NEWS

အလုပ်ရှင်က စက်ရုံတွင်း ပစ္စည်းတွေရွှေ့ပြောင်းသယ်ယူနေလို့ အလုပ်သမားတွေစိုးရိမ်နေ

CoverLogo
799 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန် ငွေပင်လယ် ၂ လမ်း အမှတ် ၂၁ (က)မှာဖွင့်လှစ်ထားတဲ့ Myanmar U-Known ငါးမျှားချိတ်နှင့် အားကစားပစ္စည်းစက်ရုံမှာ စက်ရုံတွင်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့ ‌မြေအောက်ကြိုးတွေပါ မကျန် ‌အလုပ်ရှင်က ရွှေ့ပြောင်းသယ်ယူနေပြီး အလုပ်သမားတွေကို မည်သည့် အကြောင်းအရာမှ အသိပေးခြင်းမရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ စိုးရိမ်နေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ဦးရေ ၂၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းလည်ပတ်တာ ၈ နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ လုပ်ငန်းခွင်ဟာ ငါးမျှားချိတ်နှင့် အားကစားပစ္စည်းတွေ ထုတ်လုပ်တာဖြစ်ပြီး လက်ရှိမှာတော့ အလုပ်သမားတွေကို အလုပ်ခိုင်းစေခြင်းမရှိဘဲ ရေမြောင်းဖော်ခိုင်းတာ သန့်ရှင်းရေးတွေ လုပ်ခိုင်းတာရှိပြီး ကျန်အချိန်များမှာ စက်ရုံတွင်း ငုတ်တုတ်ထိုင်နေရတာဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

"ဩဂုတ်လ ၁၁ ရက်နေ့မှာ စက်ပစ္စည်းအချို့ကို ဗီယက်နမ်နိုင်ငံမှာဖွင့်မဲ့ စက်ရုံမှာ ပြန်လည်အသုံးပြုဖို့ သယ်ထုတ်နေတာပါ မလိုအပ်တဲ့ပစ္စည်းတွေကိုတော့ သူဌေးရဲ့တာဝန်ခံက ထုခွဲရောင်းချနေတာပါ အဲ့ဒါကိုအလုပ်သမားတွေကတွေ့လို့ မေးတော့ တာဝန်ခံကနေ အော်ဒါမရှိလို့ မလိုအပ်တဲ့ပစ္စည်းတွေ ပြန်ပို့နေတာလို့ ပြောပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားတွေကို သက်ဆိုင်ရာဌာနက ခေါ်လို့ သွားတုန်းကလည်း အလုပ်သမားတွေက ဌာနဆိုင်ရာတွေရှေ့မှာပဲမေးပါတယ်။ အလုပ်သမားတွေကို အလုပ်ခိုင်းတာမရှိဘဲ လုပ်ငန်းခွင်ထဲက ပစ္စည်းတွေ သယ်ထုတ်လို့ ရလားလို့မေးတော့ အလုပ်ရှင်က အလုပ်သမားတွေကို လစာပေးမြဲပေး‌ထားပြီး အလုပ်ကလည်းထုတ်မထားတော့ သူ့ပိုင်ဆိုင်မှုကို သယ်ထုတ်တာ အစိုးရဌာနက ဝင်ရောက်ပြောဆိုလို့ မရဘူးလို့ပြောပါတယ်။ အလုပ်သမားတွေကလည်း ပစ္စည်းတွေအကုန်သယ်ထုတ်ပြီးရင် ထွက်ပြေးမယ်ဆိုတာသိသိကြီးနဲ့ လက်ပိုက်ကြည့်နေရမှာလား မေးတော့ သူဌေးက အခုထွက်ပြေးပြီလားတဲ့ မထွက်ပြေးသေးရင် မပြောနဲ့ ထွက်ပြေးတဲ့အခါကျရင် ဥပဒေနဲ့အညီလုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြေရှင်းပေးမယ်လို့ ပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

လက်ရှိ စက်ရုံမှာတော့ မြေကြီးထဲက မီးကြိုးပါမကျန် ပြန်လည်တူးဖော်သယ်ယူနေတာ ပစ္စည်းတွေကို ကွန်တိန်နာနဲ့ သယ်ယူနေတာတွေကို အလုပ်သမားတွေက ဓါတ်ပုံမှတ်တမ်းရယူရာမှာ ဖုန်းတွေကို သိမ်းတာတွေပြုလုပ်တယ်လို့ ဆိုပါတယ်။

အကယ်၍စက်ရုံပိတ်သိမ်းမည်ဆိုပါကလည်းအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လျော်ကြေး ‌နစ်နာကြေးတွေပေးဖို့ လိုလားတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခုလို စက်ရုံတွင်းရှိ ပစ္စည်းများသယ်ထုတ်တာကို သက်ဆိုင်ရာအလုပ်သမား‌ဌာနတွေက သိရှိထားသော်လည်း အလုပ်သမားများကို အကာအကွယ်ပေးခြင်းမရှိဘဲ လက်လွယ်စပယ် ဖြေကြားပြီး အရေးတယူမလုပ်တာကြောင့် အလုပ်သမားတွေအနေနဲ့ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

"ဒီလိုမျိုး ကေစ့်တွေဖြစ်ပြီဆို အလုပ်သမားတွေကအရမ်းနစ်နာပါတယ် ဘာလို့လည်းဆိုအလုပ်ရှင်ထွက်ပြေးပြီဆို အလုပ်သမားတွေက သူတို့ရသင့်ရထိုက်တဲ့ လုပ်သက်နစ်နာကြေးတွေ ကို ပြည့် ပြည့်ဝဝရတော့မှာမဟုတ်ပါဘူး အခုဆို သက်ဆိုင်ရာရုံးတွေကို သိရဲ့သားနဲ့ အလုပ်သမားတွေကို လက်လွတ်စပယ်ပြောတာ သိထားတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းပေးရမှာကို မဖြေရှင်းပေးဘဲ လျစ်လျူရှု့နေတဲ့ ပုံစံမျိုးဖြစ်နေတယ်"လို့ အလုပ်သမားအရေးလေ့လာစောင့်ကြည့်နေသူက ‌မှတ်ချက်ပြုပြောဆိုပါတယ်။

ယခင်က စက်မှုဇုန်ထဲက စက်ရုံအချို့ လုပ်ငန်းပိတ်သိမ်းရာမှာ အလုပ်သမားတွေအတွက် အလုပ်ထုတ်နစ်နာကြေးကို ဥပဒေနဲ့အညီပေးချေရမှာဖြစ်ပေမဲ့ ဖြေရှင်းမပေးဘဲ အလုပ်ရှင်ထွက်ပြေးမှုတွေ ဖြစ်ပွားပါက စက်ရုံတွင်းပစ္စည်းတွေကိုလေလံတင်ရောင်းချကာ ကျန်ရှိ သည့် ပေးစရာများကို ပေးချေလေ့ရှိပြီးလက်ရှိမှာတော့ လုပ်ငန်းလည်ပတ်မှုမရှိတော့သလို လုပ်ငန်းခွင်ထဲက တန်ဖိုးရှိပစ္စည်းတွေကို သယ်ထုတ်နေတာဟာ သံသယဖြစ်စရာကောင်းတာကြောင့် အလုပ်သမားတွေကို မှန်မှန်ကန်ကန် အသိပေးပြောဆိုဖို့နဲ့ သက်ဆိုင်ရာ ဌာနများမှ ဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားတွေကပြောပါတယ်။

 

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
Asian Just စက်ရုံ လုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံ
Oct 24, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ
Oct 24, 2025
Cover
Mayfair စက်ရုံအလုပ်သမားများ လုပ်အားခနှင့် အခွင့်အရေးများ ချိုးဖောက်ခံနေရ
Oct 24, 2025
Cover
CHI MEI အထည်ချုပ်စက်ရုံ လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု အလုပ်သမားဥပဒေများအား ချိုးဖောက်
Oct 23, 2025
Cover
Myanmar Huasheng Kefu Fashion Co.,ltd အချိန်ပိုဖိအားဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်
Oct 23, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 21, 2025