NEWS

တရုတ်နိုင်ငံတွင် ဆန္ဒပြတောင်းဆိုမှု၊ ဦးဆောင်သူ မြန်မာအလုပ်သမားများအား အလုပ်ထုတ်

CoverLogo
761 Views
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့၊ စက်မှုဇုန် ၄ မှာ တောင်းဆို ဆန္ဒပြခဲ့တဲ့ မြန်မာလုပ်သား တချို့ အလုပ် ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Xinjiahao Clothing Technology Co.,Ltd အထည်ချုပ်စက်ရုံမှာ အခွင့်အရေးတွေ ဆုံးရှုံးနေလို့ စက်ရုံအလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီ တောင်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ မြန်မာအလုပ်သမား ၇ဦး အလုပ်ထုတ်ခံလိုက်ရတယ်လို့ NLF_Myanmar)မှ တွဲဖက်ဥက္ကဋ္ဌ က ပြောပါတယ်။
“အဲ့ဒီ စက်ရုံက အလုပ်သမား၇ဦးက အလုပ်ထုတ်ခံရတာ။ မြန်မာပြည်နိုင်ငံကို ပြန်ရောက်ကြပြီ။ စက်ရုံ အလုပ်ရှင်က ပြန်ပို့လိုက်တာ။ ပြန်လာတာတော့ တချို့ဆို ဖုန်းရောင်းပြီး ပြန်လာကြတာ။ လစာလည်းမရဘူး။ အလုပ်ရှင်က တယောက်ကို ယွမ် ၃၀၀စီပဲ ပေးလိုက်တယ်”လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (NLF_Myanmar)မှ တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ဝေက ပြောပါတယ်။
Xinjiahao Clothing Technology Co.,Ltd အထည်ချုပ်စက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်နေပြီး မတ်လ ၇ ရက်မှာ မြန်မာအလုပ်သမား ၁၇၃ ဦးက အချက် ၈ ချက်ကို ဆန္ဒပြ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
KAZUKOIN တံဆိပ်ချုပ်နေတဲ့ အဲဒီစက်ရုံက အလုပ်ချိန်ကို သတ်မှတ်ချက်မရှိဘဲ လုပ်ကိုင်ခိုင်းတာ၊ အချိန်ပို ကြေး ပေးဖို့၊ စက်ရုံဘက်က ခရီးစရိတ်ဖြတ်ယူမှု များတာ၊ စံချိန်တောင်းမှု များတာ၊ အခြေခံလစာ သတ်မှတ် ပေးဖို့၊ ရက်မှန်ကြေး ပေးဖို့၊ တလ တနင်္ဂနွေနေ့ ၄ ရက်ပိတ်ဖို့၊ အလုပ်ဝင်ချိန် မတိုင်မီ အလုပ်မဝင်ပါက ယွမ် ၁၀၀ ဖြတ်တာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဥပဒေအရ တရက် အလုပ်ချိန်ဟာ ၈ နာရီဖြစ်ပြီး တပတ်အလုပ်လုပ်ချိန် ၄၄ နာရီ သတ်မှတ် ထားကာ စနေ့နေ့ဝက်ကို အချိန်ပို အလုပ်ချိန်ဆိုပြီး သတ်မှတ််ထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရောက် မြန်မာ အထည်ချုပ် လုပ်သားတွေကတော့ အလုပ်ချိန် ၁၂ နာရီကျော် လုပ်ကိုင်နေရတာပါ။
Xinjiahao စက်ရုံမှာ အထည်စံချိန်မပြည့်ပါက ည ၉နာရီ၊ ၁၀နာရီထိ ဆင်းပေးရတာ၊ တရုတ်ဘာသာစကားနဲ့ အလုပ်သမားတွေကို ရိုင်းပြစွာ ပြောဆိုတာ၊ အဓမ္မ ဖိအားပေး ခိုင်းစေခြင်း ၊ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်တာနဲ့ အလုပ်ထုတ်တာတွေကို ပြုလုပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
စုပေါင်းတောင်းဆိုချိန်အတွင်း အလုပ်ရှင်က အလုပ်သမားအားလုံး မြန်မာနိုင်ငံဆီ ပြန်ပို့မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ညှိနှိုင်းမှုတွေကြောင့် စာချုပ်မချုပ်ဘဲ နှုတ်နဲ့ သဘောတူခဲ့ပေမဲ့ နောက်တနေ့မှာ အလုပ်သမား ၇ ဦးကို အလုပ်ထုတ်ခဲ့တာလို့လည်း သိရပါတယ်။
“တောင်းဆိုချက် အကုန်လုံး အဆင်ပြေခဲ့ပါတယ်။ တောင်းဆိုချက်စာချုပ်ကတော့ အလုပ်သမားတွေကို မပေးသေးဘူး။ အလုပ်ရှင်က တောင်းဆိုချက်တွေကို လက်ခံ သဘောတူခဲ့တယ်လို့တော့ အလုပ်သမားတွေကို ပြောလာပါတယ်။ မတ်လ ၇ ရက်မှာ အလုပ်ပြန်ချိန်မှာ စကားပြန်က ဒီညတော့ ကောင်းကောင်းအိပ်ထား မနက်ဖြန်မှ တွေ့မယ်ဆိုတဲ့ ပုံစံနဲ့ ခြိမ်းခြောက်တယ်။ မတ်လ ၈ ရက်မှာတော့ စကားပြန် လာပြောပါတယ် ၊ အလုပ်သမားခေါင်းဆောင် ၇ ဦးကို စက်ရုံက အလုပ်ထုတ်တယ်၊ အဲဒီ ၇ ဦးလည်း ၅နှစ် တရုတ်ပြည်ထဲကို ဝင်လိုမရအောင် ပိတ်လိုက်တယ်ဆိုပြီး စကားပြန်က ပြောခဲ့ပါတယ်”လို့ ပြောဆိုပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၇ဦးက အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ ကြိုစားပေမဲ့ စကားပြန်က အလုပ်ရှင်ဘက်က ပြောလာတဲ့ စကားကိုသာ ဘာသာပြန်ပေးရတာဖြစ်လို့ ကူညီပေးလို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် စက်ရုံမန်နေဂျာက အလုပ်သမား ၇ဦးကို ရဲစခန်းပို့ပြီး မြန်မာနိုင်ငံကို ဆန္ဒအရ တရားဝင် ပြန်တယ်ဆိုတာကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026