NEWS

KARISMA Apparel အထည်ချုပ်စက်ရုံ ဥပဒေပါ ရှောင်တခင်ခွင့် ပြဌာန်းချက်ထက် ကျော်လွန်ပြီး  ဆေးစာတောင်း

CoverLogo
1.4K Views

ပဲခူး အခြေစိုက် Karisma Apparel (myanmar) Co.,ltd အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမားတွေ အကြောင်းကြောင့် ရှောင်တခွင့်တောင်းရာမှာ ဥပဒေ ပြဌာန်းချက်ထက် ကျော်လွန်ပြီး ဆေးစာယူလာဖို့ ပြောဆို တာကြောင့် အလုပ်သမားအများစု ရက်ပျက် ဖြစ်ပြီး ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

“ရှောင်တခွင့်ပေးပါလို့ ပြောရင် စက်ရုံဘက်က ဆေးစာယူလာဖို့ ပြောတယ်။ ဒီခွင့်က ဆေးစာမလိုဘူးလေ ။ ဆေးခွင့်မှ ဆေးစာလိုတာမျိုးမလား ။ ဒါကို ဆေးစာတောင်းတော့ မပေးနိုင်ဘူးပေါ့ ။ ဆေးစာ မပေးနိုင်တာနဲ့ဘဲ ရက်ပျက်ဖြစ်နေရတယ် ” လို့ အလုပ်သမား တဦးက ပြောပါတယ်။

“၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ” ရဲ့ နည်းဥပဒေ အပိုက် (ဂ) မှာ” ရှောင်တခင်ခွင့်အတွက် အခကြေးငွေ/ လစာ ခံစားခွင့်ရှိတယ်” လို ပြဌာန်းထားပြီး အဲဒီခွင့်အတွက် ဆေးစာ ၊ ဆေးလက်မှတ် တင်ပြရ မယ်လို့ ပြဌာန်း ထားတာ မရှိပါဘူး။ ဒါ့ အပြင် ဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ် (EC ) မှာလည်း ဆေးစာ ဆေးလက်မှတ် တောင်းယူရမယ်လို့ ဖော်ပြထားတာမရှိဘဲ အလုပ်သမားက လုပ်ငန်းခွင် ပြန်ဝင်တဲ့ နေ့ရက်မှာ ခွင့်စာတင်ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ 

Karisma Apparel (myanmar) Co.,ltd အထည်ချုပ်စက်ရုံဘက်က ရှောင်တခင်ခွင့်ကို ဥပဒေမှာ ပြဌာန်းတားတာ ထက်ပိုတဲ့ စည်းကမ်းချက်တွေကြောင့် အလုပ်သမားတွေမှာ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ Myanmar Labour News ကို Karisma Apparel အလုပ်သမား တဦးက ပြောပါတယ်။ 

“ စက်ရုံမှာ အဲ့ရှောင်တခင်ခွင့်ကို တနင်္ဂနွေလို ပိတ်ရက်နဲ့ တွဲယူလို့မရဘူး။ စနေ့ အကြောင်းတခုခု ဖြစ်ရင် ရှောင်တခင် ခွင့်က မရဘူး ။ နောက် တနင်္လာနေ့မှာလည်း ခွင့်ယူလို့ မရဘူး ။ ရှောင်တခင်ခွင့်ဆိုတာ တခြားခွင့် အမျိုးအစားနဲ့ တွဲယူလို့ မရဘူးဆိုတာ သိထားတယ်။ အများပြည်သူ အလုပ်ပိတ်ရက်တို့ ၊ ရက်သတ္တပတ် အလုပ် ပိတ်ရက်တွေ ပြီးရင် ဆက်ယူလို့ ရတယ်လို့ သိထားတယ်” လို့  ပြောပါတယ်။ 

“၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ” ကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် သုံးလ ဒါမှ မဟုတ် ကျပ်ငါးသောင်းထက် မပိုတဲ့ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံမယ်လို့ ပြဌာန်းထား ပါတယ်။ 

Karisma Apparel (myanmar) အထည်ချုပ်စက်ရုံက ဥပဒေပြဌာန်းချက်ထက် ကျော်လွန်ပြီး လုပ်ဆောင် နေတာ ကြောင့် အလုပ်သမားတွေမှာ တရက်လုပ်ခအပြင် ရက်မှန်ကြေးပါ ဖြတ်တောက်ခံနေရတယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။

“ရက်ပျက်တာနဲ တရက် ၄၈၀၀ နဲ့ ရက်မှန်ကြေးတွေကို ဖြတ်တာ။ အိုတီ ရတယ်ဆိုရင်တောင် တလ နှစ်သိန်း မကျော်တာ။ ရက်မှန်ကြေးအဖြတ်ခံရင် အခက်အခဲ ဖြစ်တာပဲ ။ ကလေးတွေစာရိတ်နဲ့ ဆိုတော့ ခက်ခက်ခဲခဲပဲ။ ၁၅ ရက် ကျော်တာနဲ့ သေချာပေါက် ချေးငှားရတယ်။ ခွင့်ဆိုတာမျိုးကို အလုပ်သမားတွေက လိုအပ်မှ ယူတာပါ ။ လုပ်သက်ခွင့်က ပိုက်ဆံပေးထားတော့ ရှောင်တခင်ခွင့်ကိုပဲ အရေးပေါ်သုံးတဲ့ သဘောပါပဲ။ ရှောတခင်ခွင့်ကို ဖျားနာနေမှ ဆေးစာပါမှ ဆိုတော့ ခွင်ရဖို့ နာမကျန်းဖြစ်ပေးရမလို ဖြစ်နေတယ်” လို့ ပြောပါတယ်။ 

ပဲခူးမြို့ရေကြီးနစ်မြုပ်စဉ်ကလည်း စက်ရုံကို ရက်အနည်းငယ် ပိတ်ခဲ့ပြီး အဲဒီပိတ်ရက်တွေအတွက် စက်ရုံဘက်က လုပ်ခလစာ မဖြတ်တောက်ဘူးလို့ ပြောဆိုခဲ့ပေမဲ့ တချို့အလုပ်သမားတွေမှာတော့ လုပ်ခ လစာအပြည့်အဝ မရရှိခဲ့ဘူးလို့  Karisma Apparel (myanmar) အလုပ်သမားတွေက ပြောပါတယ်။ 

“ရေကြီးတော့ စက်ရုံ တပတ်လောက်ပိတ်တယ်။ စက်ရုံ WCC အဖွဲ့ဝင်တွေက အဲဒီ ပိတ်ရက်အတွက် လုပ်ခ လစာ ပေးဖို့ ပြောတော့ စက်ရုံကလည်း ပေးမယ် ပြောတယ်။ တကယ်လည်း လစာထွက်တော့ မရတဲ့သူတွေက မရဘူး ။ ရတဲ့သူက ရကြတယ်။ မညီမညာဆိုတော့ နစ်နာကြတာပေါ့ ၊ ရုံးတွေကို တိုင်တန်းဖို့ကလည်း အလုပ်သမားရုံးကို သွားဖို့ နေနေသာသာ ဖုန်းတောင် မဆက်ရဲ ကြဘူး “ လို့   ပြောပါတယ်။ 

ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာတွေကို ပဲခူးမြို့နယ် အလုပ်သမားဥပဒေရုံးကို တိုင်ကြားခဲ့ဖူးပေမဲ့ တိုင်ကြားတဲ့ ဖုန်းနံပါတ် ၊ လူပုဂ္ဂိုလ် အမည်တွေကတော့ စက်ရုံဘက်က အမြဲသိရှိနေတယ်လို့  Karisma Apparel (myanmar) အလုပ်သမားတွေက ပြောပါတယ်။

“ ပဲခူး အလုပ်သမားရုံးတွေကို ဖုန်းနဲ့တိုင်လည်း ဖုန်းနံပါတ်ကို စက်ရုံက သိသွားတယ်။ လူကိုယ်တိုင် တိုင်ကြား တယ်ဆိုရင် ရုံးအပြင်တောင် မရောက်သေးဘူး စက်ရုံက သိနေပြီ။ တိုင်ကြားလို့ စက်ရုံဘက်က ချက်ချင်း အလုပ် ထုတ်တာမရှိပေမဲ့ လုပ်ငန်းခွင် အဆင်မပြေတာတွေ များလာပြီး အလုပ်က ထွက်သွားရတယ်။ ဒါတွေက ပဲခူး အလုပ်သမားရုံးက တာဝန်ရှိသူတွေရဲ့ ကျင့်ဝတ်ဖေါက်ဖျက်မှုတွေကြောင့် အလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံး နေရတာပါ” လို့ ပြောပါတယ်။ 

Karisma Apparel (myanmar) အထည်ချုပ်စက်ရုံရဲ့ EC စာချုပ်မှာ အလုပ်ငန်းခွင် ကြိုပို့ယာဉ် အစီအစဉ်နဲ့ ပတ်သက်ပြီး  ထည့်သွင်းချုပ်ဆိုထားပေမဲ့ စာချုပ်ပါအတိုင်း ဆောင်ရွက်ပေးတာမရှိဘူး လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။

“စနေလို့ နေ့တွေမှာ အချိန်ပိုကို လူနည်းနည်းပဲ ဆင်းခိုင်းတယ်။ အဲဒီ နေ့တွေဆို အပြန် ဖယ်ရီကို စက်ရုံက မပေးဘူး။  ကိုယ်ပိုင်အစီစဉ်နဲ့ ပြန်ရတယ်။ ပဲခူးစက်မှုဇုန်က မြို့နဲ့ လှမ်းတယ် ။ စက်မှုဇုန်ထိပ်ကို တဆင့်၊ အိမ် တဆင့် အဲလို ပြန်ရတယ်။ စုပေါင်းပြီး စီးရင်တောင် တစ်ယောက်ကို နှစ်ထောင် လောက်ကုန်မှ အိမ်ကို ရောက်တယ် ။ စနေ့နေ့အတွက်က အချိန်ပိုက ၄ နာရီဆိုရင် ၄၈၀၀ ပဲရတယ်။ အပြန်ခက ၂၀၀၀ ဆို ။ ရတဲ့ အချိန်ပိုလုပ်ခ ကုန်နေပြီ။ ဒါတွေက စာချုပ်ဖောက်ဖျက်တာပဲ။ မဖြစ်သင့်ဘူး လေ ။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

၂၀၁၃ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမှာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)ပါ အချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက သုံးလထက် မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူခြင်းခံမယ်လို့လည်း ပြဌာန်းထားပါတယ်။ 

Karisma Apparel (myanmar) Co.,ltd ကတော့ ပဲခူးမြို့၊ ပဲခူးစက်မှုဇုန် ၊ ညောင်အင်းကျေးရွာအနီးမှာ ရှိပြီး လက်ရှိ လုပ်သား အင်အား  ၁၃၀၀ ဝန်းကျင်လောက်နဲ့ LIDL  တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေ က ပြောကြားထားပါတယ်။ စက်ရုံကို ဟောင်ကောင် တရုတ်လူမျိုး တဦးပိုင်ဆိုင်ပြီး စက်ရုံအတွင်း လုပ်ငန်းခွင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ WCC ကို ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026