ARTICLE

ဘယာဂတိကို‌လွန်‌မြောက်ခြင်းနဲ့ မြန်မာ့နွေဦးတော်လှန်ရေးအောင်ပွဲ

CoverLogo
560 Views

နိုဝင်ဘာ ၂
ဆောင်းပါးကဏ္ဍ

နိုင်ငံတော်ရဲ့အာဏာကို လက်နက်အားကိုးနဲ့အကြိမ်ကြိမ်လုယူခဲ့ကြတဲ့စစ်အာဏာရှင်စနစ်ရဲ့အန္တိမရည်မှန်းချက်ဟာ စစ်အာဏာထာဝစဉ်တည်မြဲရေးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင်ထာဝစဥ်ဦးဆောင်နေမည်လို့ စစ်အာဏာရှင်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခဲဥပဒေထဲမှာ မရှက်မ‌ကြောက်ဗြောင်ထည့်သွင်းရေးဆွဲးထားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီ စစ်အာဏာထာဝစဉ်တည်မြဲရေးရည်မှန်းချက်ကိုအကောင်အထည်ဖေါ်ရာမှာ ကျင့်သုံးတဲ့နည်းဗျူဟာတွေအနက်က ပဓာနအကျဆုံးဗျူဟာတစ်ခု ကတော့ ပြည်သူတွေကြားမှာ အကြောက်တရားကိုဖန်တီးအုပ်ချုပ်ခြင်းဘဲဖြစ်ပါတယ်။

လူထုကြားမှာ အကြောက်တရားကိုဖန်တီးဖို့ စစ်အာဏာရှင်လူမိုက်လူရမ်းကားတွေဟာ သူတို့မှာရှိတဲ့ လက်နက်၊အာဏာ ခိုးရာပါဓနဥစ္စာတွေအသုံးပြုခြိမ်း‌ခြောက်ပြီး အကြောက်တရားဝန်းကျင်ကိုဖန်တီးကြပါတယ်။ စစ်အာဏာရှင်စနစ်ကိုအာခံဆန့်ကျင်သူတွေ၊ နိုင်ငံရေးမှာပါဝင်ပတ်သက်ပြီးလှုပ်ရှားတက်ကြွသူတွေ အသက်၊ ဥစ္စာစည်းစိမ်၊ ရာထူးတွေဖျက်ဆီးခြိမ်း‌ခြောက်ပြီး ဘယာဂတိလို့‌ခေါ်တဲ့ ကြောက်ရွှံ့မှုကြောင့် မပြုအပ်တာတွေပြုပြီး စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ဝံ့အောင် အနိုင်ထက်ကျင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ စိတ်ပညာသဘောအရ အကြောက်တရားကိုဖန်တီးသူတွေ၊ သူတပါးကိုသတ်ဖြတ်ခြိမ်းခြောက်အနိုင်ကျင့်သူတွေဆီမှာလည်း အကြောက်တရားတွေထပ်တူဖြစ်ထွန်းလာ‌‌လေ့ရှိပါတယ်။

ဆိုလိုတာက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖေဖေါ် ဝါရီလ ၁ ရက်နေ့ကစလို့ အာဏာလုစစ်ကောင်စီလက်အောက်မှာ အဖိနှိပ်ခံပြည်သူ‌တွေတင်သာမကဖိနှိပ်ဗိုလ်ကျသူတွေကြား နှစ်ဖက်စလုံးမှာပါ အကြောက်တရားတွေကြီးစိုးလွှမ်းမိုးမှုဟာ အခုဆို အမြင့်ဆုံးရေချိန်ကိုရောက်လာခဲ့ရပါတယ်။

ဒီကနေ့ ပကတိအခြေအနေမှာ ထူးခြားတာကတော့ အဖိနှိပ်အနိုင်ကျင့်ခံပြည်သူလူထုအများစုဟာ အကြောက်တရားကို‌ကျော်လွှားလွန်မြောက်လာနိူင်တာကိုတွေ့ရသလို တပြိုင်နက်မှာ ဖိနှိပ်သူစစ်အခွင့်ထူးခံတွေကြားမှာ စိုးရွှံ့မှု့ အကြောက်တရားတွေ ကြီးထွားသထက်ကြီးထွားလာတာကို မြင်သာလာပါပြီ။

ဒါဟာ လူအများလက်မခံတဲ့စနစ်တခုကနေ အများလိုချင်တဲ့နောက်စနစ်တခုဆီပြောင်းတော့မယ်ဆိုတာပြသနေတဲ့ ညွှန်ကိန်းတခုဘဲဖြစ်ပါတယ်။

ကြောက်လန့်မှု့နဲ့နာခံရတဲ့စနစ်ဆိုးအောက်မှာ ကြောက်လန့်စိတ်ကိုလွန်မြောက်လာတဲ့ အဖိနှိပ်ခံပြည်သူတွေဟာ ခြိမ်းခြောက်အုပ်ချုပ်သူတွေကို မကြောက်မလန့်တော့ဘဲ တော်လှန်မှ အားလုံးဘဝတွေလုံခြုံစိတ်ချရတော့မယ်ဆိုတဲ့ ဘဝပေးအသိစိတ်တွေကို အလိုလိုသိမြင်ယုံကြည်လာကြတာဖြစ်ပါတယ်။

ဒီလိုအကြောက်တရားကိုပြတ်ပြတ်သားသားလွန်မြောက်ခြင်းကသာ မြန်မာ့နွေဦးတော်လှန်ရေးကို အောင်ပန်းဆွတ်ခူးပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ လက်နက်အားကိုးဗိုလ်ကျတဲ့စစ်အာဏာရှင်တွေကြား သူတို့ကျုးလွန်တဲ့စစ်ရာဇတ်မှု့တွေအတွက် ပြန်ခံရမဲ့ဘေးနဲ့ ပြည်သူလူထုရဲ့ရဲရင့်ပြတ်သားမှု့အပေါ် ကြောက်လန့်မှု့တွေ တနေ့တခြားကြီးထွားလာနေပါပြီ။

စစ်အာဏာရှင်စနစ်ကြီးစိုးအားကောင်းစဉ် လွန်ခဲ့တဲ့ နှစ် ၇၀ သမိုင်းဆိုးတွေကိုပြန်လည်စောင်းငဲ့ကြည့်လိုက်ရင် အယင်ခေတ်တွေမှာ ပြည်သူအများစုကြားမှာ အကြောက်တရားတွေ ကြီးထွားလာရအောင် စစ်မိစ္ဆာ စစ်ဘီလူးတွေဟာ အောက်ပါလူသတ်ပွဲတွေကို ရက်စက်ကြမ်းကျုတ်စွာအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြတာကို‌တွေ့ ရမှာဖြစ်ပါတယ်။

💢 ၁၉၆၂- စစ်အာဏာသိမ်းပွဲနဲ့ ဆဲဗင်းဂျူလိုင်အရေးအခင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသတ်ပွဲ

💢 ၁၉၆၇- သြဂုတ် ၁၃ ရက် စစ်တွေမြို့ လူသတ်ပွဲ

💢 ၁၉၇၄- ဇွန်လ ရန်ကုန်မြို့ အလုပ်သမားအရေးအခင်း လူသတ်ပွဲ

💢 ၁၉၇၄- ဒီဇင်ဘာ ရန်ကုန်မြို့ ဦးသန့်အရေးအခင်းလူသတ်ပွဲ

💢 ၁‌‌၉၇၆ မှိုင်းရာပြည့်အရေးအခင်း လူဖမ်းပွဲ လူသတ်ပွဲ

💢 ၁၉၈၅-၈၇- ငွေစက္ကူ ဓားပြတိုက်မှု၊ ဖုန်းမော်အရေးအခင်းလူသတ်ပွဲ

💢 ၁၉၈၈- မတ်၊ ဇွန်၊ သြဂုတ်လ ရှစ်လေးလုံးအရေးတော်ပုံစက်တင်ဘာအာဏာသိမ်းလူသတ်ပွဲ

💢 ၁၉၉၀- ရွေးကောက်ပွဲရလဒ်ဖျက်ဆီးမှုနဲ့ အနိုင်ရအမတ်များဖမ်းဆီးထောင်ချလူသတ်ပွဲ

💢 ၁၉၉၅/၉၆ - အရေးအခင်းဖမ်းဆီးထောင်ချလူသတ်ပွဲ

💢 ၂၀၀၃- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD စည်းရုံး‌ေရးခရီးစဥ် ဒီပဲယင်းလူသတ်ပွဲ

💢 ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး သံဃာတော်များအားစော်ကား သတ်ဖြတ်ပွဲ

💢 ၂၀၁၅- ဒီမိုကရေစီပညာရေးကျောင်းသားသပိတ် ဖမ်းဆီးထောင်ချလူသတ်ပွဲ

💢 ၁၉၄၈ -၂၀၂၁ ထိ - ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုအ အပေါင်းကိုသတ်ဖြတ်ပွဲတွေဖြစ်ကြပါတယ်။

အဲ့ဒီလို လူသတ်လိုင်စင်ရစစ်ဗိုလ်ချုပ်တစုရဲ့လူမဆန်စွာရမ်းကားသတ်ဖြတ်ခဲ့မှု့၊ တိုင်းပြည်ရဲ့နိုင်ငံရေးသားကြောဖြတ်ခဲ့မှုကြောင့် ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်ထိပြည်သူတွေကြားမှာအကြောက်တရားအမျိုးမျိုးဖြစ်ထွန်းခဲ့ရပြီး နိုင်ငံရေးမှာမပတ်သက်ချင်ကြဘဲဥပေက္ခာပြုလာကြသူများရှိသလို၊ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းနဲ့ပူးပေါင်းပြီး စီးပွားဖြစ်လာရခြင်းကို မရှက်မကြောက်လုပ်ကိုင်လာကြတာမို့ စစ်အာဏာရှင်စနစ်ရှင်သန်ကြီးထွားလာခွင့်ရစေခဲ့ပါတယ်။

၁) အသက်အန္တရာယ်ဆုံးရှုံးရမှာ စိုးရွံ့ကြောက်လန့်ရခြင်း
၂) ထောင်ကျ ဘဝပျက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၃) ရာထူးမတက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၄) စီးပွားပျက်မှာကို စိုးရွံ့ကြောက်လန့်ရခြင်း
၅) အကျင့်သီလဖေါက်ပြန်သည့် အုပ်စိုးသူစစ်အသိုင်းအဝိုင်းနဲ့မိတ်ပျက်မှာ စိုးရွံ့ကြောက်လန့်ရခြင်း
၆) အခွင့်အရေးမရမှာ စိုးရွံ့ကြောက်လန့်ရခြင်း
၇) မသန့်ရှင်းစွာရရှိခဲ့‌သောစည်းစိမ်ဉစ္စာများပြန်ဆုံးရှုံးမှာ စိုးရွံ့ကြောက်လန့်ရခြင်းတို့ဖြစ်ကြပါတယ်။

အဲ့ဒီအကြောက်တရားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူမခန့်အပ်တဲ့ စစ်မိစ္ဆာကာချုပ် မင်းအောင်လှိုင်က ရွေကောက်ခံအစိုးရထံကနေ အာဏာလုယက်မှုကျုးလွန်လာတဲ့အခါ မတရားမှုကိုဆန့်ကျင်လာကြတဲ့ နွေဦးတော်လှန်ရေးအတွင်း ပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပစ်ပြီး ဦးနှောက်ထွက်အောင်သတ်ဖြတ်ခဲ့ကြတဲ့ အပြင်လက်နက်မပါငြိမ်းချမ်းစွာဆန္ဒပြသူ‌ေတွတွေကို မနက်လာဖမ်း ညနေအလောင်းယူခိုင်းတဲ့အထိ လူမဆန်စွာမိုက်ရိုင်းသတ်ဖြတ်လာကြတဲ့ အခါမှာတော့ ရှင်သန်ဖို့အတွက်အကြောက်တရားတွေစတင်ပျောက်ကွယ်လို့ ဘယာဂတိကို လွန်မြောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်‌အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲတွေအားကောင်းလာရပါတော့တယ်။

ပြည်သူတွေဖက်မှာ အကြောက်တရားတွေကိုလွန်‌ေမြာက် ပြီးရဲရင့်မှုတွေ အားကောင်းလာလေလေ၊ စစ်အာဏာရှင်အသိုင်းအဝိုင်းဖက်မှာ အကြောက်တရားတွေ စိုးရွံ့အားငယ်မှုတွေဆထထမ်းပိုးတိုးလို့လာနေပါပြီ။

စနစ်ဟောင်းကိုဖက်တွယ်သူတွေနဲ့စနစ်သစ်ကိုတည်ဆောက်လိုသူတွေအားပြိုင်ကြရာမှာ ပြင်းပျတဲ့ယုံကြည်ချက်အပေါ်စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓါတ်နဲ့အကြောက်တရားကိုလွန်မြောက်နိုင်မှု့အားကောင်းတဲ့ဖက်က မုချအောင်ပွဲခံမှာဖြစ်ပါတယ်။

နိုင်ငံသူနိုင်ငံသားတွေရဲ့အမှန်တရားနဲ့ ဓမ္မတရားဖက်ကပြတ်ပြတ်သားသားရပ်တည်ရဲတဲ့စိတ်ဓါတ်နဲ့ အကြောက်တရားကိုလွန်မြောက်နိုင်ပြီး ဘယာဂတိမလိုက်စားခြင်းဟာ အကြမ်းဖက်လူသတ်စစ်ကောင်စီကိုဖယ်ရှားချုပ်ငြိမ်းစေမဲ့ ၂၀၂၁ ခုနှစ် ပြည်သူနွေဦးအရေးတော်ပုံကြီးမှာ အောက်ပါ လှံတံကြီး ၇ လက်ကို အားကောင်းမောင်းသန်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

၁) CDM ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်ရေး
၂) General Strike ပြည်သူအထွေထွေသပိတ်
၃) CRPH ပြည်သူ့လွှတ်‌တော်ကိုယ်စားပြုကော်မတီ
၄) NUG အမျိုးသားညီညွတ်ရေးပြည်သူ့အစိုးရ
၅) စစ်မှန်သောတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်(EAOs) အင်အားစုများ
၆) PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
၇) ပြည်သူလူထုမှ စစ်ဆန့်ကျင်‌‌ရေး လူမှု့ရေး၊စီးပွားရေးဒါဏ်ခတ်မှု့

ပထမလှံတံဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်ရေးမှာပါဝင်ကြတဲ့နိုင်ငံဝန်ထမ်းပေါင်းစုံဟာ သူတို့ရဲ့ဝန်ထမ်းဘဝ စားဝတ်နေရေးအခြေကျနေမှုနဲ့ပင်စင်ခံစားခွင့်‌တွေကိုစွန့်လွှတ်ရမှာကို စိုးရွှံ့တဲ့အကြောက်တရားကိုလွန်မြောက်ခဲ့ပြီး သမိုင်းမော်ကွန်းထိုးခဲ့ကြတာဖြစ်ပါတယ်။

ထိုနည်းအတူဘဲ ဒုတိယလှံတံ General Strike ပြည်သူ့အထွေထွေသပိတ်မှာ ၉ လကျော် ထိတိုင် မပျက်မကွက် လမ်းပေါ်တက်ပြီး မတရားမှု့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ရဟန်းရှင်လူကျောင်းသားပြည်သူတွေဟာ ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်ထောင်ချခံရမဲ့အရေးကို စိုးရွှံ့တဲ့အကြောက်တရားကိုလွန်မြောက်ခဲ့ပြီး ဆက်လက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

တတိယနဲ့စတုတ္ထလှံတံတွေဖြစ်တဲ့ CRPH ကိုယ်စားလှယ်တွေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေ ကလည်း မိသားစု ဘဝအားလုံးကိုကျော်ခိုင်းစွန့်ခွာလို့ နိုင်ငံနဲ့ပြည်သူတွေအတွက် လွတ်မြောက်တဲ့‌နယ်မြေမှာစွန့်စားသွားရောက်လို့ အသက်အန္တရာယ်ကျရောက်မဲ့ဘေးကို စိုးရွှံ့တဲ့အကြောက်တရားကိုလွန်မြောက်ခဲ့ကြလို့ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပဉ္စမလှံတံဖြစ်တဲ့ စစ်မှန်သောတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်(EAOs) အင်အားစုများဟာလည်း မိမိလူမျိုးတမျိုးထဲအရေး၊ တစ်ဘာသာထဲအရေးကို ပြည်ထောင်စုတခုလုံးအရေးနောက်မှာထားပြီး စစ်အာဏာရှင်ဖက်ဆစ်စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော်ရင်ဆိုင်ရင်း မိမိတပ်ဖွဲ့တွေအသက်အန္တရာယ်ဆုံးရှုံးရမဲ့ခြေပြတ်လက်ပြတ်ဘဝတုံးရမဲ့ဘေးကို စိုးရွှံ့တဲ့အကြောက်တရားကိုကျော်လွှားရပ်တည်နေကြတာဖြစ်ပါတယ်။

ဆဌမလှံတံကတော့ ပြည်သူအများစုရဲ့စိတ်ဝင်စားမှုအများဆုံးရနတဲ့ PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘဲဖြစ်ပါတယ်။ စစ်ရေးအတွေ့အကြုံနည်းပေမဲ့ အရေးကြုံတော့သက်လုံကောင်းတယ်ဆိုသလို ပြည်သူကိုတရားမဲ့သတ်ဖြတ်ဗိုလ်ကျနေတဲ့ လက်နက်အားသာလွန်ပြီး စစ်ရည်ဝနေတဲ့ မိစ္ဆာစစ်ဘီလူးတွေကိုရင်ဆိုင်ဖို့ မိမိအသက်နဲ့ခန္ဓာကိုစွန့်လွှတ်ရနိုင်တယ်ဆိုတဲ့ အနီးကပ်ဘေးအန္တရာယ်ကြီးကို စိုးရွှံ့တဲ့အကြောက်တရားကိုကျော်လွှားလို့ အစားဆင်းရဲအနေဆင်းရဲခြင်းကြီးစွာနဲ့ စိမ်ခေါ်မှု့များစွာကို ဒူးမထောက်လက်မမြှောက်ဘဲရင်ဆိုင်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးသတ္တမလှံတံကတော့ စစ်အုပ်စုနဲ့ထောက်ခံဝိုင်းရံတဲ့အသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်ရှင်ရဟန်းတွေ၊ နောက်ဆုံးမိမိမိတ်ဆွေအပေါင်း အသင်း ‌ဆွေမျိုးမိသားစုဝင်တွေတောင် ပြည်သူလူထုက လူမှု့ရေးဒါဏ်ခတ်တာ၊ စစ်တပ်နဲ့ ဦးပိုင်ကုမ္ပဏီထုတ်ကုန် တွေအားမပေးတာ၊ မသုံးစွဲကြတာ၊ Blood Money ဖြတ်တောက်ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေနဲ့ စီးပွားရေးဒါဏ်ခတ်လာကြပါတယ်။

လူမှုရေးအပြစ်ဒါဏ်အဖြစ် မိတ်ဆွေစာရင်းကထုတ်ပစ်တာမျိုး၊ သာရေးနာရေးမပတ်သက်တာမျိုးတွေကို လက်ရှိဝန်ထမ်း Non CDM တွေနဲ့ စစ်တပ်ထဲက လက်ရှိအလုပ်လုပ်နေသူတွေ၊ စစ်တပ်လုပ်ရပ်ကိုထောက်ခံဝိုင်းရံသူ လူရှင်ရဟန်းမှန်ရင် ပြည်သူတိုင်းက ညီညီညာညာနဲ့ အခုထက်ပိုပြီး လူမှုရေးဒါဏ်ခတ်ကြမယ်ဆိုရင် ပိုမိုထိရောက်ပြီး နွေဦးတော်လှန်ရေးကို ပိုပြီးမြန်မြန်အောင်မြင်စေဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။

အထက်ပါလှံတံကြီး (၇) စင်းကို စစ်အာဏာရှင်စနစ်ဘုံးဘုံးပြိုကျ‌အောင် ပစ်မှတ်မှာအနက်ရှိုင်းဆုံးထုတ်ခြင်းခတ်စွဲနိုင်စေဖို့ စိတ်ပိုင်းရုပ်ပိုင်၊ ငွေကြေး၊နည်းပညာ၊လုပ်အားတွေပံပိုးဝိုင်းရံနေကြတဲ့အင်အားစုတွေကတော့ ပြည်တွင်းပြည်ပကမြန်မာနိုင်ငံသူနိုင်ငံသားတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ လူမှူ့အဖွဲအစည်းပေါင်းစုံဖြစ်ကြပါတယ်။

ပြသနေတဲ့ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာအခြေအနေအရပ်ရပ်ကညွှန်ပြနေတဲ့ညွှန်‌ကိန်းတွေအရ စစ်အာဏာရှင်စနစ်ဟာ အဖက်ဖက်ကကျဆုံးလာနေပါပြီ။

မြန်မာ့နွေဦးတော်လှန်ရေးမှာကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲကြတဲ့အညတြအာဇာနည်အ‌ထောင်အသောင်းတို့နဲ့တကွ မိမိတနိုင်တပိုင် နိုင်ရာဝန်ထမ်းပြီး ဝိုင်းရံထောက်ပံ့ကြတဲ့ပြည်သူလူထုတရပ်လုံးရဲ့စွန့်လွှတ်စွန်းစားကျိုးပမ်းမှု့‌တွေစုပေါင်းစွမ်းအားတွေကြောင့် စစ်အဏာရှင်စနစ်ဟာ မကြာခင်ပြိုကျချုပ်ငြိမ်းတော့မှာအသေအခြာပါဘဲ။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် လက်နက်အားကိုးနဲ့အကြောက်တရားကိုဖန်တီးပြီး ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စစ်အာဏာရှင်စနစ်အတွင်းမှာဘဲ မြန်မာပြည်သူအများစုဟာ နိုင်ငံရေးအသိတွေနိုးကြားလာလို့ သူတို့စိတ်သဏ္ဍန်မှာ မကြောက်တရားတွေဖြစ်ထွန်းဖွဲ့တည်လာပြီး အကြောက်တရားတွေလွန်မြောက်ခဲ့ရာက တနေ့ထက်တနေ့ ဘယာဂတိတွေတဖြည်းဖြည်းလျော့ပါးလာခဲ့ကြပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သင်ကြားလမ်းပြခဲ့သလိုပါဘဲ ပုထုဇဉ်လူသားတိုင်းမှာအကြောက်တရားဆိုတာရှိကြပေမဲ့ အသိဉာဏ်ဦးစီးပြီး ကြောက်ကြောက်နဲ့ လုပ်သင့်တာလုပ်ထိုက်တာကိုလုပ်ရဲတာဟာ တကဲ့သတ္တိဆိုတာနောက်လိုက်ကောင်းပီသတဲ့ပြည်သူတွေဟာ နားလည်သဘောပေါက်လာခဲ့ကြပါတယ်။ လက်တွေ့မှာလည်း မိမိတို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ဘဝတွေစွန့်လွှတ်ပြီး သက်‌သေပြခဲ့ကြတာမို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ရဲဝံတဲ့သတ္တိဗျတ္တိတွေရှိတဲ့လူမျိုးတွေဆိုတာ ကမ္ဘာကအံဩချီးမွှမ်းအသိအမှတ်ပြုနေကြရပါပြီ။

သိတတ်နားလည်ကြတဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့တိုင်းရင်းသားမိဘပြည်သူလူထုအပေါင်းဟာ သူတို့စွမ်းသ‌လောက်နိုင်ရာဝန်ထမ်းပြီး စစ်အာဏာရှင်တော်လှန်ရေးအပေါ်ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအထွေထွေပံ့ပိုးမှု့တွေကြောင့် မကြာခင်မှာဘဲ ၂၀၂၁ နွေဦးတော်လှန်ရေးခရီးပန်းတိုင်ကို ရောက်ရှိလို့ နိုင်ငံတော်သစ်တည်ရတော့မှာမြေကြီးလက်ခတ်မလွဲဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
အောက်တိုဘာ ၂၃ ရက် ၂၀၂၁ ခုနှစ်

#MyanmarLabourNews


Related posts

Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023