ARTICLE

ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ

CoverLogo
425 Views

ညနေ ၆ နာရီ ၃၀ မိနစ်။ အလုပ်ဆင်းချိန်ရောက် ပြီဆိုတာနဲ့ စက်ရုံဝန်းတံခါးထဲကနေ တိုးထွက်လာတဲ့ အလုပ်သမားတွေ ။ 
ထမင်းဘူးတွေ သုံးဆင့်ချိုင့်တွေ ကိုယ်စီ ကိုင်ထားတဲ့ အလုပ်သမတွေဟာ ဖယ်ရီကားပေါ်တက်သူကတက် အနီးအနားကို ပြန်မဲ့သူက ပြန်ကြ။ အချင်းချင်းနှုတ်မဆက်အားလောက်အောင် အလျင်မြန်ဆုံးအရှိန်တွေနဲ့ ဦးတည်ရာကို တဟုန်ထိုး သွားနေကြတယ် ။


အရင်ကဆို စက်ရုံဆင်းပြီဆိုတာနဲ့ ကိုယ့် အစုနဲ့ ကိုယ် စကားတပြောပြောနဲ့ တစ်နေ့တာပင်ပန်းမှုတွေကို အတိုးချဖြေဖျောက်ကြရတယ်။ အခုတော့ မချောတစ်ယောက် တစ်နေကုန်ပင်ပန်းထားသမျှကို သက်ပြင်းမောတွေမှုတ်ထုတ်ရင်း ထမင်းချိုင့်လေးကိုတင်းတင်းဆုပ်ပြီး အဆောင်ရှိရာလမ်းထဲကို ခပ်သုတ်သုတ်ကလေးဝင်လာပါတယ်။


“တော်သေးတာပေါ့ ဒီနေ့တော့ လူရွေးတဲ့အထဲမပါလိုက်ရဘူး”မချောလည်းအခုမှသက်ပြင်းချနိုင်တော့တယ်။ ခုရက်ပိုင်း စက်မှုဇုန် မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့သတင်းတွေက အလုပ်သမားတွေကြားမှာ မကြားချင်မှအဆုံး။ ကြားရသမျှ သတင်းတွေကလည်း စားဝတ်နေရေးအတွက် မငတ်ရုံတမယ်ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ မချောတို့လို စက်မှုဇုန်အလုပ်သမတွေအတွက် စိတ်သောကရောက်စရာတွေချည်းပဲ။


ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းတွေကို တစ်ယောက်နဲ့တစ်ယောက် တီးတိုးသတိပေးတာတွေကြားရတော့ မချော စိုးရိမ်စပြုလာတယ်။ သူနေတဲ့  လှိုင်သာယာက အရင်ကဆို လူတွေအရမ်းများလို့ ၂၄ နာရီလုံးစည်ကားနေတတ်တယ်။ အခုဆိုရင် အချိန်ပိုဆင်းရမှာကိုတောင်ကြောက်နေမိတယ်၊ စက်ရုံက အလုပ်သမားတွေထဲက အချို့က ၆ နာရီ ၃၀ မှာ ပြန်ရပြီး လူရွေးတဲ့ထဲပါရင်တော့ ည ၈ နာရီ ၃၀ ထိ အချိန်ပိုဆက်ဆင်းပေးရတယ်။သူတို့ကိုတော့ ပတ်ကားလို့ခေါ်တဲ့ ဖယ်ရီလိုမျိုးနဲ့ တစ်ယောက်ချင်းစီ အနီးစပ်ဆုံးမှတ်တိုင်ကို ပြန်လိုက်ပို့ပေးတာပါ။


“စက်ရုံက ၆ ခွဲပြန်ဆင်းရတာ  ၇ နာရီလောက် အဆောင် ပြန်ရောက်တယ် သူငယ်ချင်းရဲ့ ရုံဆို ၈ နာရီ ၉ နာရီထိဆင်းရတယ်။ ပြီးရင် ပတ်ကားတွေနဲ့ပတ်ပို့တာဆိုတော့ ၈ ခွဲလွှတ်ရင် ၉ ခွဲလောက်မှ ပြန်ရောက်တယ်”လို့ သူကပြောပြပါတယ်။ မြန်မာနိုင်ငံက မြို့ပေါင်း ၅၀ ကျော်ကို  စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေတွေသတ်မှတ်ပြီး ညမထွက်ရ အချိန်တွေနဲ့ ကန့်သတ်ထားပါတယ်။

 
မချောအနေနဲ့ လှိုင်သာယာမြို့နယ်ရဲ့ ညမထွက်ရအချိန်ကို ည ၁၂ နာရီကနေ မနက်၃ နာရီအထိလို့သိထားတာပါ။ ဒါပေမဲ့ မြေပြင်အခြေအနေတွေရဲ့ အချက်ပေးသံက ကွဲလွဲနေပါတယ်။ ည ၇ နာရီဆိုရင် လမ်းမမှာ လူမရှိသလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။ လဘက်ရည်ဆိုင်တွေ ဈေးဆိုင်တွေ စောစောပိတ်သွားလို့လည်း ဈေးဝယ်ရတာခက်ခဲသွားပါတယ်။


“ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၃ နာရီလို့သိထားတာ တူးချောင်းဘက်မှာ ည ၉ နာရီလုံးဝထွက်လို့မရဘူးဆိုပြီး ရာအိမ်မှူးတွေက လိုက်ပြောတယ် ထွက်ရင်ပေါ်တာဆွဲမယ်ပေါ့ ပြီးတော့ စစ်တပ်က  ရက်ကွက်ဥက္ကဌဆီက  လူ ၂၀ တောင်းတာမပေးဘူးလို့ပြောလိုက်တော့ ခြိမ်းခြောက်တာလုပ်လားတော့မသိဘူး ည ၉ နာရီအပြင်မှာရှိနေရင် အစစ်အဆေးအမေးအမြန်းမရှိ ပေါ်တာဆွဲမယ်ဆိုပြီးတော့ သတင်းကြားလို့ ဆယ်အိမ်မှူး ရာအိမ်မှူးတွေက ရပ်ကွက်ကိုလိုက်ပြောတာတွေရှိတယ်”လို့ ကိုယ်တွေ့ကြုံရတဲ့အခြေအနေကို သူကပြောပါတယ်။


စားဝတ်နေရေးအတွက် တထိတ်ထိတ်တလန့်လန့်သွားလာနေရတဲ့ အခြေအနေမှာ အခုလို ပေါ်တာဆွဲတဲ့သတင်းတွေက သူတို့ရဲ့ အကြောက်တရားကို အဆပေါင်းများစွာ ထိုးနှက်နေပါတယ်။


“သူငယ်ချင်းရဲ့ သားလေး လဘက်ရည်ဆိုင်မှာထိုင်နေတုန်း လှည့်ကင်းနဲ့တွေ့တော့ ဟေ့ကောင် မင်းလာအုံးဆိုပြီးကားပေါ်ခေါ်တင်သွားတာ ရှိတယ် ဘီအိုစီထိပ်က ဈေးဝယ်စင်တာမှာ အလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက် ပြန်ချိန် ၈ နာရီလောက်မှာ ပေါ်တာဆွဲသွားတယ်လို့ သတင်းကြားတယ် လမ်းပေါ်မှာလည်း လူတွေမရှိတော့ဘူး”လို့ စိုးရိမ်နေတဲ့မချောက ပြောပြပါတယ်။
ကြားရသလောက်တော့ ယောက်ျားလေးတွေကို ဆွဲခေါ်တာတွေကြားရပြီး အမျိုးသမီးတွေကိုလည်း စစ်ကားပေါ်ဆွဲခေါ်သွားတာတွေ တွေ့မြင်လိုက်ရသူတွေရှိတယ်လို့ ဆိုပါတယ်။


“မိန်းကလေးတွေကိုလည်း ဆွဲခေါ်သွားတယ်ကြားတယ် ဘယ်နေရာဘယ်ရပ်ကွက်ဆိုတာတာ့မသိဘူး နိုင်ငံရေးအခြေအနေက မကောင်းဘူးလေ အခုက မတည်ငြိမ်ဘူး မိုးမလင်းခင်အလုပ်သွားရတာကအစ စိတ်ပူတယ် မနက် ၆ ခွဲမတိုင်ခင်သွားရတာ ညဘက်ဆိုလည်း အချိန်ပိုဆင်းရတော့  မလုံခြုံဘူးလို့ ခံစားရတာပေါ့ အိုတီကလည်း မဆင်းမရတဲ့အခြေအနေဆိုတော့  စားဝတ်နေရေးနဲ့ လုံခြုံမှုထဲမှာ စိုးရိမ်မှုက အမြင့်ဆုံးဖြစ်နေတာ စားဝတ်နေရေးကြောင့်တော့လုပ်နေရတာပဲလေ”လို့ သူကပြောပါတယ်။


အခုလို စိုးရိမ်ပူပန်စွာနဲ့ အလုပ်တက်ချိန် အလုပ်ဆင်းချိန်တွေကို ကျော်ဖြတ်နေရသူတွေထဲမှာ စက်မှုဇုန်လုပ်သားတွေက အများစုဖြစ်နေပါတယ်။ ပေါ်တာဆွဲတာကို ကိုယ်တိုင်မကြုံဖူးပေမဲ့ တဆင့်ကြားရတဲ့ သတင်းစကားတွေ နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ သတိပေးချက်တွေက စိုးရိမ်မှုကို  အတည်ပြုပေးနေပါတယ်။


ဒါနဲ့ပတ်သက်လို့ အလုပ်ရှင်တွေအနေနဲ့ အချိန်ပိုတွေခေါ်တာလျှော့ပေးဖို့ လိုလားတယ်လို့လည်း သူကပြောပါတယ်။ လူဦးရေထူထပ်တဲ့ မြို့ပြမှာ ဈေးဆိုင်တွေအကုန်လုံးနီးပါး ၇ နာရီမတိုင်ခင်ပိတ်သွားကြတာရှိသလို ဘာဖြစ်လာမယ်ဆိုတာမသိရဘဲ စိုးတထိတ်ထိတ်နဲ့ ပူပန်နေရတယ်လို့ သူကပြောပါတယ်။


“ဖယ်ရီက အိမ်ရှေ့ထိပို့ပေးတာမဟုတ်ဘူး ကားမှတ်တိုင်ထိပဲပို့တာ  ကားပေါ်ကဆင်းတုန်းဆွဲခံရမလား အဆောင်ပြန်မရောက်ခင်ကြုံမလား  ဆိုတဲ့ စိုးရိမ်မှု  မလုံခြုံမှုတွေနဲ့ သွားနေရတာ အလုပ်ချိန်တွေ စောစောလွှတ်ပေးစေချင်တယ်”လို့ ပြောပါတယ်။


“အလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်ရှင်တွေကို ပြောချင်တာက ကိုယ်ကျိုးစီးပွားပဲကြည့်နေတာ မဟုတ်ဘဲနဲ့ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်တွေကိုလည်း ကြည့်စေချင်တယ် ကြည့်ဖို့ မျှော်လင့်တယ်ပေါ့နော် အိုတီတွေခေါ်ချင်တယ်ဆိုလည်း သက်ဆိုင်ရာတွေနဲ့ အဆင့်ဆင့်ခွင့်ပြုချက်ရမှ ခေါ်စေချင်တယ်အလုပ်သမားရဲ့သဘောဆန္ဒကိုလည်း တောင်းစေချင်တယ် သူတို့က အတင်းအဓမ္မခေါ်‌နေတာ”လို့ စက်မှုဇုန်လုပ်သားတစ်ဦးဖြစ်တဲ့ ကိုထူးကျော်က ပြောပါတယ်။


ကိုထူးကျော်ကတော့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သားတစ်ဦးပါ။ လှိုင်သာယာမြို့နယ်မှာလိုပဲ ရွှေပြည်သာဘက်မှာလည်း ပေါ်တာဆွဲတဲ့သတင်းတွေကြားနေရပြီး စိုးရိမ်မှုတွေခံစားနေရတယ်လို့ ဆိုပါတယ်။ “စားဝတ်နေရေးက အိုတီဆင်းလည်းအဆင်မပြေတာ မဆင်းလည်းထူးမနေဘူး အသက်အန္တရာယ်လောက်တော့ အရေးမကြီးတော့ဘူး”လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ ရက်က စက်ရုံအလုပ်သမအမျိုးသမီတစ်ဦးကို စစ်ကောင်စီ တပ်သားတွေက ည ၈ နာရီ အချိန်အပြင်မှာရှိနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တာပါ။


“စက်ရုံက ကောင်မလေးကို ရုတ်တရက်ကြီးဖမ်းပြီး ကားပေါ်တော့မတင်ဘူး ရပ်ကွက်ရုံးခေါ်သွားတာ စက်ရုံမှာလုပ်နေပြီး မသိဘူးလားဆိုပြီး  သိသိမသိသိ အရေးယူရမယ်ဆိုပြီးတော့ အာမခံအနေနဲ့ ၃ သိန်းပေးလိုက်ရတယ်”လို့ ဆိုပါတယ်။
ကိုထူးကျော်တို့စက်ရုံက ည ၉ နာရီကျော်မှ အလုပ်ကပြန်ရလို့ စိုးရိမ်မှုတွေက အလုပ်သမားတွေကြားပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။


“ပေါ်တာဆွဲတာတွေကြားတော့ အလုပ်သမားတွေကကြောက်တာပေါ့ ကျွန်တော်တို့ စက်ရုံလုပ်သားတွေဆိုရင် စစ်ဆေးမေးမြန်းခြင်းခံရတယ် မင်းတို့ဘာထွက်လုပ်တာလဲ အလုပ်သမားတွေပါ အိုတီဆင်းတာပါပြောတော့ “နားမလည်ဘူးလား မာရှယ်လောထုတ်ထားတယ် နောက်တခါဆိုခေါ်မယ်”ဆိုပြီးပြောသွားတယ်”လို့ သူ့ရဲ့ အတွေ့အကြုံကိုပြောပါတယ်။ နောက်ပြီး အလုပ်သမား မိန်းကလေးတွေကို ကားပေါ်ခေါ်တင်သွားတာတွေ မြင်လိုက်ရတာတွေ ရှိနေပြီး ဘယ်သူ ဘယ်နေရာဆိုတာတွေ မသိရဘူးလို့ ဆိုပါတယ်။  


“မျက်မြင်တွေရှိတယ် ဒါတောင် အိုတီတွေထပ်ခေါ်တယ် ခေါ်တော့အလုပ်သမားတွေက အလုပ်ရှင်ကို ရှင်းပြတယ် မဆင်းရဲဘူးလို့ အခုတော့ ၉ နာရီဆို ၈ နာရီခေါ်တယ် တစ်နာရီတော့လျှော့သွားတာပေါ့ အလုပ်သမားတွေလိုချင်တာက မနက် ၈ နာရီကနေ ညနေ ၄ ခွဲဆိုပြီးသွားပြီ နောက် ၂ နာရီလောက်ပဲခေါ်စေချင်တယ် အလုပ်ရှင်တွေဘက်က ပြန်မလွတ်ချင်ဘူး”လို့ ဆိုပါတယ်။


“အလုပ်ရှင်တွေကို တောင်းဆိုချင်တာက စားဝတ်နေရေးထက် ဒီကောင်တွေရဲ့ ရန်ကို ပိုပြီးကြောက်တာပေါ့ အလုပ်ချိန်မှာအိုတီတွေကို လျှော့ချစေချင်တာ ပုံမှန် ၂ နာရီလောက်ထိပဲခေါ်စေချင်တာ လုပ်ငန်းရှင်တွေက ဒီရက်ပိုင်း အိုတီတွေ အသားကုန်ခေါ်နေတာ”လို့ ဆိုပါတယ်။


မြို့နယ်တစ်ခုလျင် လူ ၃၀ နှုန်း စုပေးရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မှော်ဘီမြို့နယ်မှာဆိုရင် စက်ရုံအလုပ်သမားတွေက ကိုယ့်သဘောနဲ့ကိုယ် အလုပ်ကစောပြန်တာတွေရှိလာပြီလို့ ဆိုပါတယ်။


ည၇ နာရီဆို မရှိသလောက် ဖြစ်သွားပြီ တချို့ရုံတွေဆို အလုပ်ရှင်တွေက ပေးမပြန်ဘူး အလုပ်သမားတွေက သူ့သဘောနဲ့သူပြန်ကျတာ တချို့ဆို ၄ ခွဲ ၆ ခွဲ ညပိုင်းတွေမဆင်းချင်ကြတော့ဘူး ကလန်ကဆန်လုပ်လို့မရတဲ့အခြေအနေတွေမှာဆိုရင် တော့ မဖြစ်မနေဆင်းခိုင်းတာ အဲ့ကျတော့ နေ့စားတွေပဲခေါ်တော့တယ် ၁၀၀၀ ရှိရင် ၅၀၀ လောက်က နေ့စားတွေဖြစ်ကုန်တယ်”လို့ အခြေအနေကို ရှင်းပြပါတယ်။ 


အခုလို ဝမ်းရေးကတစ်ဖက် လုံခြုံရေးကတစ်ဖက် စိုးရိမ်မှုတွေကြုံတွေ့နေရတဲ့ စက်မှုဇုန်လုပ်သားတွေဟာ အချိန်ပိုခေါ်တာနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေဘက်ကို တာဝန်ယူစေချင်တယ်လို့ ပြောပါတယ်။


“အလုပ်ရှင်တွေကိုတော့ ဇုန်ကော်မတီသော်လည်းကောင်း ဌာနဆိုင်ရာအကြီးအကဲတွေသော်လည်းကောင်း တရားဝင် အကြောင်းကြားစာတင်ပြီးမှ ခေါ်စေချင်တယ် ဒါမှလည်း ကျနော်တို့လည်း အာမခံချက်ရှိမှာပေါ့ နော် ဘာမှ အာမခံချက်မပေးဘဲနဲ့အိုတီပဲ နင်းကန်ခွခေါ် နေတာ အလုပ်သမားရုံးတွေကို အကြောင်းမကြားပဲအိုတီခေါ်တယ် အလုပ်သမားက တိုင်လိုက်လို့ ဌာနဆိုင်ရာက လာစစ်လည်း နောက်ပိုင်းပြီးသွားတာပဲ ဘာသံမှမ ကြားရဘူး ဘာမှ မထူးဘူးဖြစ်တာပေါ့” လို့ ပြောပါတယ်။


အလုပ်သမားတွေအနေနဲ့ အချိန်ပိုခေါ်တာကို လျှော့ချပေးဖို့  မဖြစ်မနေ ခေါ်မယ်ဆိုပါကလည်း အလုပ်သမားတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ တောင်းဆိုချင်တယ် စောစောလေး လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။  ၇ နာရီပြန်လွှတ်ရင်တောင် မဖြစ်နိုင်ဘူး အိမ်ပြန် ဈေးဝယ်ချက် ပြုတ်စားဖို့ မလွယ်တော့ဘူး”လို့ ဆိုပါတယ်။


တစ်နေ့တာအလုပ်ချိန် ၈ နာရီ အပြင် အချိန်ပိုဆင်းမှ စားဝတ်နေရေး လောက်ငှရုံရှိတဲ့ စက်မှုဇုန်လုပ်သားတွေကတော့ စားဝတ်နေရေးနဲ့  အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ပူပန်မှု ကြားမှာ ဗျာများနေရပြီဖြစ်ပါတယ်။
“အခုက စားဝတ်နေရေးထက် အသက်အန္တရာယ်က အရေးကြီးသလိုဖြစ်နေပါပြီ”လို့ သူက ပြောပါတယ်။

မှတ်ချက် - အလုပ်သမားတွေရဲ့ အမည်ကို ပြောင်းလဲထားပါတယ်။

 

 

 


Related posts

Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024
Cover
စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ
Apr 27, 2024
Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024