ကျွန်မတို့ရဲ့တစ်နေ့လုပ်ခ ၄၈၀၀ နှုန်းက စားဆီငါးဆယ်သားတစ်ဗူးပဲရပါတယ်။

cover
profile
Oct 31, 2022

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်လာတာတွေကြောင့် အခြေခံအလုပ်သမားတွေ စား၀တ်နေရေးခက်ခဲကာ လက်ရှိရရှိနေတဲ့တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ဖြစ်တဲ့ လုပ်ခလစာနဲ့မလောက်ငှတဲ့ပြဿနာတွေဖြစ်ပေါ်နေပါတယ်။ 

ဒီအပေါ် ကုစားနိုင်ဖို့ လက်ရှိကုန်ဈေးနှုန်းအရ သင့်တင့်မျှတတဲ့ အနည်းဆုံးအခကြေငွေတိုးမြင့်ပေးရန် တောင်းဆိုမှုတွေပြုလုပ်လာကြတာပါ။  

ဒါနဲ့ပတ်သက်ပြီး အနည်းဆုံးအခကြေးငွေတိုးမြင့်ပေးဖို့တောင်းဆိုလျက်ရှိတဲ့  မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားတစ်ဦးနဲ့ဆက်သွယ်မေးမြန်းချက်ကို Myanmar Labour News ကဖော်ပြပေးလိုက်ပါတယ်။ 

မေး။  ။အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ တောင်းဆိုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

အလုပ်သမား။  ။ အခုကုန်ဈေးနှုန်းတွေတက်တယ်။ ကုန်ဈေးနှုန်းတွေတက်တာနဲ့အတူ ကျွန်မတို့ရဲ့အချိန်ပိုတွေကလည်း လျော့လာတယ်။ လျော့လာတဲ့အတွက် ကျွန်မတို့ရဲ့လစာကအိုတီမရှိ တစ်နေ့၄၈၀၀ နှုန်းနဲ့တွက်မယ်ဆိုရင် ၁၆၀၀၀၀ လောက်ပဲရတာ။ အဲ့ဒါနဲ့စားစရိတ်သောက်စရိတ်နဲ့ဆိုရင် ခုတက်နေတဲ့ကုန်ဈေးနှုန်းတွေနဲ့ဆို ကျွန်မတို့ရဲ့တစ်နေ့ ၄၈၀၀ နှုန်းက စားဆီငါးဆယ်သားတစ်ဗူးပဲရပါတယ်။ အဲ့တာကြောင့်  ကျွန်မတို့ခုကုန်ဈေးနှုန်းတွေတက်နေတဲ့အတွက်ကြောင့်  တစ်နေ့ ၄၈၀၀ ကနေ ၈၀၀၀ ကျပ်ပေးဖို့ တောင်းဆိုတာပါ။ 

မေး။  ။လက်ရှိကုန်ဈေးနှုန်းအရ အလုပ်သမားတစ်ယောက်ဟာ တစ်နေ့ဘယ်လောက်ကုန်ကျနေလဲ။ 

ကျွန်မတို့အလုပ်သမားတွေရဲ့ တစ်နေ့ကုန်ကျစရိတ်က  အနည်းဆုံးတွက်မယ်ဆိုရင် တစ်သောင်းခွဲလောက် ကျပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရတာက ၄၈၀၀ နဲ့ကုန်ကျနေတာက တစ်သောင်းခွဲဆိုရင်  ကျွန်မတို့ရဲ့လစာက အဖက်မတင်ဘူး။ အဲ့တာကြောင့်လည်း အခုလိုတောင်းဆိုနေရတာပါ။ 

မေး။   ။လက်ရှိတောင်းဆိုတာကရော  စက်ရုံအတွက်ပဲလား။ အခြားသောအလုပ်သမားတွေအပေါ် ဘယ်လိုမြင်လဲ။ 

အလုပ်သမား။  ။
ခုလက်ရှိတောင်းဆိုတာကတော့  ကျွန်မတို့စက်ရုံအလုပ်သမားတွေအတွက်ကိုပဲတောင်းဆိုတာပါ။ ဒါပေမဲ့ အခြားစက်ရုံတွေအနေနဲ့ရော ဘယ်လိုတွေသတင်းကြားနေရလဲဆိုရင် ကျွန်မတို့ပေါင်ချိန်မြန်မာစက်ရုံက ကျွန်မတို့ရွှေပြည်သာမှာတော့ အကြီးဆုံးဆိုတော့  ဒီစက်ရုံကတိုးရင် အခြားနောက်ထပ်စက်ရုံတွေကလည်း တိုးပေးမယ်လို့ သတင်းကြားပါတယ်။ အဲ့တာကြောင့် ကျွန်မတို့က ရှေ့ကနေပြီး ဒီ၀န်ထမ်းတွေအပြင်အခြားသော စက်ရုံက၀န်ထမ်းတွေကိုလည်း အဆင်ပြေစေချင်တဲ့အတွက် အရင်ဆုံးတောင်းဆိုမှုတွေ ပြုလုပ်တာပါ။ 



မေး။  ။အခုတောင်းဆိုတာကရော အချိန်ဘယ်လောက်ကြာမြင့်နေပြီလဲ။ 
အလုပ်သမား။  ။
ကျွန်မတို့၂၅ရက်နေ့ကနေစပြီးတောင်းဆိုမှုပြုလုပ်နေတာ ဒီကနေ့အထိပဲရှင့်.။ တောင်းဆိုမှုဆိုတာက ၄၈၀၀ ကျပ် ကနေ ၈၀၀၀ ကျပ်တိုးပေးဖို့ပါ။ အခြားတောင်းဆိုမှုတွေလည်းရှိတယ်။ ဒါပေမဲ့ဒီလုပ်ခတိုးမြင့်ပေးဖို့ကိုပဲ အဓိကတောင်းဆိုတာပါ။ အရင်ကတောင်းဆိုမှုတွေလုပ်တုန်းကတော့ စာတင်ပြီးတောင်းဆိုတယ်။ ဆွေးနွေးခြင်းမရှိဘူး။ အလုပ်ရှင်ဆီစာတင်တယ် အကြောင်းမပြန်ဘူး။ ဆွေးနွေးခြင်းမရှိဘူး။ နောက်ဆုံး အလညကိုစာတင်တယ်။ ဆွေးနွေးပေးဖို့တောင်းဆိုတယ်။ အဆင်မပြေတဲ့အတွက်ကြောင့် လူစုလူဝေးနဲ့တောင်းဆိုမှုတွေ ပြုလုပ်တာပါ။ ကျွန်မတို့က ဆန္ဒပြတာမဟုတ်ဘူး။ စုပေါင်းတောင်းဆိုတာပါ။  စာတင်ပြီးတာင်းဆိုတာကို ညှိနှိုင်းမှုမရှိခဲ့တာကြောင့် ခုလိုလူစုလူေ၀းတောင်းဆိုရတာပါ။ 

မေး။  ။လုပ်ငန်းရှင်တွေဘက်က အစိုးရကတိုးပေးဖို့သတ်မှတ်မှ သူတို့တိုးပေးနိုင်မယ်ဆိုတဲ့အပေါ် ဘာပြောချင်လဲ။ 

အလုပ်သမား။   ။
ကျွန်မတို့ပြောချင်တာက  လက်ရှိအစိုးရကတိုးပေးမှ ၄၈၀၀ ကိုတိုးပေးနိုင်မယ်ဆိုရင် အစိုးရကတိုးရင်တိုးမယ် အစိုးရမတိုးရင် သူတို့ကမတိုးပေးချင်ဘူးဆိုရင် လက်ခံတယ်။  ဟုတ်ပြီ အစိုးရကမတိုးဘူးဆိုရင်လည်း လက်ခံ တယ်။ ဒါပေမဲ့အစိုးရကတိုးတယ်ဆိုတာကို မလိုချင်ဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ဒေးကြေးတွေ နှစ်ကြေးတွေ ရက် မှန်ကြေးတွေ တိုးပေးဖို့တောင်းဆိုတယ်။ သူတို့ကလည်းငြင်းတယ်။ သူတို့ဘက်ကအစိုးရကတိုးပေးမှ တိုးပေးမယ်ဆိုတဲ့လေသံအပြင် အခြားဘာမှမထွက်ဘူး။ 

မေး။   ။လက်ရှိလစာရရှိမှုကဘယ်လိုလဲ။ 

အလုပ်သမား ။   ။ 

ဖြုတ်ထားတာမျိုးမရှိဘူး။ နှစ်ကြေးမရှိဘူး။ ရက်မှန်ကြေးကိုတစ်သောင်းပေးတယ်။ အဲ့တာကိုသုံးသောင်းပေးဖို့ တောင်းဆိုတယ်။ နားတောင်မထောင်ဘူး။ ဒီ၄၈၀၀ ကနေ ၈၀၀၀ က အစိုးရကမတိုးဘဲ တိုးမပေးနိုင်ဘူးဆိုတဲ့ တုံးတိစကားကလွဲလို့ ကျွန်မတို့ရဲ့စကားကိုနားထောင်ခြင်းတောင်မရှိပါဘူး။ ခုတောင်းဆိုတာက ရက်မှန်ကြေးရယ် နှစ်ကြေးရယ် တားဂတ်ကြေးရယ် သူများစက်ရုံတွေပေးသလိုပေးဖို့ ဖယ်ရီ မစီစဉ်ပေးလို့ ဖယ်ရီစီစဉ်ပေးဖို့ကိုလည်းတောင်းဆိုတယ်။ သူတို့ဘက်ကနေ အကုန်လုံးကိုနားမထောင်ဘူး။  သူတို့ဘက်ကနေ အစိုးရကတိုးပေးမှပဲတိုးပေးမယ် ဆိုတာကိုပဲပြောတယ် အဆုံးထိနားမထောင်ဘူး။ 

မေး။   ။လုပ်ငန်းရှင်တွေစီးပွားကျနေချိန်မှာ လုပ်ခတိုးတောင်းတာမဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေကိုရော ဘယ်လိုမြင်ပါသလဲ။ 

အလုပ်သမား။   ။ 

အလုပ်သမားတစ်ယောက်အနေနဲ့ပြောရရင်  အလုပ်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်အလုပ်သမားတွေရဲ့အဆင်မပြေမှုတွေကို ကြည့်စေချင်ပါတယ်။ သူတို့အလုပ်ရှင်တွေတောင်မှ သူတို့အဆင်မပြေမှုတွေကို ချပြသးတာပဲ အလုပ်သမားတွေအဆင်မပြေဘူးဆိုတာကိုချပြတဲ့အခါမှာလည်း ၀န်ထမ်းတွေရဲ့အဆင်မပြေမှုကိုကြည့်ပြီး  လက်ခံပေးစေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်သူဌေးတွေတောင်မှ စီးပွားရေးကျတယ်  အဆင်မပြေဘူးဆိုရင် အလုပ်သမားတွေဆိုရင်ရော  ဘယ်လိုပြေနိုင်မှာလဲဲ အဲ့တာကို ကိုယ်ချင်းစာနာစေချင်ပါတယ်။ 

မေး။   ။လက်ရှိတောင်းဆိုနေတဲ့အပေါ် အလုပ်ရှင်ဘက်က တုံ့ပြန်မှုရရှိလားရှင့်။ 

အလုပ်သမား  ။
ခုတောင်းဆိုတာ ၃ရက်ပြည့်ရင်အလုပ်ထုတ်မယ်လို့ပြောတာတော့ကြားတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်ကအဲ့တာကိုမမှုဘဲ မနက်ဖြန်မှာလည်းတောင်းဆိုမှုတွေဆက်လုပ်နေပါမယ်။ အလုပ်ရှင်ကတော့  သူတို့ကိုပေးနေတဲ့ ကုန်ထုတ်တွေက နောက်နှစ်အတွက်ပေးထားတဲ့ကုန်ထုတ်တွေက  ငါးဆယ်ရာခိုင်နှုန်းနှုတ်ပြီး သူများနိုင်ငံကိုပေးမယ်။ ကျွန်မတို့စက်ရုံ
ကိုမပေးတော့ဘူးပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်ကလည်း ကျွန်မတို့အခက်အခဲကိုယ်တိုင်ပဲသိတယ်။ ကျွန်မတို့ရဲ့တောင်းဆိုမှုတွေကို ဆက်လုပ် သွားမယ်လို့ စက်ရုံဘက်ကို အသိပေးထားပါတယ်။  

မေး။   ။ခုလက်ရှိတောင်းဆိုထားတာက  ဘာတွေလဲ။ 

အလုပ်သမား  ။
ပထမဆုံးအချက်အနေနဲ့ ကျွန်မတို့တောင်းဆိုထားတာက ၂၂ ချက်ရှိတယ်။
အဲ့ဒီအထဲကနေမှ  အဓ်ိကကျတဲ့ ၉ချက်ကို ဆွေးနွေးတယ်။ တစ်နေ့လုပ်ခ ၄၈၀၀  ကနေ 
၈၀၀၀ တိုးပေးဖို့နဲ့ ကျန်တာကစက်ရုံက၀န်ထမ်းတွေ အတွက် တောင်းထားတာပါ။ ၀န်ထမ်းတွေစက်ဘီးဆိုင်ကယ်ပျောက်မှုတွေ၊ ရေပူသောက်ရတာတွေ။ စက်ရုံ မှာမညီမျှတဲ့စည်ကမ်းတွေကို ပြန်ပြင်ပေးဖို့နဲ့ လီဒါ( leader )စူပါ (supervisor)တွေရဲ့ရိုင်းပျမှုတွေ အဲ့ဒီရိုင်းပျမှုတွေကိုတာ၀န်ယူပေးဖို့။ စံချိန်တွေ ဖယ်ရီကားစီစဉ်ပေးဖို့တွေအပါ ၉ချက်ကိုတောင်းဆိူထားတာ။ အဲ့ဒီ ၉ချက်မှာမှ ၄ ချက်အဆင်ပြေသွားတယ်။ 

၂၆ရက်နေ့ကညှိနှိုင်းခဲ့ရာမှ ၄ ချက်အဆင်ပြေပြီး  ၂၇ရက်နေ့မှာတော့  ကျွန်မတို့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ၄၈၀၀ ကနေ ၈၀၀၀ တိုးမြင့်ပေးဖို့ကို အဓိဆွေးနွေးခဲ့တယ်။ ၄၈၀၀ ကနေ ၈၀၀၀ ကျပ်ပေးဖို့ဆွေးနွေးတဲ့အခါမှာ အဆင်မပြေခဲ့ဘူး။  အရင်၂၆ရက်နေ့ကဆွေးနွေးခဲ့တဲ့ ၄ချက်ပဲ အဆင်ပြေပြီး  ၅ချက်ကျန်နေပါသေးတယ်။ 

မေး။  .။ညှိနှိုင်းမှုအဆင်မပြေသေးဘဲ ကျန်ရှိနေတဲ့အချက် ၅ ချက်ကိုလည်း သိချင်ပါတယ်။ 

အလုပ်သမား။ 

၁။တစ်နေ့လုပ်အားခ ၄၈၀၀ ကနေ ၈၀၀၀ ကျပ်တိုးမြင့်ပေးရန်။ 
၂။မြန်မာပေါင်ချိန်ကုမ္ပဏီစည်းမျဉ်းစည်းကမ်းထဲမှ ဥပဒေနဲ့မကိုက်ညီတဲ့ စည်းကမ်းချက်နဲ့ မျှတမှုမရှိတဲ့ စည်းကမ်းချက်များကို ပြင်ဆင်ပေးရန်။ 
၃။အလုပ်သမားများရဲ့ သဘောဆန္ဒမပါဘဲ အလုပ်နေရာပြောင်းရွှေ့ခြင်းမပြုရန်။ 
၄။စံချိန်သတ်မှတ်ခြင်းကို အလုပ်သမားများအမှန်တကယ်လုပ်နိုင်တဲ့ စံချိန်သတ်မှတ်ပေးရန်နဲ့စံချိန်သတ်မှတ်ခြင်းကို အလုပ်သမားကိုယ်စားလှယ်တစ်ဦးကို ထည့်သွင်းပေးရန်။ 
၅။ ဖယ်ရီစီစဉ်ပေးရန်ဆိုတဲ့တောင်းဆိုချက် ၅ချက်ကျန်နေပါသေးတယ်။  

မေး။   ။စက်ရုံတွင်းမှာ  သမဂ္ဂဖွဲ့စည်းထားတာနဲ့ပတ်သက်ပြီးရော ဘယ်လိုအခြေအနေရှိလဲ။ အခက်အခဲရှိလား။ 

အလုပ်သမား။ ။
ခုကျွန်မတို့သမဂ္ဂကနေ ပုံစံ၆ ကျပြီးနေပြီ။ ကျွန်မတို့ကို  တရား၀င်အဖွဲ့အစည်းလို့  မသတ်မှတ်သေးဘူး။ ပုံစံ၇ကျပြီးမှဘဲ တရား၀င်အဖွဲ့အစည်းလို့သတ်မှတ်မယ်။ ဒီအဖွဲ့အစည်းရှိတယ်ဆိုတာကိုလည်း သူတို့ကလက်ခံမယ်။  ကျွန်မတို့လည်း ဒီပုံစံ၇ကျဖို့ရာကိုလည်း ကြိုးစားနေပါတယ်။  

မေး။    ။ဒီလိုတောင်းဆိုမှုပြုလုပ်ရာကနေ အလုပ်ထုတ်ခံရတာရော  သမဂ္ဂကအလုပ်သမားတွေပဲလား။ 

အလုပ်သမား ။   ။
ခုအလုပ်ထုတ်ခံရတဲ့အထဲမှာ  သမဂ္ဂခေါင်းဆောင် ၇ ဦးပါတယ်။  ကျန်တဲ့သူတွေက  သမဂ္ဂအဖွဲ့၀င်တွေပါတယ်။ အများစုထဲက သမဂ္ဂကလူတွေချည်းပဲ။ ခုထုတ်ခံလိုက်ရတဲ့ ၂၇ယောက်မှာ  သမဂ္ဂကလူတွေခ ျည်းပဲ။ ၇ယောက် လောက်က သမဂ္ဂအဖွဲ့၀င်တွေမဟုတ်ဘူး။ နောက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့အချိန်မှာ  ဘေးကနေရပ်ကြည့်ပြီး ၀ိုင်း၀န်းကူညီပေးတဲ့သူတွေပါ။ သတင်းကြားတာကတော့  ညပိုင်းတွေဆိုရင်  သမဂ္ဂအဖွဲ့၀င်တွေဆိုရင် ညဆိုင်းတွေ ပြန်လွှတ်တယ်လို့တော့  သတင်းကြားရတယ်။ 


မေး။   ။တောင်းဆိုမှုကြောင့် အလုပ်ဖြုတ်ခံရတာက သမဂ္ဂလူတွေအများစုပါနေတာဆိုတော့ သမဂ္ဂဖြိုခွဲခံရတယ် လို သက်ရောက်ပါသလား။ 

အလုပ်သမား 
သမဂ္ဂဖြိုခွဲခံရတာပေါ့၊။  ဘာလို့လဲဆိုတော့ ကျွန်မတို့တောင်းဆိုကတည်းက သမဂ္ဂအနေနဲ့တောင်းဆိုတာမဟုတ်ဘဲ  ၀န်ထမ်းများရဲ့ဆန္ဒအများစုအတွက် တောင်းဆိုတာ။ ဒါပေမဲ့ ပါ၀င်နေတာက သမဂ္ဂကလူတွေချည်းပဲပါနေတာဆိုတော့  သမဂ္ဂဖြိုခွင်းတာနဲ့အတူတူပါပဲ။ 

မေး။   ။ခုလိုအလုပ်ထုတ်ခံလိုက်ရတာဆိုတော့ ဘယ်လိုဆက်လုပ်ဖို့ရှိလဲ။ 

၀န်ထမ်းတွေအနေနဲ့ကတော့  အလုပ်ထုတ်ခံရတဲ့ ၂၇ယောက်ကို  လုပ်ငန်းခွင်ပြန်၀င်ဖို့တောင်းဆိုကြမှာပါ။  ကျွန်မတို့၂၇ယောက်က လုပ်ငန်းခွင်၀င်ရောက်ပြီးပြီဆိုတာနဲ့  ကျွန်မတို့၂၇ယောက်ကနေဦးဆောင်ပြီး  ဒီအနည်းဆုံးအခကြေးငွေတိုးမြင့်ပေးဖို့ရာကို ဆက်လက်ဦးဆောင်ပြီးတောင်းဆိုသွားမှာပါ။ 

မေး။  ။ခုလိုအလုပ်ဖြုတ်လိုက်တဲ့အပေါ်မှာရော  လုပ်ငန်းရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။ 

အလုပ်သမား။  ။
အလုပ်ရှင်က ညှိနှိုင်းမှုအဆင်မပြေတာကြောင့် စုပေါင်းတောင်ဆိုမှုပြုလုပ်တဲ့အပေါ်  မှာ ခွင့်မဲ့ပျက်ကွက်တယ်ဆိုပြီးအလုပ်ထုတ်လိုက်တာပါ။  ကျွန်မတို့တောင်းဆိုမှုနှစ်ရက်တစ်ပိုင်းဖြစ်ပေမဲ့ ခွင့်မဲ့သုံးရက်ပျက်ကွက်မှုဆိုပြီး အလုပ်ထုတ်လိုက်တာက အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ အငြင်းပွားမှုဖြစ်ပွားနေစဉ်မှာ အလုပ်ထုတ်ပိုင်ခွင့်မရှိတာကြောင့် ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်တယ်။ 

နောက်ပြီး မြန်မာပေါင်ချိန်စက်ရုံဟာနိုင်ငံကျော်ကုန်အမှတ်တံဆိပ် Adidas ချုပ်နေတာဖြစ်ပြီး ထိုင်ဝမ် နိုင်ငံ Taichung မြို့ မြာ ရှိတဲ့ စက်ရုံကို ပိုင်ဆိုင်တဲ့ Company ရုံးချုပ်ကြီးဖြစ်တာကြောင့် ဒေါ်လာဈေးတက်နေတာနဲ့အညီ ကုန်ဈေးနှုးမြင့်မားမှုအကြပ်အတည်းဖြစ်နေတဲ့ မြန်မာလုပ်သားတွေအပေါ် သင့်တင့်မျှတတဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးဖို့ ကို လုပ်ဆောင်ပေးသင့်တဲ့စက်ရုံလည်းဖြစ်ပါတယ်။  

ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
Myanmar Labour News

572 Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle