အာဏသိမ်းကာလ ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးခြင်းနဲ့အတူ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုတွေဖြစ်ပေါ်နေပါတယ်။ စား၀တ်နေရေးမလုံလောက်မှုတွေနဲ့ နေရေးအတွက်ခက်ခဲလာကြတာကို ရင်ဆိုင်နေရပြီး ၀မ်းရေးခက်ခဲလာခြင်းနဲ့အတူ အခုဆိုရင် ပြည်သူတွေ တွေ့ကြုံရတဲ့ ဘေးအန္တရာယ်တစ်ခု ထပ်မံတိုးပွားလာပါတယ်။
ခိုးခြင်း၊ လုယက်ခြင်း ဓါးမြတိုက်ခြင်းစတဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ ၀င်ငွေရှာဖွေမှုတွေ ပိုများလာပြီး အများပြည်သူရဲ့အသက်နဲ့လုံခြုံမှုအပြည့်နဲ့ နေထိုင်ရေးတို့မှာ ရဲတပ်ဖွဲ့ ရဲ့ အကာအကွယ်မရတော့တဲ့နောက် အခက်အခဲများစွာရင်ဆိုင်လာကြရတာဖြစ်ပါတယ်။
ခိုးခြင်း လုယက်ခြင်းတွေနဲ့ပတ်သက်လို့ ရင်ဆိုင်ကြုံတွေ့ဖူးတဲ့ ပြည်သူတစ်ချို့ရဲ့ထုတ်ဖော်ပြောကြားချက်တွေကို မေးမြန်းကြည့်ခဲ့ပါတယ်။နေ့စဉ်အများပြည်သူသုံး ယာဉ်လိုင်တွေပေါ်မှာ ကြုံရတာတမျိုး၊ လမ်းသွားလမ်းလာရင်းတဖုံ၊ မိမိနေအိမ်မှာ နေရင်းထိုင်ရင်း အိမ်ဖောက်ထွင်းခိုးယူခံရတာတွေ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။
ညစဉ် ခိုးဆိုး လုနှိုက်အန္တရာယ်ကြောင့် စိတ်ချလက်ချမအိပ်နိုင်သလို ပူပန်မှုတွေနဲ့ နေရာညပါ ရုန်းကန်လှုပ်ရှားနေကြရတယ်လို့ ပြောပါတယ်။ အခုလို မိမိငှားရမ်းထားသည့်ပစ္စည်း သို့မဟုတ် မိမိပိုင်ပစ္စည်းကို မသမာသူက အသာလေး ခိုးဝှက်လုယူလိုက်တဲ့ သက်ရောက်မှုကတော့ ပြင်းထန်ပြီး စားရမဲ့ သောက်ရမဲ့ အရူးမီးဝိုင်းသလို အခြေအနေမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ကတစ်နေ့လုပ်မှတစ်နေ့စားရတာပါ။ ကျွန်မယောကျားက ကယ်ရီဆွဲတယ်။တစ်နေ့တစ်သောင်းလောက်ရဖို့ ည၉နာရီလောက်အထိ နေပူပူမိုးရွာရွာ ကျွန်မကလည်း အ၀တ်လျှော်တယ်။ တစ်နေ့တစ်သောင်းကမလောက်ငှလို့ ကျွန်မကလေးထောင်ငါးထောင်လောက်ရဖို့ လုပ်ရတာ။ ဒါမှလည်းလောက်ငှမှာ။ တစ်နေ့တစ်သောင်းခွဲလောက်မှမရှိရင် မလောက်ငှဘူး။ ဒါတောင် ကျန်းမာရေးစရိတ်မရှိဘူး။ ဒီကြားထဲကသူခိုးရန်ကကြောက်နေရတယ်။ သုံးဘီးတွေလည်းခိုးတယ်ဆိုတော့ နေရတာကကျုးလေ။ ခြံမရှိ ၀န်းမရှိဆိုတော့ ညဘက်အိပ်ရတာကျောမလုံဘူး။ ခြံနဲ့၀န်းနဲ့အိမ်တွေကိုတောင် ခိုးနေတာပေါ်တင်လုနေတာဆိုတော့ ကျွန်မတို့မှာမလုံခြုံဘူး။အိပ်ရတာလည်းမဖြောင့်ဘူး။ ပါသွားရင်ဆိုင်ကယ်ကလျော်ရအုံးမယ်ဆိုတော့ ကောင်းကောင်းမအိပ်ရဲတဲ့ဘ၀။ ပြီးရင်သူခိုးကိုရဲကမိလည်းချက်ချင်းပြန်လွတ်တာဆိုတော့ သူတို့ကအတော်လေးရဲတင်းလာပြီ ဘာမှမတတ်နိုင်တော့ဘူး ကိုယ့်ဘာသာကာကွယ်ကြရုံပဲရှိတယ်"လို့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၆ ရပ်ကွက်မှာနေထိုင်တဲ့ သူကပြောပါတယ်။
ထပ်မံပြီး မြောက်ဒဂုံနေပြည်သူတစ်ဦးကလည်း နေအိမ်မှာ မိသားစုတွေ ညဘက်အိပ်ပျော်စဉ် အိမ်ကို ဖောက်ထွင်း ချဉ်းနင်းဝင်ရောက်ပြီး အိမ်ထဲရှိ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားလို့ စားရမဲ့ သောက်ရမဲ့ အခြေအနေမျိုးကြုံခဲ့ရတာကို အခုလို ပြောပြထားပါတယ်။
"ကျွန်မတို့မှာခြံနဲ့၀န်းနဲ့တောင် မလုံခြုံဘူး။ ပါသွားတယ်ငွေရောပစ္စည်းရော သိန်း၃၀ကျော်ဖိုးရှိတယ်။ လက်ထဲဘာမှမကျန်ခဲ့ဘူး။ လုပ်နိုင်သလောက်ကုန်ရုန်းလုပ်ထားတာလေးတွေပါသွားတော့ ခုဆိုဒုက္ခရောက်နေခဲ့ပါတယ်။ ဖုန်းတွေရောအကုန်ပါသွားတယ်။ ညဘက်၃နာရီကျော်ဆို သူခိုးကလှည့်ခိုးနေပြီ။ ခြံရောအိမ်တံခါးတွေရောအကုန်အလုံပိတ်ထားတယ်။ ညအိပ်တော့စစ်ဆေးပြီးအိပ်တယ်။ ဒါကိုသူခိုးကအိမ်ထဲထိရောက်လာတယ်။ အဲလောက်ထိတောင်အိမ်ထဲထိ၀င်ရဲနေတာ သူတို့မှာနည်းလမ်းလည်းရှိနေသလို သူတို့မိရင်လည်းဖမ်းခံရရင်ခဏပဲ။ ရဲကပြန်လွှတ်ပေးလိုက်မှာပဲ။ ထိထိရောက်ရောက်အရေးယူမှုမရှိလို့ ခုလိုသူတို့ဆိုးသွမ်းနေတာ။ ပေါ်တင်ပါလုပ်လာတယ်။ ခုချိန်ကနိုင်ငံရေးသမားလောက်ပဲ အဓိကထားဖမ်းဆီးအရေးယူ လွတ်ငြိမ်းဆိုရင်နိုင်ငံရေးသမားမပါဘူး ခိုးဆိုး လုနှိုက်တွေပဲဆိုတော့ ဒီလူတွေကလုပ်ပြီပေါ့။ ပိုဆိုးတာကရဲနဲ့ပေါင်းထားတဲ့သူခိုးဆိုသွားပြီ။ တိုင်သာတိုင်လို့ ဘာမှ ထူးမှာ မဟုတ်ဘူး တိုင် တဲ့သူပဲငွေကုန်မယ် လူပင်ပန်းမယ်။ သူတို့ကတော့ သွားလည်းမစစ်ဘူး အရေးလည်းမယူဘူး အမှုလည်းမစုံစမ်းဘူးဆိုတော့ သူခိုးကပျော်ပြီပေါ့။"လို့ ဖြစ်စဉ်ကိုပြောပြပါတယ်။
နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခိုးယူသွားတဲ့အတွက် ရဲတိုင်ခဲ့ပေမဲ့ အမှုမှန်ပေါ်ပေါက်ခြင်းမရှိလို့ ပျောက်သွားတဲ့ ပစ္စည်း နဲ့ ငွေကြေး တွေကိုလည်း ပြန်လည်ရရှိခြင်းမရှိဘူးလို့ ပြောပါတယ်။ အခုလို မိမိပိုင်ပစ္စည်းကို ခိုးယူခံရခြင်းဟာ လူမှု စီးပွားတွေ ကျပ်တည်းလာတဲ့အပြင် တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာကြောင့်လို့ ပိုမိုအတင့်ရဲစွာ လုပ်ကိုင်လာကြတာလို့ ပြောကြပါတယ်။
"ကျွန်မတို့မှာ သူခိုးလဲကိုယ်တိုင်စုံစမ်းရတယ်။ ပစ္စည်းဘယ်မှာရောင်းလိုက်လဲ ပေါင်လိုက်လဲစုံစမ်းရတယ် ကိုယ်တိုင်ရဲလုပ်ရတယ်။ ကိုယ်တိုင်အမှုဖော်ထုတ်ရတယ်။ သူတို့ကတော့ငွေမပေးရင်ဒါကဒါပဲ။ ဒီနေရာဒီရပ်ကွက်မှာ ဘယ်သူခိုးကသောင်းကျန်းလဲဆိုတာ ရပ်ကွက်ကလူထက် ရဲကပဲအသိဆုံးဖြစ်မယ်။ ဒါပေမဲ့ခုက မလုံခြုံတော့ပါဘူး။ အသက်ပါပေးရနိုင်တဲ့ကာလတွေပါ ပစ္စည်းမရရင်လူသတ်သွားမဲ့ သူခိုးတွေပါ။ ကိုယ်တိုင်ကင်းစောင့်ပြီး ကိုယ့်လုံခြုံရေးကိုယ်ယူနေရတဲ့ ကာလပါပဲ လို့ မှတ်ချက်ပြုပါတယ်"။
"ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ တစ်ရက်ခြားတစ်အိမ်ပဲ။ ဖြစ်လိုက်ရင် မနက်၃နာရီနောက်ပိုင်း။ ယူရင်ဖုန်းတွေအကုန်ယူ လွယ်တာအကုန်ယူ ပိုက်ဆံ ဘတ်ထရီအိုး အကုန်ပဲ။ ဆေးသမားတွေလို့ယူဆရပေမဲ့ တစ်ခါတစ်လေ သူတို့ခိုးတာများတယ်ဆိုတော့ မှန်းရခက်တယ်။ တစ်လောကဖုန်းဆိုင်ကိုဖောက်တာ သိန်း၇၀ ကျော်လောက်ပါသွားတယ်။ ဖုန်းတွေ လည်းအများကြီးပါသွားတာ စခန်းတိုင်တာဘာမှမထူးခြားဘူး။ အဲ့နောက်အိမ်တစ်အိမ်လည်း အတော်ပါသွားတယ်။ သူတို့လည်းစခန်းတိုင်တယ်မထူးဘူး။ ခိုးခံရတဲ့အချိန်တွေ တူကြတယ်။ သံသယရှိလူပုံစံတွေတူကြတယ်ဗျာ စခန်းကမဆင်းလာဘူး။ တိုင်ရုံလေးတင်မို့ငွေမလိုက်လို့များလား လုံး၀မဆင်းလာဘူး။ နောက်ရက်အိမ်တစ်အိမ်မှာ ယောကျားသားမရှိဘူး ၀င်ခိုးတာ။ ကောင်မလေးကနိုးလာတော့ ခါးကိုဓါးထောက်ပြီးအော်ရင်ထိုးမယ်။ ကောင်မလေးရော အဖွားကြီးရောရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုးထားတဲ့ဖုန်းကပြန်ကျနေခဲ့တယ်။ ဘာမှတော့ပါမသွားဘူး။ အဲ့မှာတော့ရဲစခန်းကအကုန်လာစစ်တယ်ကြားတယ်။အခြားမသိ လိုက်တဲ့အိမ်တွေအများကြီးရှိတယ်။ အတော်ဆိုးဆိုးပဲ။ ခုကခေတ်ပျက်တာနဲ့ စစ်တပ်ကနိုင်ငံရေးသမားလောက်ပဲအာရုံစိုက်တာဆိုတာကို အခွင့်ကောင်းယူလာပြီး အချင်းချင်းကိုစာနာမှုမရှိဘဲ ဖားနိုင်ဖားစား ငါးနိုင်ငါးစားလုပ်နေကြတာ။ မိန်းကလေးတွေလည်း ယောက်ကျားသားမရှိဘူးဆိုပြီးတော့ ရဲစခန်းကိုသွားအားမကိုးနဲ့ပိုဆိုးမယ်။ ငွေမပေးရင်ဘာမှမရဘူး။ ခေတ်ကိုကနိုင်ငံရေးမကောင်းတာကိုအခွင့်ကောင်းယူပြီးလုပ်ချင်တာလုပ်လို့ရတဲ့ခေတ်။ သူခိုးဂျပိုးတွေဆေးသမားတွေက လုပ်ချင်တာလုပ်လို့ရတဲ့ခေတ်ကိုရောက်နေတာ" လို့ ဒဂုံမြို့သစ် မြောက်ပိုင်း ၁၃၃ ရက်ကွက်နေပြည်သူတစ်ဦးပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တော်တော်များများမှ အခုလို ဖြစ်ပွားနေသလို စစ်ကောင်စီအုပ်စိုးထားတဲ အခြား တိုင်းနဲ့ ပြည်နယ်တွေမှာလဲ အခုလို ခိုးနှိုက်လုယက်မှုတွေဖြစ်နေတယ်လို့ ပြည်သူတွေကပြောပါတယ်။ နိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေမှာတော့ ဖမ်းဆီးခံထားရသူတွေပြည့်နှက်နေပြီး အာဏာသိမ်းတာကို တနည်းနည်းနဲ့ ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိက ပစ်မှတ်အနေနဲ့ ဖမ်းဆီးထားလို့ အခုလိုကြုံနေရတာလို့ ဆိုပါတယ်။
"ကျွန်တော်တို့ဆီမှာတော့ သူခိုးခိုးခံရတာဆက်တိုက်ပဲ။ မိတော့ကလေးလေးတွေပဲမိတယ်။ ခိုးတာမှရေမော်တာတွေဖြုတ်ခိုးတယ်။ အိမ်ထဲတွေထိ၀င်တယ်။ ဖုန်းတွေခိုးတယ်။ လွယ်တာအကုန်ခိုးတယ်။ တစ်ကြိမ်ဆိုရင် အိမ်တွေကိုတန်းစီပြီး အကုန်၀င်ခိုးတာ။ တစ်တန်းကြီးပါပါသွားတယ်။ ပြီးရင်ဘယ်အိမ်မှမသိကြဘူး။ အကုန်ခံနေခဲ့ရတယ်။ အရင်ကအဲလောက်မဟုတ်ဘူး။ ခုကကြာလေပိုဆိုးလေ ကြာလေပိုဆိုးလေဖြစ်နေတယ်။ ခေတ်ကလည်းမကောင်း စား၀တ်နေရေးကလည်းမကောင်း အလုပ်အကိုင်တွေကလည်းမကောင်းဆိုတော့ လူတွေကအလွယ်နည်းလမ်းကိုလိုက်လာကြတယ်။ စီးပွားရေးကဘာမှလုပ်စားလို့မရဘူးလေ။ မရတော့အားလုံးက အလွယ်နည်းကိုလိုက်လာကြတယ်။ မိလည်းအရင်ကလိုမဟုတ်ဘူး ခဏပဲပြန်လွတ်လာတယ်။ ခုကနိုင်ငံရေးသမားကိုပဲ အဓိကထားဖမ်းတယ်။ ထောင်ထဲမှာက ဆေးသမားသူခိုး ဂျပိုးကိုပြည့်အောင်ထားမဲ့အစား နိုင်ငံရေးသမားကိုပဲအပြည့်ထားမယ်ဆို တော့ သူတို့တွေက မိမှာလည်းဂရုမစိုက်ဘူး ဖမ်းခံရမှာလည်း ဂရုမစိုက်တော့ဘူးဆိုတော့ ရသလောက်ခိုးကြမှာပဲပေါ့။ ကိုယ့်ကိုကိုယ်သာ ကာကွယ်ကြရတော့မှာ။ သူတို့ကလည်းသူတို့အလုပ်သူတို့လုပ်နေတာ ပြည်သူတွေကတော့ အားကိုးမရှိဘူးကိုယ့်ကိုကိုယ်ပဲအား ကိုးကြပါ"လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
"ပြည်သူတွေရဲ့ဘ၀က ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ့်၀င်ငွေနဲ့ကိုယ် ဘာမှမဟုတ်တဲ့တစ်နေ့လုပ်တစ်နေ့စားဘ၀လေးတွေကအစ မလုံခြုံပါဘူး။ ကျီးလန့်စာစားနေရသလိုဖြစ်နေတယ်"လို့ လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုးချဲ့ဧရိယာတွေဖြစ်တဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေ၊ စက်မှုဇုန်မြို့နယ်တွေမှာလည်း ခိုးမှု လုယက်မှု အိမ်ဖောက်ထွင်းမှုတွေ ဖြစ်ပေါ်နေပြီး မကြာခဏဆိုသလို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေလည်း ဖြစ်ပေါ်နေတာပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာလဲ အလားတူ အဖြစ်အပျက်တွေ ရင်ဆိုင်နေရပြီး ဖြစ်ပွားတဲ့ ဖြစ်စဉ်အရေအတွက်ကို မသိရှိရပေမဲ့ အာဏာသိမ်း စစ်တပ်လက်ချက်ကြောင့် နေ့ရော ညပါ စိုးရိမ်မှုတွေ နဲ့ ရှင်သန်နေကြပါတယ်။