ARTICLE

"သူတို့ တောင်းတာပေး မပေးရင် ကျန်သူတွေပါ ထပ် စတေးပစ်မယ် ဆိုတာမျိုး ကြောက်ပြီး ပါလာမလား ဆွဲခေါ်ချင်တဲ့ ရည်ရွယ်တဲ့ပုံ လို့မှန်းရမယ်"

CoverLogo
1.1K Views

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် နှင့် ကို အောင်သူရဇော် တို့ သေဒဏ်စီရင်ခံရသူလေးဦး အား  စစ်ကောင်စီမှ ကွပ်မျက်မှု  ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းများထွက်ပေါ်ခဲ့ပြီး  မိသားစု၀င်များထံသို့ အသိပေးခြင်းမရှိ  အလောင်းဖျောက်လိုက်သည့် ကိစ္စရပ်အပေါ်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့နှင့်နယ်ပယ်အသီးသီးမှ ပြည်သူတို့ရဲ့ မှတ်ချက်သဘောထားအချို့ကို  Myanmar Labour News ကမေးမြန်းဖော်ပြလိုက်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး 
"တရားစီရင် အမိန့်ချမှတ်တာရော၊ အခုလိုသေဒဏ် စီရင်တယ်ဆိုတာကရော လုံးဝ တရားမဲ့ လုပ်ရပ်ပါ။ ဥပေဒမဲ့ အကြမ်းဖက် သတ်ဖြတ်မှုပါ။ ဥပဒေနဲ့ရော အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ဘဲလုပ်ချင်တာ အကြမ်းဖက် လုပ်သွားတဲ့လုပ်ရပ်ပါ။ အခုလို အကြမ်းဖက်သတ်ဖြတ်တာတောင် အတိအလင်းခုချိန်ထိမသိရ၊ သတင်းမှောင်ချထားတာက လည်းအလွန် လူမဆန်လုပ်ရပ်၊ ခိုးကြောင် ခိုးဝှက်လုပ်ရပ်ပါပဲ။ သေဆုံးသူမိသားစုကို လုပ်ပေးရမှာတွေ ခေါင်းရှောင် စော်ကားလိုက်တာပါပဲ။ အားလုံးက သူရဲပေါကြောင် အကြမ်းဖက် လုပ်ရပ်လို့မြင်ပါတယ်။ သူတို့လုပ်တာကတော့ အခုအချိန်မှာ တော်လှန်ရေး အင်အားစုတွေ ပြည်သူတွေကို ခြောက်လှန့်တာပဲ။ သူတို့က သူတို့စိတ်နဲ့ပဲမှန်းတယ်။အခု အချိန်မှာ နိုင်ငံတကာက DASSK ရောအခြား အင်အားစုတွေနဲ့ပါ တွေ့ဆုံရေး တွန်းလာနေလို့၊ တကယ်တွေ့ဆုံရချိန်မှာ သူတို့ တောင်းတာပေး မပေးရင် ကျန်သူတွေပါ ထပ် စတေးပစ်မယ် ဆိုတာမျိုး ကြောက်ပြီး ပါလာမလား ဆွဲခေါ်ချင်တဲ့ ရည်ရွယ်တဲ့ပုံ လို့မှန်းရမယ်။"

နိုင်ကျဉ်း ဦးထွန်းကြည် FPPS
"နံပါတ်တစ်အချက်ပြောချင်တာက သူတို့အာဏာစလုကတည်းက သူတို့ရဲ့လုပ်ရပ်တွေက ဥပဒေမဲ့ ဥပဒေကို ဆန့်ကျင်ပြီးတော့  နိုင်ငံတော်ကိုသစ္စာဖောက် ပုန်ကန်မှုကနေစပြီးတာထွက်တာဖြစ်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူလူထုကိုလည်း အကြမ်းဖက်ဖြိုခွဲတယ်။ ခုဒီကွပ်မျက်တာနဲ့ပတ်သက်ပြီး တော့လည်း သူတို့တရားမ၀င်ဘူး။  နံပါတ်နှစ်အချက်  သူတို့ကအစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်တယ်။ စစ်ကောင်စီဆိုတာက အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ဖွဲ့ထားတဲ့ စစ်ကောင်စီဖြစ်တယ်။ နောက်တစ်ချက်က ပြည်သူလူထုအပေါ်ကို ဒါကခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး  ပြည်သူလူထုအပေါ်ကို စစ်ကြေငြာလိုက်တယ်လို့ မြင်ပါတယ်။  နောက်တစ်ခုက ဒီလုပ်ရ့ပ်ကို အပြင်းထန်ရှုတ်ချတယ်။ နောက်ပြည်သူလူထုဘက်ကနေ အမှန်တရားဘက်ကနေဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကိုမှ  ခုလိုကွပ်မျက်တယ်ဆိုတာက အလွန်တရာမှ  ရက်စက်ကြမ်းကြုပ်တဲ့ ရာဇ၀တ်မှုဖြစ်တယ်။  ကွပ်မျက်တယ်လို့ပြောပြီး  မိသားစုကိုတရား၀င်ပြောဆိုခြင်းဖြစ်တယ်။ အဆိုးရွားဆုံးက  အလောင်းကိုပါဖျောက်ဖျက်ပစ်လိုက်တာပဲ။ ဒါကအကျဉ်းထောင်လက်စွဲမှာရော ဥပဒေမှာလည်းပါထားပီးသားဖြစ်တယ်။  အလောင်းကိုမိသားစုကို ပြန်လွှဲပေးရမှာဖြစ်တယ်။  ခုကမိသားစုနဲ့သောကြာနေ့မှာတွေ့ခွင့်ရတယ် အဲနေ့ မေးတော့ဟိုလိုဒီလိုလုပ်ပြီး  တနင်္လာနေ့မှာ မိသားစုကအတင်းမေးတော့ သတင်းစာထဲကအတိုင်းပဲ သတင်းစာထဲကအတိုင်းပဲဆိုတော့  ဒါသည် ပြည်သူ့ဆန္ဒ ပြည်သူ့မျှော်လင့်ချက်တွေကို မျက်ကွယ်ပြုတာ။ နောက်တခါ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကိုလည်း ဒေသတွင်းအစိုးရတွေကို မထီမဲ့မြင်လုပ်တယ်။ ပြောရရင်တော့ နားရွက်တံတွေးစွပ်တယ်ပေါ့။ 

 

ဒီလိုလုပ်လာတဲ့အခါ တုံ့ပြန်မှုတွေက တော်လှန်ရေးအင်အားစုတွေ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပစ်မယ်ဆိုပြီး  တော်လှန်တိုက်ပွဲ၀င်နေတဲ့ မြေပြင်သပိတ်တွေ CDM သူရဲကောင်းတွေ နောက်တခုက ပြည်သူ့ခုခံတော်လှန်စစ်ကိုဆင်နွှဲနေတဲ့ အရေးတော်ပုံတပ်သားတွေက ဒီလိုလုပ်ရပ်အပေါ်မှာခံပြင်းတယ် နာကြည်းတယ် ဆိုတဲ့စိတ်တွေကို ပြင်းထန်တဲ့ခွန်အားတွေအဖြစ် ပြင်းထန်တဲ့လက်တုန့် ပြန်မှုအဖြစ်  ဆထက်တပိုးတိုးပြီးဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့  ခုလိုမျိုးပြည်သူလူထုချစ်မြတ်နိူးတဲ့  လူပုဂ္ဂိုလ်တွေအပေါ်မှာ ရက်စက်သတ်ဖြတ်တယ်။ အခွင့်အရေးတွေချိုးဖောက်တယ်။  ဥပဒေတွေချိုးဖောက်တယ် မျက်ကွယ်ပြုတယ်ဆိုတဲ့အခါမှာ  လက်တုံ့ပြန်မှုတွေက အလွန်တရာပြင်းထန်လာမယ်။ သူတို့အတွက်အလည်း ကျဆုံးချိန်ကျနေပြီ။ မျက်နှာစာအသီးသီး နယ်ပယ်အသီးသီးမှာလည်း   ဒီလုပ်ရပ်ကြီးက အလွန်တရာမှမိုက်မဲတဲ့လုပ်ရပ်ကြီး  အလွန်တရာမှရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကြီးကို ကွပ်မျက်တာကြီးကို အလောင်းလည်းဖျောက်တယ် မိသားစုကိုလည်း အသိမပေးဘူးဆိုတော့ အရုပ်ဆိုးအကြီးတန်ပြီး အော့နှလုံးနာတဲ့လူတွေပေါ့။  ကမ္ဘာပေါ်မှာ အစွန်းရောက်အကြမ်းဖက်သမားတွေ တော်တော်များများရှိပါတယ်။ အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ စုဖွဲ့ထားတဲ့စစ်ကောင်စီကတော့  သူတို့ရဲ့လုပ်ရပ်အပေါ် တာ၀န်လည်းမယူဘူး တာ၀န်လည်းမခံဘူး။ သို့ပေမဲ့ အဲဒီအကျိုးဆက်ကိုတော့ သူတို့တာ၀န်ယူကိုယူရမယ်. အဲဒီလူတွေနဲ့ပတ်သက်တဲ့ တရားမျှတမှုကတော့ သူတို့့အနေနဲ့ အပြည့်အ၀တာ၀န်ယူရမယ်။ တာ၀န်ခံရမယ်ဆိုတာကိုတော့  ဒီနေရာကနေအတိအလင်းပြောချင်တယ်။"

ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ
"ဒီစီရင်ချက်နဲ့ပတ်သက်ပြီး ပြောစရာအထူးမရှိတော့ဘူး။ ဒီကာလမှာအသက်တွေပေးသွားကြရတာတွေ တပုံကြီးပါ။  လူတိုင်းလူတိုင်းက မိမိတို့ နိုင်ငံတာ၀န်ကိုထမ်းဆောင်ရင်း အသက်ပေးသွားကြတာချည်းပဲ။ ဘယ်သူမဆို မိမိတို့အသက်ကို ချစ်မြတ်နိုးကြသူတွေချည်းပါပဲ။ အလားတူမိမိတို့ချစ်မြတ်နိုးတဲ့ သူတစ်ဦးဦးကျဆုံးသွားပြီဆိုရင်လည်း စိတ်မကောင်းဘူးဆိုတာကလွဲလို့ ဘာမှမတတ်နိုင်ကြဘူး။ အလားတူ မိမိတို့အင်မတန်မှချစ်မြတ်နိုးရတဲ့ ကိုယ့်လေးစားရတဲ့တစ်ဦးတစ်ယောက် အထူးသဖြင့် ခုလိုမျိုးဆိုရင် ပိုဆိုးကြတယ် မလိုလားအပ်တဲ့ဒေါသတွေပေါ်ပေါက်လာတယ်။ အထူးသဖြင့် စစ်တပ်က အစဉ်ဆက်မှာ တိုင်းသူပြည်သား တိုင်းရင်းသားတွေကို သတ်ဖြတ်လာခဲ့တာ အခုခေတ်ကာလမှာ မျက်ဝါးထင်ထင်မြင်တွေ့လာတယ်။ မြို့ကြီးပေါ်တွေအထိဖြစ်လာတယ်။ ရွာတွေမီးရှို့ခံရတယ်။ သတ်ဖြတ်ခံရတဲ့ လူတိုင်းလူတိုင်းမှာလည်း တန်ဖိုးရှိကြတယ်။ ဒီလူလေးယောက်မှမဟုတ်ပါဘူး။ ဒီလူလေးယောက်တည်းကိုပဲကွက်မျက်တဲ့အပေါ်မှာ အခြားပေးဆပ်သူတွေကိုမလေးစားရာရောက်တာမို့ ဒီလေးယောက်တည်းအတွက်တော့အထူးပြောစရာမရှိပါဘူး။  ကမ္ဘာအသီးသီးကလည်း ၀မ်းနည်းပါကြောင်း   စိတ်မကောင်းပါကြောင်း  ရှုတ်ချပါတယ်ဆိုတာနဲ့ပြီးဆုံးသွားတာကလည်း  နှစ်ပေါင်းများစွာဖြစ်လာတယ်။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ လူတိုင်းသိတဲ့ဂျပန်သတင်းထောက်ကိုသူတ်လိုက်တဲ့ကိစ္စမှာ ၀မ်းနည်းပါကြောင်း   စိတ်မကောင်းပါကြောင်း  ရှုတ်ချပါတယ်ဆိုတာနဲ့ပြီးဆုံးသွားတယ်။ အလားတူ ကရင်နီမှာဖြစ်တဲ့  ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေ လူငယ်တွေ သတ်ဖြတ်ခံရ တာကိုလည်း ၀မ်းနည်းပါကြောင်း   စိတ်မကောင်းပါကြောင်း  ရှုတ်ချပါတယ်ဆိုတာပဲ နိုင်ငံတကာကလုပ်လာတာ ရိုးနေပါပြီ။ အဲဒီလိုပဲ  ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကျွန်တော်တို့ အလေးထားအားကိုးရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တကွ ပြည်သူလူထုရဲ့ ချစ်ခင်ရတဲ့ပုဂ္ဂိုလ်တွေ  တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားသည့်တိုင် မျိုးသုဉ်းသည့်တိုင်အောင်  ၀မ်းနည်းပါကြောင်း   ကမ္ဘာအရပ်ရပ်က စိတ်မကောင်းပါကြောင်း  ရှုတ်ချပါတယ်ဆိုတာနဲ့ပြီးဆုံးသွားတော့မှာလားလို့ မေးချင်တယ်။"

အလုပ်သမားအရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး

ဒီလိုတွေမရှိတာလည်းတော်တော်ကြာ ပြီ။ တော်တော်လေးကိုကြာခဲ့ပြီ။ ခုချိန်ကျမှဒါကိုတွေ့ရတယ်။ လက်ခံလို့လည်းမရဘူး။ ခုထိလည်းစိတ်ထဲမှာ ဒါကမဟုတ်ဘူးလို့ပဲထင်တယ်။ လက်မခံနိုင်တဲ့ကိစ္စပေါ့နော်။ ဒါကမဟုတ်ဘူး။တစ်ခုခုကြောင့် အပြင်ကိုထုတ်ပြောတာဖြစ်မယ်။  တနေရာရာမှာရှိနေမယ်လို့လည်း ယုံတယ်။ ရှေ့ဆက်ဒီလိုဖြစ်လာမှာကိုလည်း မလိုလားဘူး။  ပိုပြီးတင်းမာလာဖို့ရှိမယ်။ အကြပ်အတည်းကိုထွက်ပေါက်အနေနဲ့ယူလို့မရဘူး။  တစ်ဖက်ကိုအပေးအယူလုပ်ဖို့အတွက်များ လျှိုတာလား။ ခုက၂၀၂၁ဖေဖော်ဝါရီကစပြီး မဖြစ်ဘူးမလုပ်ဘူးလို့ ယူဆထားတာတွေကလုပ်နေတယ် ဖြစ်နေတယ်ဆိုတာတွေက ခုဆက်တိုက်ဆက်တိုက် ဖြစ်နေလုပ်နေတယ်။ အဲ့တော့ မဖြစ်ဘူးမလုပ်ဘူးလို့ ယူဆထားတာတွေကလုပ်နေ ဖြစ်နေတော့ ခန့်မှန်းရအရမ်းခက်တယ်။  နိုင်ငံကိုတကယ်ပြောင်းလဲချင်တယ် တိုးတက်ချင်တယ်ဆိုရင်တော့  ဒီလိုလုပ်တာမဟုတ်သေးဘူး။ ဒါကလုံး၀ကို ပိုပြီးတော့တင်းမာသွားမယ် ဝေးကွာသွားမယ်။ အမုန်းတွေပိုများသွားမယ်  သူသေကိုယ်သေတိုက်ကြရတော့ တဖက်ဖက်ကအပြီးသတ်အနိုင်တိုက်ပွဲရဖို့တိုက်ရတော့မဲ့ အခင်းအကျင်းလို့မြင်တယ်။"

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး 


"ဒီကိစ္စကတော့ ပြည်သူအများစုက အားကိုးရတဲ့အလေးထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်  ပြည်သူအားလုံး အတော်လေးကိုစိတ်ထိခိုက်ရပါတယ်။ ဒီအပေါ်မှာ ငြိမ်းခါနီးမီးစဟာ ဟုန်းကနဲတောက်တတ်တယ်လို့မြင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တုံ့ပြန်လာမဲ့လက်စားချေမှုဟာလည်း သူတို့တင်မကဘဲ  သူတို့ရဲ့မိသားစု၀င်တွေအထိပါ ခံရလိမ့်မယ်လို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ အငြိုးကြီးတတ်လို့ပါပဲ။ ရှေ့ဆက်ပိုဆိုးလာနိုင်ပါတယ်။"

ဓါတ်ပုံ-  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် နှင့် ကို အောင်သူရဇော် တို့ သေဒဏ်စီရင်ခံရသူလေးဦး အား  စစ်ကောင်စီမှ ကွပ်မျက်မှု အပေါ်  ဇူလိုင် ၂၆ ရက်နေ့က ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက်မြန်မာများဆန္ဒပြစဉ်။

 


Related posts

Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ
Feb 14, 2024
Cover
စစ်မှုထမ်းဥပဒေ‌ကြောင့် ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များ စိတ်ပူပန်နေ
Feb 11, 2024