြောင်းရွှေ့တာ ၊ ပုံမှန်မဟုတ်တဲ့ အလုပ်တွေကို လုပ်ကိုင်ခိုင်းစေပြီး ဖိအားပေးတာတွေကြောင့် အလုပ်သမား တချို့ လုပ်ငန်းခွင်က ထွက်သွားရပြီး အဖွဲ့ဝင် ၆၀ လောက်သာ ကျန်ရှိခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင်က ပြောပါတယ်။ 

သမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်၊ သမဂ္ဂဖြိုခွဲ..

၂၀၁၉ ခုနှစ် ဆန္ဒပြနေစဉ်အတွင်း စက်ရုံဘက်က စင်ပြိုင် သမဂ္ဂအဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့တာကြောင့် MCE ဆပ်ပြာစက်ရုံ ထဲမှာ သမဂ္ဂ အဖွဲ့အစည်း နှစ်ဖွဲ့ ဖြစ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အဲဒီအဖွဲ့က ဆန္ဒပြနေတုန်း ဖွဲ့လိုက်တယ်။ အဖွဲ့ဝင်တွေကိုတော့ သုံးသောင်းပါတဲ့ စာအိတ်ကို ပေးပြီး လက်မှတ် ထိုးခိုင်းတယ်၊ အဲဒီလက်မှတ်တွေနဲ့ သမဂ္ဂဖွဲ့လိုက်တာ။ နောက် စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ သမဂ္ဂခေါင်းဆောင်ကို ထုတ်ပေးဖို့ ဆန္ဒပြခိုင်းခဲ့သေးတာ။ စက်ရုံထဲက အလုပ်သမားတွေက ဒီလို ဆန္ဒမပြနိုင်ဘူးဆိုပြီး ငြင်းလို့၊ အဲဒါ ပျက်သွားတာ။ ဒါကလည်း ဆန္ဒပြအဖွဲ့ကို အင်အား ယုတ်လျှော့အောင် ပြိုကွဲအောင် စက်ရုံဘက်က ဖွဲ့ခိုင်း ခဲ့တာ။ အဖွဲ့ဝင် လစဉ်ကြေးတွေကိုတောင် စက်ရုံဘက်က စိုက်ပေးခဲ့တယ်။ အဲ့ကတည်းက သမဂ္ဂကို ဖြိုခွဲဖို့ စီစဉ်တာ ။” လို့ ကိုယ်တွေ့ပါဝင်ခဲ့သူ အလုပ်သမားတဦးက ပြောပါတယ်။

စင်ပြိုင်ဖွဲ့စည်းခဲ့တဲ့ သမဂ္ဂအဖွဲ့ကတော့ ကပ်ရောဂါကာလအတွင်းမှာ စက်ရုံဘက်က ခိုင်းစေမှုတွေကို မလုပ်နိုင် တာကြောင့် လက်ရှိ လှုပ်ရှားမှု မရှိသလောက် ဖြစ်နေပြီလို့ အလုပ်ထုတ်ခံထားရဲ့တဲ့ သမဂ္ဂခေါင်းဆောင် တဦးက ပြောပါတယ်။

“သမဂ္ဂနှစ်ဖွဲ့ဖြစ်တော့ နှစ်မျိုးဖြစ်တာပေါ့၊ လုပ်ငန်းခွင် ကိစ္စဆိုရင် အဲ့ဘက်အဖွဲ့က ကန့်လန့်တိုက်တာပဲ၊ ဒါပေမဲ့ အလုပ်သမားအရေးကို ကန့်လန့်တိုက်လည်း အဲ့အဖွဲ့ဝင်တွေက ဝန်ထမ်းအလုပ်သမားတွေဆိုတော့ သူတို့ပဲ ပြန်ထိ တာပေါ့။ အခုဆို သုံးလေးယောက်လောက်ပဲရှိတော့တယ်။” လို့ပြောပါတယ်။ 

၂၀၁၉ ခုနှစ် ဆန္ဒထုတ်ဖော်ခဲ့အပြီး ၄ လလောက်မှာ စက်ရုံဘက်က သမဂ္ဂခေါင်းဆောင် ၇ ဦးကို  အရပ်ဖက် တရားရုံးမှာ တရားစွဲခဲ့လို့ အဲဒီ အလုပ်သမား ၇ ဦးဟာ ၄ နှစ် နီးပါးအကြာ တရားရင်ဆိုင်ခဲ့ရ ပါတယ်။ 

တရားရင် ဆိုင်တဲ့ ကာလအတွင်း သမဂ္ဂခေါင်းဆောင်တွေရဲ့ နေထိုင်မှု အခက်အခဲ၊ နိုင်ငံရေးနဲ့ ကပ်ရောဂါ အခြေအအနေ တွေကြောင့် အမှုကိုရုတ်သိမ်းဖို့ စက်ရုံပိုင်ရှင်ကို တောင်းပန် ပြောဆိုခဲ့ပေမဲ့ ရုတ်သိမ်းမပေးခဲ့ဘူးလို့ အလုပ်သမား တွေဘက်က ပြောဆိုပါတယ်။

“သမဂ္ဂဖွဲ့တာက အလုပ်သမားတွေ လုပ်ငန်းခွင်အခက်အခဲတွေကို တင်ပြ ပြောဆိုနိုင်ဖို့ ရည်ရွယ် ဖွဲ့ခဲ့တာ။ လုပ်ငန်းရှင်နဲ့ စက်ရုံကို ထိခိုက်ဖို့မပါဘူး။ ဆန္ဒပြတာကလည်း စက်ရုံဘက်က တင်ပြပြောဆိုတာတွေကို လက်မခံ ခဲ့လို့ ဖြစ်ခဲ့ရတာပါ။ သမဂ္ဂကို အငြိုးထားပြီး နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွဲဖို့ ကြိုးစားခဲ့တာတွေက မြင်သာ ပါတယ်။ နောက်ဆုံး နည်းလမ်းကတော့ အလုပ်သမားခေါင်းဆောင် ၇ ဦးကို အလုပ်ထုတ်ပြီး ဖြိုခွဲတဲ့ နည်းလမ်းကို သုံးခဲ့တာ ပါပဲ။ ဒါပေမဲ့ အလုပ်သမားတွေရှိရင် သမဂ္ဂလည်း ရှိနေမယ်။”  လို့ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံ အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦးက ပြောပါတယ်။

စက်ရုံဘက်က တရားစွဲထားလို့ ရင်ဆိုင်နေရတဲ့ ကာလအတွင်း MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ မြိုနယ် ဦးစီးမှူးကိုယ်တိုင် လာရောက် ညှိနှိုင်းတာတွေ ရှိခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ 

သမဂ္ဂအဖွဲ့ သို့မဟုတ်  စက်ရုံနှင့် အလုပ်သမားကြားက ညှိနှိုင်းရေး ယန္တယား

“လုပ်ငန်းရှင်နဲ့ လုပ်ငန်းတာဝန်ယူတွေက သမဂ္ဂကို သူပုန်လို့ မြင်နေတယ်။ တကယ်တော့ သမဂ္ဂခေါင်းဆောင် တွေ ၊ သမဂ္ဂအဖွဲ့တွေဆိုတာ စက်ရုံနှင့် အလုပ်သမားကြားက ညှိနှိုင်းရေး ယန္တယားပါ။ သမဂ္ဂအဖွဲ့က နှစ်ဖက် အကျိုးရှိ စေပါတယ်” လို့ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင် တဦးက ပြောပါတယ်။

ဥပဒေသတ်မှတ်ချက်အတိုင်း သင်တင့်မျှတစွာ စီစဉ်ဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေအတွက် သမဂ္ဂအဖွဲ့တွေက များစွာ အထောက်အကူပြုနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

“ကုန်ပစ္စည်း ထုတ်ဖို့လိုအပ်ရင် အလုပ်သမားတွေရဲ့ လုပ်အားက လိုအပ်ပြီ၊ ဒီလို အချိန်ပိုလုပ်ဖို့အပ်လာရင် တချို့ အလုပ်သမားတွေကလည်း မဆင်းချင်တာရှိတယ်။ ဥပဒေပါအတိုင်းဆို အလုပ်သမားတွေရဲ့ဆန္ဒက အရေးပါတယ်။ ဒီဖြစ်နေရင် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ညှိနှိုင်းပေးခဲ့ရတာတွေ ရှိတယ်။ MCE စက်ရုံထဲမှာ ကိုဗစ်တို့ ၊ နိုင်ငံရေး အခြေအနေ မကောင်းလို့ စက်ရုံ ပိတ်ခဲ့ရတဲ့ ရက်မှာလည်း အလုပ်သမားသမဂ္ဂက နှစ်ဖက် အဆင်ပြေ အောင် ဆောင်ရွက်ပေးခဲ့တယ်” လို့လည်း ပြောပါတယ်။ 

စက်ရုံနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးခဲ့သလို့ အလုပ်ရှင်က တရားစွဲဆိုထားတဲ့ အမှုနှစ်မှု ကိုလည်း တရားရုံးမှာ ဆက်လက် ရင်ဆိုင်ခဲ့ကြတယ်လို့ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင်တွေက ဆက်ပြောပါတယ်။ 

“တရားရင်ဆိုင်ရတဲ့ လေးနှစ်ကျော် ကာလမှာ စက်ရုံနဲ့ အဆင်ပြေပြေ ညှိနှိုင်းလုပ်ဆောင်ခဲ့တယ်။ စက်ရုံနဲ့ ပြ
ဿနာမရှိခဲ့ဘူး ။ ပြဿနာကို ဖြစ်စေခဲ့တဲ့ ကြီးကြပ်ရေးမှူး လုပ်ဆောင်ချက်တွေကို အရေးယူခြင်း မရှိဘဲ  မျက်ကွယ်ပြုခဲ့ပြီး  ဖိနှိပ်မှုမျိုးစုံ ခံခဲ့ရတဲ့ အလုပ်သမားတွေကိုတော့ စက်ရုံဘက်က စာနာထောက်ထားမှု မရှိခဲ့ပါဘူး။ သမဂ္ဂက စက်ရုံကို ကူညီခဲ့တာတွေ အများကြီး ရှိခဲ့တယ်ဆိုတာ ဝန်ထမ်းတွေကစ သိပါလိမ့်မယ်” လို့ MCE- Rainbow ဆပ်ပြာစက်ရုံ အ​ခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင်က ပြောပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၁၅ ရက်မှာတော့တရားရုံးက ဒဏ်ငွေ ၁၅၀၀၀ ချမှတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်မှာ EC စာချုပ်နဲ့ ညှိစွန်းတယ်ဆိုပြီး သမဂ္ဂအဖွဲ့ဝင် ၆ ယောက်ကို အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

အဲဒီလို သမဂ္ဂ ခေါင်းဆောင်တွေ အလုပ်ထုတ်ပြီးနောက် နိုဝင်ဘာ ၂၁ ရက်မှာ MCE - Myanmar Consumer Enterprise ဆပ်ပြာစက်ရုံကို ၁၀ ရက် ပိတ်မယ်ဆိုပြီး ပြောဆိုကာ လုပ်ခလစာ ၅ ရက်အတွက်ပဲ စက်ရုံဘက်က ပေးချေမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။

“အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ မရှိတာနဲ့ စက်ရုံမှာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ပြောဆို လုပ်ကိုင်တာ ကတော့ လက်တွေ့ပဲ ။ ဒါကြောင့် စက်ရုံအလုပ်သမားသမဂ္ဂ မပြိုခွဲအောင် ကြိုးစားသွားမယ်။ အခု အလုပ်ထုတ် တာကိုလည်း လက်ခံထားတာမဟုတ်ဘူး ။ တက်နိုင်တဲ့ အဆင့်ထိ တက်ကြမှာပါ။ တယောက်ကတော့ အလုပ်က ထွက်သွားပြီ၊ ၆ယောက်ကျန်တာကို အလုပ်ထုတ် ဆိုပြီး စက်ရုံဘက်တော့ ခေါ်ပြောတယ် ။ နောက် နစ်နာကြေး လို ပမာဏ တခုပေးမယ်ဆိုပြီးပေါ့၊  လက်မခံခဲ့ပါဘူး။ သမဂ္ဂဖြိုခွဲတယ်လို့ ယူဆထားလို့ ၊ သမဂ္ဂတည်မြဲရေး အတွက်  အဆင့်တွေ ဘယ်လောက်ရှိရှိ ၊  ရင်ဆိုင်ကြမှာပါ “ လို့ သမဂ္ဂခေါင်းဆောင်က ပြောကြားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024
Cover
စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ
Apr 27, 2024
Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024