NEWS

29 ရွှေဆိုင်မှာ စရံငွေ ၂ သိန်းပေး အလုပ်လုပ်ရပြီး  စရံပြန်တောင်းလျှင်ခြိမ်းခြောက်ခံရဟုဆို

CoverLogo
1.7K Views

29 ရွှေဆိုင်ရဲ့ အလုပ်သမားတွေ  ခွင့်ရက်ရယူရာမှာ ဥပဒေနဲ့မညီတဲ့စာချုပ်ပေါ်ထွက်လာပြီးနောက် အဆိုပါ ဆိုင်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတိုင်းစရံငွေပေးသွင်းရပြီး အလုပ်ထွက်ပါက စရံငွေပြန်မရဘဲ ခြိမ်းခြောက်ခံရတာတွေသာ ကြုံရတယ်လို့ အလုပ်ထွက်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။  

"စရံက၂သိန်းပေးရတယ်။ အလုပ်သမားတိုင်းကအလုပ်လုပ်ဖို့စရံပေးရမယ်ဆိုတော့ နားကပ်ပေါင်ပေးရသူနဲ့မရှိရှိတာရောင်းပေးကြသူနဲ့။ တစ်သိန်းပဲရှိရင်စရံတစ်သိန်းပေးပြီး ကျန်တဲ့တစ်သိန်းကိုလစာထဲကနေဖြတ်ယူတာ။ စောင့်ကြည့်ပြီး လို့စာချုပ်မယ်ဆိုတော့ ၃ နှစ်စာချုပ်ချုပ်ဖို့ရှေ့နေနဲ့။ ဘောနပ်သိန်း၂၀ ကြိုပေးထားမယ်။ ၃နှစ်မပြည့်မချင်းမထွက်ရဘူး။ တူးနိုင်းမကောင်းကြောင်းလုံးဝမပြောရဘူး။ စာချုပ်မပြည့်ခင်ထွက်ရင် ဘောနပ်သိန်း၂၀ ရဲ့ဆယ်စလျော်ရမယ်။ မလျော်နိုင်ရင်ထောင်ချမယ်။ နှစ်မပြည့်ခင် ထွက်ရင်စပေါ်ပြန်မရဘူး တောင်းရင်ခြိမ်းခြောက်မှုမျိုးစုံပဲ။ အလုပ်ကထွက်ရင်စပေါ်ပြန်ရမယ် ထုတ်ရင်စပေါ်ဆုံးမယ်ပြောပြီး ထွက်တဲ့သူတိုင်းကိုထုတ်တယ်ဆိုပြီး စပေါ်ငွေပြန်မပေးတာ" လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဝန်ထမ်းဟောင်း က ဆိုပါတယ်။  

အဆိုပါ  စိန်ရွှေရတနာဆိုင်ကအလုပ်သမားတွေဟာ စရံငွေနှစ်သိန်းပေးဆောင်ရပြီး နှစ်အလိုက်စာချုပ်ချုပ်ဆိုရကာ ၂နှစ် ၃နှစ် ၅နှစ်မှ ၇နှ်အထိ စာချုပ်ချုပ်ဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရွှေဆိုင်လက်အောက်မှာ အလုပ်သမား ၇၀၀ ခန့်လုပ်ကိုင်နေတာလို့ သိရပါတယ်။

စာချုပ်ဟာ  ၃ နှစ်စာချုပ်ချုပ်ဆိုပါက အလုပ်သမားကို ဘောနပ်အဖြစ်ငွေကျပ် သိန်း ၂၀ ကြိုထုတ်ပေးထားကာ နှစ်အလိုက်စာချုပ်များရင်များသလို ဘောနပ်ငွေပိုမိုတိုးမြှင့်ထုတ်ပေးတာကြောင့် အခက်အခဲရှိတဲ့အလုပ်သမားတိုင်းက စရံငွေ ၂ သိန်းရင်းကာ စာချုပ်ချုပ်ဆိုပြီးဘောနပ်ကြိုယူထားတာကြောင့် ဥပဒေနဲ့မညီညွတ်တဲ့ စာချုပ်ပေါ်မှာလက်မှတ်ထိုးပေးနေခြင်းလည်းဖြစ်ပါတယ်။ 

ဒါ့အပြင်စာချုပ်ပေါ်မှာ တူးနိုင်းရတနာဆိုင်ရဲ့ မကောင်းကြောင်းထုတ်ဖော်ပြောဆိုခြင်းမပြုရသလို အလုပ်ထွက်ပြီး ၆ လအတွင်း မည်သည့်ရွှေဆိုင်မှဝင်ရောက်လုပ်ကိုင်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်ပါက တရားစွဲဆိုခံရမယ်လို့ပါရှိတယ်လို့လည်း သိရပါတယ်။ 

"စာချုပ်က ၃ နှစ်ဆိုတော့  မချုပ်ဘူးလို့ပြောတာ ထွက်မယ်ပြောတာ။ သူတို့ကအထွက်မခံဘူး။ နောက်ပြီး ၆ လအတွင်း ဘယ်ရွှေဆိုင်မှအလုပ်မလုပ်ရဘူးဆိုတာလည်း သဘောမကျဘူး။ ဘောနပ်ရဲ့ဆယ်ဆတင်မကဘူး လုပ်ထားပြီးတဲ့လခတွေပါပြန်လျော်ရမှာ မကြိုက်လို့မချုပ်ဘူးမလုပ်ဘူးဆိုတော့ အလုပ်ထုတ်လိုက်တယ်ဆိုတဲ့စာချုပ်ပေါ်လက်မှတ်ထိုးရတယ်။ စရံပြန်မရဘူး။ မထိုးဘူးဆိုတော့ ထိုးတာက နင့် အတွက်ပိုကောင်းတယ်ခြိမ်းခြောက်တယ်။ အလုပ်သမား ၁၀ ယောက်မှာ စရံပြန်ရတာတစ်ယောက်လောက်ပဲရှိတယ်။ အကြောင်းအမျိုးမျိုးနဲ့ပြန်မရကြဘူး" လို့ ၎င်းကဆက်လက်ပြောဆိုပါတယ်။ 

လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရှိရတဲ့ 29 စိန်ရွှေရတနာဆိုင်ရဲ့ အလုပ်ရှင်နဲ့အလုပ်သမားအကြား ချုပ်ဆိုရတဲ့ ခွင့်ရက်ရယူခြင်းဆိုင်ရာသဘောတူစာချုပ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါစာချုပ်ဟာ ဥပဒေနဲ့မညီတဲ့စာချုပ်ဖြစ်လို့ဝေဖန်မှုတွေရှိခဲ့တာဖြစ်သလို လုပ်ငန်းပိုင်ရှင်ရဲ့  Live လွှင့်ဖြေရှင်းမှုမှာပါ အလုပ်သမားဆီကရယူထားတဲ့စရံပေးစာချုပ်ထပ်မံထွက်ပေါ်လာပြီး စရံတွေပြန်မရဘူးလို့ အများစုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 

"deposit 2 သိန်းကတော့တကယ်ပေးရတာနော် ညီမအလုပ်သွားလျှောက်တာ လစာက ၄ သိန်းတဲ့ deposit 2 ( စပေါ်ငွေ) သိန်းဆိုလို့ သွားမလုပ်တော့တာ cctv ကလဲတစ်ယောက်ကိုတစ်လုံးတပ်ထားသလားအောက်မေ့ရတယ် အများကြီးပဲ စည်းကမ်းကလဲ department တစ်ခုနဲ့တစ်ခုလဲ သူငယ်ချင်းမဖြစ်ရ စကားမပြောရဘူးတဲ့ ပိုက်ဆံလိုလို့အလုပ်လုပ်ပါတယ်ဆိုမှ ပိုက်ဆံအရင်တောင်းလို့မလုပ်ခဲ့တာမှန်သွားတယ်'" လို့ တူးနိုင်းရဲ့ပြန်လည်ဖြေရှင်းမှု Live အောက်မှာ မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ 

အဆိုပါလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက လုပ်ငန်း မကောင်းကြောင်းထုတ်ဖော်ပြောဆိုလို့မရသလို ပြောဆိုပါကရွှေခိုးသည်ဆိုကာ တိုင်ကြားခံရနိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့အမှုဖွင့်ခံရမယ်လို့လည်းဆိုကာ အလုပ်သမားများစွာကို လည်း အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေရဆဲ အလုပ်သမားတွေလည်း အများအပြား ရှိနေတာကိုတွေ့ရှိရပါတယ်။

အဆိုပါ 29 ရွှေဆိုင်မှဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုး သမီးတစ်ဦးရဲ့မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ မိဘနေအိမ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၈ ရက်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့လာရောက်ချိတ်ပိတ်သွားသလိုပစ္စည်းတချို့ကိုလည်း သိမ်း ယူသွားလို့ အဆိုပါဝန်ထမ်းရဲ့မိဘများနေအိမ်မဲ့ဘဝဖြင့် ဒုက္ခရောက်ခဲ့ရတယ်လို့ Border News Agency က ၂၀၂၃ အောက်တိုဘာ ၈ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

အဆိုပါတူးနိုင်းရွှေဆိုင်ရဲ့ အဓိကရှယ်ယာဝင်တွေဟာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေဖြစ်သလို တူးနိုင်းရဲ့ပိုင်ရှင်အမျိုးသမီးဆိုသူမှာလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ဆွေမျိုးတော်စပ်သူဖြစ်လို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ အမှန်တရားပေါ်ပေါက်ဖို့ အခွင့်အရေး နည်းပါးနေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026