NEWS

သွေးစွန်းငွေ ဖြတ်တောက်လိုသူများ (သို့ )Blood Money Campaign

CoverLogo
1.2K Views

စစ်အုပ်စုဆီကိုရောက်ရှိနေတဲ့ သွေးစွန်းငွေတွေကို ဘယ်သူတွေက ဖြတ်တောက် ချင်တာပါလဲ? ဘာအတွက်လဲ? ဘာကြောင့်ဖြတ်ဖို့လိုနေတာလဲ ဆိုတာကို Blood Money Campaign ရဲ့ တာဝန်ရှိသူတဦးကို MLN မေးမြန်းထားပါတယ်။

  • Blood Money Campaign (သွေးစွန်းငွေ) ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။

"ကျွန်တော်တို့ ဒီ Blood Money Campaign ကပေါ့နော်၊ ဒီ ရာဇဝတ်သား စစ်အုပ်စုရဲ့ စီးပွားရေးကဏ္ဍတွေကို ဦးတည်တိုက်ခိုက်တယ်၊ အာဏာရှင်စနစ်ကို လည်ပတ်ပေးနေတဲ့ ဒီ စစ်တပ်စီးပွားရေး ငွေကြေး ဒေါက်တိုင်တွေကို အဓိက ဖြတ်တောက်ဖို့ ဖြစ်တယ်ပေါ့နော်၊ စစ်တပ် ယန္တရားတစ်ခုလုံးကို လည်ပတ်ပေးနေတဲ့ နိုင်ငံခြားဝင်ငွေဟာဆိုရင် ဒီ MOGE ရဲ့ ရေနံဒေါ်လာငွေတွေ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီ MOGE ကို ဖြတ်တောက်ဖို့ အဓိက ရည်ရွယ်ထားတယ်၊ MOGE က ငွေတွေက ဒီ စစ်အုပ်စုက ဆိုလို့ရှိရင် လက်နက်မျိုးစုံတွေကို ဝယ်တယ်ပေါ့နော်၊နောက် ဗုံးကျဲ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ တခြား စစ်ရေးမှာအသုံးပြုတဲ့ နည်းပညာတွေကို ဒီ MOGE  က ငွေတွေနဲ့ပဲ ဝယ်တယ်၊ တဖက်မှာလည်း ဒီ စစ်တပ်အတွက် စစ်တပ်လစာတွေပေးတယ်၊ တခြား နယ်မြေရှင်းလင်းရေးမှာပြောတဲ့ အသုံးစားရိတ်တွေကိုလည်း ဒီ MOGEက ငွေတွေနဲ့ ပေးနေတယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီ MOGEက ငွေတွေနဲ့ သုံးပြီးတော့ ဒီ စစ်အုပ်စုဟာဆိုလို့ရှိရင် မြန်မာပြည် တဝှမ်းပေါ့နော်၊ တောင်တန်းပြည်မ၊ ဒီ တိုင်းရင်းသားဒေသ အားလုံးကို နှစ်ပေါင်းများစွာ အကြမ်းဖက်ခဲ့တာ ဖြစ်တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ ဒီ BMC ကနေပြီးတော့ ဒီ စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုပ်မှုတွေ၊ အခုလို အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ လိုနေတဲ့ လက်နက်တွေ ဝယ်တယ်၊ နောက် အာဏာရူးတွေကို ဆက်ပြီးတော့ အသက်ရှင်သန် နေထိုင်ဖို့ ပေးနေတဲ့ အောက်ဆီဂျင်တွေကို ဖြတ်တောက်ပြီးတော့ အဓိက ဒီ စစ်တပ်ရဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာ ဖြစ်တယ်၊ နောက်တစ်ခုကတော့ ဒီ မြန်မာပြည်မှာ ဒီ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားစေဖို့ ရည်ရွယ်ပါတယ်။"

  • Blood Money Campaign (သွေးစွန်းငွေ)ကို ဘယ်လိုလူတွေ ဦးဆောင်နေတာလဲ၊ ဘယ် အဖွဲ့အစည်းတွေပါဝင်လဲ၊ သူတို့ရဲ့ ခိုင်မာတဲ့ ဦးတည်ချက်တွေက ဘာတွေပါလဲ။

"ကျွန်တော်တို့ ဒီ BMC ကို နောက်ခံမတူညီတဲ့ လူငယ်တွေကနေပြီးတော့ ဦးဆောင်လှုပ်ရှားတာတွေရှိတယ်၊ တဖက်မှာလည်း တခြားအဖွဲ့အစည်းတွေက နေပြီးတော့ ဒီ Alliance ပုံစံ မဟာမိတ်ဖွဲ့ပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်၊ အားလုံးပါဝင်တဲ့ခါမှာလည်း ဒီအဖွဲ့အစည်းတွေအကုန်လုံးရဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒီ စစ်တပ်ယန္တရား လည်ပတ်နေတဲ့ ငွေကြေးဒေါက်တိုင်ကို ဖြိုဖျက်ဖို့၊ဒီ မြန်မာ့နိုင်ငံရေးကနေပြီးတော့ ဒီ  စစ်တပ်ကို အပြီးတိုင် ဖယ်ထုတ်နိုင်ဖို့ရယ်၊ နောက် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲကို ပြန်လည်ရရှိပြီးတော့ ဒီ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့၊ ဒါတွေက ကျွန်တော်တို့ အားလုံးရဲ့ ခိုင်မာတဲ့ ဦးတည်ချက်ဖြစ်တယ်ပေါ့နော်၊ နောက်တစ်ခုက ဒီ BMC ရဲ့ အဓိက မျှော်မှန်းချက်ကတော့ ကျွန်တော်တို့ ဒီ စစ်တပ်လုပ်ငန်းတွေကို အပြီးတိုင်ဖျက်သိမ်းပြီးတော့ ဒီ ပြည်သူတွေကို ပြန်လည်ခွဲဝေတဲ့အခါမှာ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်အတိုင်း  ပြည်သူတွေရဲ့ ဆန္ဒတွေ၊ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ဆန္ဒတွေ အတိုင်း ဒီ သဘာဝ သယံဇာတ လုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်ဖို့ဖြစ်တယ်၊ နောက်တစ်ခုက ဒီ အခု BMC လှုပ်ရှားမှုမှာ ဆိုလို့ရှိရင်ပေါ့နော်၊ နောက်ခံ မတူညီတဲ့ အင်အားစုက လူငယ်တွေ အဓိက ဦးဆောင်တယ်၊ နောက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ နောက် တခြားငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒီ မသန်စွမ်းတွေ၊ သုတေသနတွေ၊ အိုင်တီ နည်းပညာ ဒီ ရပ်ဝန်းအကုန်လုံးနီးပါးက အင်အားတွေနဲ့ ဖွဲ့စည်းထားတယ်၊ အကုန်လုံးရဲ့ ဦးတည်ချက်ကလည်း ဒီ စစ်တပ်ဒေါက်တိုင် စီးပွားရေးကို ပိတ်ဆို့ ရပ်တန့်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်ပေါ့နော်၊ အခုလိုပေါ့နော် ဒီ မြန်မာပြည်တွင်းက စစ်အာဏာရှင် ကျဆုံးရေးကဏ္ဍ အသီးသီးကနေ ပါဝင်နေတဲ့ မြေပြင်သပိတ်ကော်မတီတွေ၊ အခြား သမဂ္ဂအဖွဲ့တွေ၊ ဒီ အရပ်ဘက်အဖွဲ့အစည်းတွေသာမကပဲ ပြည်ပအနေနဲ့ဆိုလို့ရှိရင်လည်း GMSR တို့ ဒီ C.R.P.H Support Group တို့ နိုင်ငံတကာ သပိတ်အဖွဲ့အစည်းတွေ၊ နောက် ဒီ မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဒီ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပြီးတော့ မဟာမိတ် လှုပ်ရှားနေတာရှိတယ်၊ ဒီဘက်မှာဆိုရင် သုတေသနအဖွဲ့တွေ၊ သဘာဝသယံဇာတနယ်ပယ်ကနေပြီးတော့ ကျွမ်းကျင် ပညာရှင်တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင် နေပါတယ်။"

  •  ဒီ Campaign ကို ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိပြီလဲ။

"ကျွန်တော်တို့ ဒီ BMC ကတော့ ပြည်သူ့အားနဲ့ လုပ်တာပေါ့နော်၊BMC အနေနဲ့ ဒီ ကမ်ပိန်းတွေ လုပ်တဲ့အခါမှာ ဒီ ပြည်သူလူထုရဲ့အထောက်အပံ့တွေ ပြည်သူလူထုရဲ့ အင်အားတွေ၊ ပြည်သူလူထုရဲ့ အသံတွေနဲ့ အဓိက လုပ်ဆောင်ရတာ ဖြစ်တယ်ပေါ့နော်၊ အရှေ့မှာ လုပ်ခဲ့တဲ့ ဒီ EU Sanction MOGE တို့ တယ်လီနော ရောင်းဝယ်ရေးကို ရပ်တန့်စေဖို့ ဒါတွေ လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံတွေ၊ ပြည်သူတွေရဲ့ အင်အားတွေကြောင့် အောင်မြင်မှုတွေ များစွာရရှိခဲ့တယ်ပေါ့နော်။"

  • စစ်အုပ်စုကို ထိရောက်အောင် ဟန့်တား လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေ ဘယ်နှစ်ခုလောက်ရှိပြီလဲ။ရှိခဲ့တာတွေကို ရှင်းပြပေးစေလိုပါတယ်။

"အဓိကကတော့ ကျွန်တော်တို့ ဒီ ကမ်ပိန်းလုပ်တာကတော့နော် စစ်တပ်ရဲ့ ဒေါ်လာတွင်းဖြစ်တဲ့ MOGE ငွေကြေးဖြတ်တောက်ဖို့ကို ဦးတည်ခဲ့တယ်၊ ဒါကြောင့်မို့လို့လည်း MOGE နဲ့ တွဲလုပ်နေတဲ့ ကုမ္ပဏီတွေကို ဒီ မြန်မာပြည်မှာ ဖြစ်နေတဲ့၊ ပြင်းထန်နေတဲ့ ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမဆန်တဲ့ကြမ်းကြုတ်မှုတွေ၊ရာဇဝတ်မှုတွေ ဒါတွေကို တောက်လျှောက် Hight Light ထားပြီးတော့ ဒီ စစ်တပ်ကို ပိုက်ဆံမလွှဲဖို့ တောက်လျှောက် တောင်း‌ဆိုနေတယ်ပေါ့နော်၊ အခု ၂၀၂၁၊ ၁၀လပိုင်းမှာ ဆိုလို့ရှိရင် Global Called ခေါ်တယ် ၊ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အပြီးမှာ ဒီ Total ကနေပြီးတော့ပေါ့နော်၊ သူ့ရဲ့ ရှယ်ယာရှင်အုပ်စု ၃၅ စုရဲ့ ဖိအားပေးမှုကိုပြန်ရင်ဆိုင်ခဲ့ရတယ်၊ နောက် မီဒီယာတွေကနေပြီးတော့လည်း တောက်လျှောက် မေးခွန်းတွေ ပြန်ရှိလာတယ်၊ ဒီလိုနဲ့ Total က ထွက်ခွာမယ်ဆိုတဲ့ ကြေညာမှုတွေ ရှိလာတဲ့နောက်မှာတော့ ကျွန်တော်တို့ ဒီ Woodside တို့၊ Petronas တို့၊ Mitsubishi တခြား ENEOS တို့ ဒီလို ရေနံကုမ္ပဏီတွေကလည်း ထွက်ခွာလာ‌တာပေါ့နော်၊ ဒါကတော့စစ်အုပ်စုရဲ့ မြန်မာပြည်မှာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို လုပ်ဆောင်နေတယ်ဆိုတာလည်းသက်သေ တစ်ခုဖြစ်တယ်၊ နောက် နိုင်ငံရေးအရလည်း အားသာချက်တွေရှိလာတယ်၊ စစ်အုပ်စုကို တရားမဝင်ဘူးဆိုတာလည်း ပိုပြီးတော့ ခိုင်မာလာတယ်ပေါ့နော်၊ နောက်တစ်ခုကတော့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲပေါ့၊ ဒါကတော့ ၁၉၈၈ မှာ ဒီ စစ်တပ်ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့တယ်၊ ဒါပေမယ့် ဒီ MOGE ကိုတော့ ဒီ EU တို့ရော US တို့ရောက ပိတ်ဆို့မှုကို ချန်လှပ်ခဲ့တယ်၊ အခု ၂၀၂၂ ဖေဖော်ဝါရီ ၂၁မှာတော့ ဒီ EU က ဒီ MOGEကို Sanction ပိတ်ဆို့ အရေးယူမှုလုပ်လိုက်တယ်၊ ဒါကတော့ ဒီ မအလတို့ စစ်အုပ်စု အတွက်ကို အရှိုက်ထိတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း ဒီ MOGE အနေနဲ့တော့ ငွေကြေးလည်ပတ်မှုရှိနေသေးတယ်၊ ဒါကိုတော့ ကျွန်တော်တို့က ဆက်ပြီးတော့ ငွေကြေးရပ်တန့်စေဖို့ တောင်းဆိုနေတာတွေရှိတယ်၊ ဒါကြောင့်မို့လို့လည်း ပြည်သူတွေရဲ့ အသံတွေ ထပ်မံလိုနေပါသေးတယ်။"

  • လတ်တလော မှာ စစ်အုပ်စုကို ဦးတည်ပြီး လုပ်ဆောင်နေတဲ့ အစီအစဉ်တွေက ဘာတွေလဲ။

"အဓိကကတော့ အခုလက်ရှိမှာ စောနက ပြောခဲ့သလိုပေါ့နော်၊ ဒီ MOGE က ဝင်ငွေတွေ မရပ်သေးတာကြောင့် လူထုကို ပိုပြီးတော့ သိဖို့အတွက် ဆိုရှယ်မီဒီယာတွေကနေပြီးတော့ အသိပေးတာတွေကို တောက်လျှောက်လုပ်ဆောင်နေတယ်ပေါ့နော်၊နောက်ပြီးတော့ ဒီ  မအလတို့ စစ်အုပ်စုကို လက်နက်ဝယ်ဖို့ စစ်တိုက်ဖို့ ဒေါ်လာတွေလည်းလိုတယ်ပေါ့နော်၊ဒါကြောင့်မို့လည်း ဒီ ဒေါ်လာရဖို့ဆိုတာလည်း ဒီ MOGE လမ်းကြောင်းတစ်ကြောင်းပဲရှိတော့ ဒါကို ဖြတ်တောက်ဖို့၊အခုဆိုရင် EUက Sanction ချပြီဖြစ်တဲ့အတွက် US  တို့ UK တို့ကလည်း Sanction ချဖို့ ကို MOGEကို ပစ်မှတ်ထား Sanction ချဖို့ကို အဓိက လှုံ့ဆော်နေတာတွေရှိတယ်၊အခု ဒီ လေးလပိုင်းကုန်လောက်မှာဆိုရင် USက နေပြီးတော့ MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ဖို့၊ဒီ ဘိုင်ဒင် အစိုးရကနေပြီးတော့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ဖို့ တောင်းဆိုမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်ပေါ့နော်၊ဒီလို လုပ်တဲ့ခါမှာလည်း ပြည်တွင်းပြည်ပ သပိတ်အင်အားစုများစွာရဲ့ အသံတွေ ဒီ လူထုရဲ့ အသံတွေ၊လှုံ့ဆော်မှုတွေ ဒါတွေနဲ့ ရှေ့ဆက်သွားရမှာ ဖြစ်တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ အခုလက်ရှိမှာ ဆိုလို့ရှိရင်တော့ တွေ့ဆုံနေကြတဲ့ အဖွဲ့အစည်းတွေအားလုံးလည်း တွေ့ဆုံပြီးတော့ ဒီဟာကို ရှေ့ဆက်သွားနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်ပေါ့နော်။"

  • မြန်မာ့ စစ်အုပ်စုကို အဓိက အထောက်အကူဖြစ် ဝင်ငွေရစေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အရေးယူ ပိတ်ဆို့ဖို့ လုပ်ဆောင်ခဲ့ကြတဲ့ အခြေအနေကရော ဘယ်လို အနေအထားကို ရောက်ရှိနေပါသလဲ။ဘာတွေ ဆက်လုပ်ဖို့လိုအပ်နေပါသေးသလဲ။

"အခုကတော့ ဒီ ပြီးခဲ့တဲ့ ၂၂၊ဖေဖော်ဝါရီ ၂၁မှာတော့ EU က MOGE ကို ပိတ်ဆို့လိုက်တယ်၊ Sanction ချလိုက်တယ်ပေါ့နော်၊ဒီ မတိုင်ခင်မှာတော့ ဒီ Total တို့ Chevron တို့က မြန်မာပြည်ကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တယ်၊ ဒါပေမယ့်လည်း အခုချိန်မှာ Total သာ လျှင်ထွက်တယ်၊ Chevron က ကျန်နေသေးတယ်ပေါ့နော်၊ဒါကြောင့်မို့လို့လည်း Total က ထွက်ခွာပေမယ့်လည်း EU, Sanction မှာ ပါလာတဲ့ ကင်းလွတ်ခွင့်နှစ်ချက်ရှိနေတယ်ပေါ့နော်၊ ဒီ ကင်းလွတ်ခွင့်နှစ်ချက်က မထွက်ခွာခင် ခြောက်လမှာ ကျန်နေတဲ့ ငွေကြေးတွေကို ဒီ MOGE ကို ပေးလိုက်တယ်၊ စစ်အုပ်စုကို  ပေးလို့ရတယ်ဆိုတဲ့ ပုံစံတွေဖြစ်နေတဲ့အတွက် ဒါကြောင့်မို့ဒီ ငွေကြေးတွေကို မပေးဖို့ ကျွန်တော်တို့က ဆက်လက်တောင်းဆိုနေတာဖြစ်တယ်၊ နောက်တစ်ခုကကျတော့ ဒီ Total ရဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ထွက်ခွာမှုမျိုး ဖြစ်ဖို့ဆိုတာက ဒီ Total အနေနဲ့ NUGနဲ့ တွေ့ဆုံ ပြီးတော့ ဆွေးနွေးဖို့ အဓိက လိုတယ်ပေါ့နော်၊တဖက်မှာလည်း ဒီ EU က ပိတ်ဆို့မှုတွေ တကယ် အကျိုး သက်ရောက်ဖို့ဆိုတာကလည်း NUG က ဒီ ပြင်သစ်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းဖို့လိုတယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ပါလာတဲ့ ကင်းလွတ်ခွင့်နှစ်ချက်က ပြင်သစ်နိုင်ငံကနေ ချမှတ်လို့ရတဲ့ အခွင့်အရေး ဖြစ်နေတော့ ဒီ NUG အနေနဲ့ ပြင်သစ်အစိုးရနဲ့ အဓိက တွေ့ဆုံဖို့လိုတယ်ပေါ့နော်၊နောက်တစ်ခုကတော့ ဒီ BMC ကတော့ MOGE ဒေါ်လာဝင်လမ်းကို ဖြတ်တောက်ဖို့၊ လူထုအသံတွေကို နည်းမျိုးစုံနဲ့တော့ ဆက်ထုတ်သွားမှာပေါ့နော်။"

  • Total Energies နဲ့ Chevron တို့ရဲ့ အလှည့်အပြောင်းတွေက စစ်အုပ်စုကို အမှန်တကယ် အထိနာစေနိုင်ပါသလား၊ လှည့်ကွက်တစ်ခုလို့ပဲ မြင်ပါသလား။

"Total တို့ Chevron တို့ဆိုတာတော့ ပြောရမယ်ဆို အရင်းရှင် စီးပွားရေး ဆန်တယ်ပေါ့နော် ၊ဒါကြောင့်မို့လည်း အရင်းရှင် စီးပွားရေးဆန်တဲ့ ဒီ စီးပွားရေးသမားတွေက သူတို့ အကျိုး မဆုတ်ယုတ်အောင် လုပ်တာတွေပေါ့နော်၊ ဒါကြောင့်မို့လည်း သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ပြီးတော့ ဒီ ပြည်သူကို နားလှည့်ပါးရိုက်ပုံစံတွေနဲ့ လုပ်ကြတယ်၊ အခုဆိုရင် ဒီ Totalက ထွက်ခွာသွားပေမယ့် သူရဲ့  ကျန်ခဲ့တဲ့ ရှယ်ယာတွေကို ကျန်နေတဲ့ Chevron တို့၊ PTTEP၊ MOGE ဒီ စတဲ့ ရေနံ ကုမ္ပဏီတွေက ခွဲယူလိုက်ကြတယ်၊ ဒါကြောင့်မို့လို့လည်း ဒီ စစ်အုပ်စုဆီကို အကြမ်းဖက်ဖို့၊နောက်ထပ် လူ့အခွင့်အရေးတွေ ထပ်ပြီး ချိုးဖောက်ဖို့ ငွေကြေးပေးနေသလိုဖြစ်တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့လည်း ဒီ ငွေကြေးပေးနေမှုတွေကို ရပ်တန့်အောင်လို့ ဖိအားပေးတောင်းဆိုမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေတာ ဖြစ်တယ်ပေါ့နော်။"

  • ပြည်ပက ဖိအားပေးနိုင်မှု အတိုင်းအတာတွေကရော ဘယ်လောက်ထိ အရေးပါထိရောက်နိုင်သလဲ၊ စစ်အုပ်စုကို ငွေကြေးထောက်ပံ့နိုင်မှု ဖြတ်တောက်ဖို့ ပြည်ပက လုပ်ဆောင်နေတာတွေဟာ အမှန်တကယ် ကူညီတဲ့ အနေအထားမှာရှိပါရဲ့လား။

"ပြည်ပရောက် အဖွဲ့အစည်းတွေပေါ့နော်၊ ပြည်ပရောက် မြန်မာတွေ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေက ဆိုလို့ရှိရင် ဒီ BMC Campaign လုပ်တဲ့အခါမှာလည်း အားတက်သရော ကူညီတာတွေရှိတယ်ပေါ့နော်၊ တချို့နိုင်ငံတွေမှာဆိုရင် အပတ်စဉ် ဆန္ဒထုတ်ဖော်တာတွေရှိတယ်၊ တချို့နိုင်ငံတွေမှာဆိုရင် လစဉ် ဆန္ဒထုတ်ဖော်တာတွေရှိတယ်၊ ဒီလို ဆန္ဒထုတ်ဖော်တဲ့အခါမှာလည်း ဒီ MOGEကို ပိတ်ဆို့ အရေးယူဖို့ ၊ ဒီ စစ်အုပ်စုကို ဖိအားပေးဖို့ ၊ နောက် လူသားချင်းစာနာထောက်ထားဖို့ စတဲ့ တောင်းဆိုမှုတွေကို ပြုလုပ်နေတာဖြစ်တယ်ပေါ့နော်၊ ဆိုတော့ ဒီ ပြည်ပက ဖိအားပေးမှုတွေကြောင့်၊နောက်တစ်ခုက ဒီ ပြည်တွင်းက ဖိအားပေးမှုတွေကြောင့် ဒီလိုမျိုး ပြည်တွင်းပြည်ပ အားနဲ့သာလျှင် ဖိအားပေးမှုတွေကြောင့် အခုလို စစ်တပ်ကို နိုင်ငံတကာရဲ့ဖိအားတွေ များစွာ ကျရောက်နေတာပေါ့နော်၊ အရှေ့မှာလည်း ဒီ စစ်တပ်က အဲ့လို ဖိအားပေးမှုတွေကြောင့် ဒီ စစ်တပ်နဲ့  အလုပ်မလုပ်တော့ပါဘူးဆိုပြီး ထွက်ခွာကြတာတွေရှိတယ်၊ နောက် ဒီ EUက အရေးယူပိတ်ဆို့တာတွေ လုပ်တယ်၊ ဒါတွေကလည်း ဒီ စစ်အုပ်စုကို ငွေကြေးဖြတ်တောက်တဲ့အခါမှာ အမှန်တကယ် အရေးပါ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်ပေါ့နော်၊ ကျွန်တော်တို့ ဒီ BMCအနေနဲ့ ဆိုလို့ရှိရင်လည်း ပြည်သူတစ်ဦးတစ်ယောက်ချင်း ပါဝင်လို့ရနိုင်တဲ့ အွန်လိုင်းကနေ ဒီ petition ဆိုတဲ့ လက်မှတ်ထိုးတဲ့ အရာတွေကို ပြုလုပ်တယ်၊ တခြား ဒီဘက်မှာ Digital Strike တွေနဲ့လည်း ကျွန်တော်တို့ တောင်းဆိုတာတွေရှိတယ်၊ မြေပြင်သပိတ်တွေမှာလည်း ကျွန်တော်တို့ မြေပြင်သပိတ် ရဲ့ လူထု အသံတွေနဲ့ စုပြီးတော့ ဒါကို အတူတူလုပ်ဆောင်ကြလို့သာလျှင် အခုလို အကျိုးရလာဒ်တွေ ရရှိလာတာပေါ့နော်။"

  • စစ်အုပ်စုကို ပံ့ပိုးနေတဲ့ အဓိကလုပ်ငန်းတွေက ဘာတွေရှိသေးလဲ၊ ဒါတွေကို ဖြတ်တောက်နိုင်ဖို့ ပြည်သူတွေ ဘယ်လောက်ထိ ပူးပေါင်းဖို့လိုသေးသလဲ။

"အဓိကကတော့ ဒီ စစ်အုပ်စုကပေါ့နော်၊ ၁၉၈၈ အာဏာသိမ်းပြီးထဲမှာ ဒီ မြန်မာပြည်ကနေပြီးတော့ ရှိတဲ့ တွင်းထွက် သဘာဝ ပစ္စည်းတွေကို သူတို့ရဲ့ စိတ်ကြိုက် ရောင်းဝယ်  ဖောက်ကားပြီးတော့ သူတို့ တကိုယ်ရည်အတွက် သုံးနေတာပေါ့နော်၊ ပြည်ပထုတ်ကုန်တွေမှာဆိုလို့ရှိရင် ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေရှိတယ်၊ကျောက်မျက်ရတနာလုပ်ငန်းတွေ၊ နောက် သစ်တောထွက် ပစ္စည်းတွေရှိတယ်၊ နောက် သတ္ထု တွင်းထွက် ပစ္စည်းတွေရှိတယ်၊ ဒါတွေက အဓိက စစ်တပ်ကိုထောက်ပံ့နေတာတွေ ဖြစ်တယ်ပေါ့နော်၊ ဒီက ရတဲ့ပိုက်ဆံတွေနဲ့ သူတို့က စစ်တပ်ကို တည်ဆောက်တယ်၊နောက် အထက်ပိုင်းမှာ ရှိတဲ့ အရာရှိ မိသားစုတွေ ကြီးပွားဖို့ ဒီ ငွေတွေနဲ့ပဲ သုံးနေတာ ဖြစ်တယ်ပေါ့နော်၊ နောက် ပြည်တွင်းမှာဆိုလို့ရှိရင် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ ဘီယာတွေ အရက်တွေ၊ နောက် မိုင်တဲလ် ဆင်းမ်ကဒ်တို့ တခြား အသုံးအဆောင်ပစ္စည်းတွေရှိတယ်၊နောက် လုပ်ငန်းကြီးတွေရှိတယ်၊ နောက် ဦးပိုင်းကုမ္ပဏီတွေ များစွာရှိတယ်ပေါ့နော်၊ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ပေါ့နော် စစ်တပ်က မှီခိုနေတဲ့ ကဏ္ဍတွေကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုနေရမှာ ဖြစ်သလို ဒီ  နိုင်ငံတကာကုမ္ပဏီတွေက ဒီ စစ်တပ်ထိမ်းချုပ်ထားတဲ့ အကောင့်တွေထဲကို ငွေမလွှဲဖို့ ၊နောက်တစ်ခုက စစ်အုပ်စုနဲ့ အလုပ်တွဲမလုပ်ဖို့ ဒါတွေကို တောင်းဆိုရမှာ ဖြစ်သလို ဒီ လူထု ကိုယ်တိုင်ကလည်း ပြည်တွင်း Sanction တွေကို ပြုလုပ်ရမှာ ဖြစ်တယ်ပေါ့နော်၊  အခုပြောခဲ့တဲ့ စောနက ပြည်တွင်းရဲ့ စစ်အုပ်စု လုပ်ငန်းတွေဟာဆိုရင် စစ်တပ်လက်ထဲကို တစိမ့်စိမ့်ရောက်နေတဲ့ ငွေကြေးတွေဖြစ်တယ်၊ဒါကြောင့်မို့ ဒီ ပြည်တွင်းကနေပြီးတော့ စစ်တပ် ထုတ်ကုန်တွေကို လုံးဝမသုံးစွဲကြပဲနဲ့ boycott လုပ်လိုက်လို့ရှိရင်တောင် ဒါ ပြည်တွင်း Sanctionကို ပိုပြီးတော့ ထိရောက်မှာ ဖြစ်တယ်ပေါ့နော်၊ဒီလို ပြည်တွင်း Sanctionကို ထိရောက်ဖို့ဆိုလို့ရှိရင်လည်း ကျွန်တော်တို့  ပြည်တွင်းက လူထု အားလုံးက ပူးပေါင်းပါဝင်ဖို့ ပိုပြီးတော့ အရေးကြီးတယ်ပေါ့နော်၊အခုဆိုလို့ရှိရင် ကျွန်တော်တို့ လူငယ်တွေ၊ကလေးတွေ နေ့စဉ် သတ်ဖြတ်နေတာ၊ဒါတွေဟာဆိုလို့ရှိရင် စစ်အုပ်စုက ငွေကြေးရရှိနေလို့ သတ်ဖြတ်နေတာ ဖြစ်တယ်၊ဒါကြောင့်မို့လို့ ပြည်တွင်းမှာရှိတဲ့လူထုအင်အားနဲ့ ပေါင်းပြီးတော့ ဒီ ပြည်တွင်းက စစ်အုပ်စုဆီ ငွေကြေးရောက်နေတဲ့ လုပ်ငန်းမှန်သမျှကို boycottလုပ်ပြီးတော့ ဖြတ်တောက်ဖို့ လိုတယ်ပေါ့နော်။"  

  • ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသေးလဲ။

"ရှေ့ဆက်ပြီးတော့တော့ ကျွန်တော်တို့ ဒီ လေးလပိုင်းထဲမှာ Global Call ခေါ်ဖို့ ဆက်ပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်၊အဓိကကတော့ ဒီ စစ်တပ်ဒေါက်တိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာပဲ ဖြစ်ပါတယ်။"

  • Blood Money Campaign က ဘယ်အထိ ဆက်သွားမှာလဲ။ပြည်သူတွေ ပိုမိုပူးပေါင်းကြဖို့ ဘာပြောချင်ပါသလဲ။

"ကျွန်တော်တို့  BMC ကတော့ အစကတည်းက ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ စစ်တပ်က ပြည်သူအပေါ်  အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ် နိုင်ဖို့ ဝင်ငွေရ လမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမယ်၊ မြန်မာပြည်မှာ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်ပေါ့နော်၊ဒီ BMC က ခေါ်တဲ့ Campaign တွေမှာလည်း ပါဝင်ပေးကြပါ။ ပြည်သူတွေရဲ့ ပါဝင်မှုကို အားယူပြီးတော့ ကျွန်တော်တို့က ပြည်ပအစိုးရတွေ၊နိုင်ငံတကာ ကုမ္ပဏီတွေကို ဖိအားပေးရတာပေါ့၊ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ အွန်လိုင်း ဆန္ဒပြပွဲတွေ ၊ဒီ ဖေ့စ်ဘုတ်တို့ တွစ်တာတို့မှာ ကွန်းမန့်သွားရေးတဲ့ လှုပ်ရှား‌မှုတွေ ၊ Petition လက်မှတ်ထိုးတဲ့အခါတွေမှာလည်း ဒီ ပြည်သူတွေရဲ့ အား နဲ့ ပူးပေါင်းပါဝင်ကြဖို့  ပြောချင်ပါတယ်။"

  • ဖြည့်စွက် ပြောလိုတာရှိပါသေးသလား။

"အဓိကကတော့ BMCက ပြည်သူအားကို အားကိုးရတာ ဖြစ်တဲ့အတွက်ပေါ့နော်၊ ဒီ ပြည်သူလူထုအနေနဲ့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊နောက် လူ့အခွင့်အရေး များစွာ ချိုးဖောက်ခံနေရတဲ့  ထောင်တွင်းရဲဘော်တွေပေါ့နော်၊နောက် ဒီ လက်ရှိမှာ ဆက်လက်ပြီးတော့ အသက်ပေးတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေ ၊ဒါတွေ အားလုံးအတွက်ကို ပြည်သူလူထုက သွေးမအေးပဲပေါ့နော်၊အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းချင်ပါတယ်။"

 


Related posts

Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ
Feb 14, 2024
Cover
စစ်မှုထမ်းဥပဒေ‌ကြောင့် ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များ စိတ်ပူပန်နေ
Feb 11, 2024
Cover
ကိုရီးယား ရာသီချိန်လုပ်သားအလုပ် ရမယ် ပြောဆိုပြီး သိန်းချီလိမ်လည်
Feb 03, 2024
Cover
ကလေးလုပ်သား ပပျောက်ရေး ဝန်ကြီးဌာနတခုတည်း လုပ်ကိုင်၍ မရနိုင်၊ နိုင်ငံရေး တည်ငြိမ်ရန်အပ်
Jan 18, 2024